ဒေသခံပြည်သူခုနစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သော မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က နှိမ်နင်းရာတွင် လုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှု ရှိ မရှိ စုံစမ်းစစ်ဆေးမှု စတင်

ဒေသခံပြည်သူခုနစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သော မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က နှိမ်နင်းရာတွင် လုပ်ထုံးလုပ်နည်းနှင့်ညီညွတ်မှု ရှိ မရှိ စုံစမ်းစစ်ဆေးမှု စတင်
Published 21 January 2018

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လုံခြုံရေး တိုးမြှင့်ယူထားသည်ကို ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-သားရွှေဦး)

ဒေသခံပြည်သူခုနစ်ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သော မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က နှိမ်နင်းရာတွင် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှုရှိမရှိ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ဇန်နဝါရီ ၂၀ ရက်မှစ၍ မြောက်ဦးမြို့သို့ ထွက်ခွာသွားပြီဖြစ်ကြောင်းနှင့် အဓိကရုဏ်းနှိမ်နင်းရာတွင် ဥပဒေနှင့် ညီညွတ်မှုရှိမရှိ သက်သေသာဓက စုံလင်စွာဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြည်နယ်ဒုတိယရဲတပ် ဖွဲ့မှူးအဆင့်ရှိသူတစ်ဦး၊ ဒုတိယရဲမှူးကြီးအဆင့်ရှိသူတစ်ဦးနှင့် ရဲမှူးအဆင့်ရှိသူတစ်ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက “စုံစမ်းစစ်ဆေးရေး အဖွဲ့လည်း ဒီကနေ့ စတင်ထွက်ခွာသွားပါပြီ။ ကျွန်တော်တို့ဆီက ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါပါတယ်။ ဒုတိယရဲမှူးကြီးအဆင့်ရှိတဲ့ တစ်ယောက် ပါပါတယ်။ ရဲမှူးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက် ပါပါတယ်။ ဘာလို့လဲဆိုတော့ အဓိကရုဏ်း နှိမ်နင်းတဲ့အခါမှာ ဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ သက်သေသာဓကစုံလင်စွာနဲ့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုပါ မြောက်ဦးဖြစ်စဉ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၂၀ ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးပေါ်ပေါက်ချက်အရ တရားနည်းလမ်းတကျ ဆက်လက်ဆောင်ရွက်ရန်ရှိကြောင်း သိရသည်။

“အဲဒီဖြစ်စဉ်မှာလည်း ရဲတပ်ဖွဲ့ဝင်တွေကလည်း အယောက် ၂၀ ခန့် ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် ဒဏ်ရာရတာ ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အဓိကရုဏ်းနှိမ်နင်းတဲ့ နည်းလမ်းအတိုင်း အဆင့်ဆင့် ဆောင်ရွက်သွားသလဲဆိုတာကို စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်နေပါတယ်။ စစ်ဆေးပေါ်ပေါက်ချက်အရ တရားနည်းလမ်းတကျ ဆောင်ရွက်ခဲ့သလား၊ ဥပဒေမဲ့ ဆောင်ရွက်ခဲ့သလား။ ဒီအပေါ်မှာ မူတည်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောကြားသည်။

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်းနှင့် ညီညွတ်မှု ရှိ မရှိ စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

မြောက်ဦးဖြစ်စဉ်တွင် ရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဝေဖန်မှုများ ထွက်ပေါ်နေခြင်းနှင ပတ်သက်၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးက “မြောက်ဦးဖြစ်စဉ်ကို ပြန်ကြည့်မယ်ဆိုရင် ပထမ ညနေ ၆ နာရီမှာ နန်းတော်ရာကုန်းမှာ ဟောပြောပွဲ လုပ်မယ်ဆိုပြီးတော့ လူတွေက အားလုံးရောက်ရှိလာကြတယ်။ ဘေးမှာလည်း ရခိုင်ပြဇာတ်ပြဖို့အတွက်ကို ပြင်ဆင်ထားတယ်။ အဲဒီအချိန်မှာ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းတွေရဲ့ ခွင့်ပြုချက်မရလို့ ပွဲမလုပ်ဖြစ်ပါဘူး။ ရပ်လိုက်ပါတယ်ဆိုတဲ့ ကြေညာချက်ပြီးတဲ့နောက်မှာ ရုတ်တရက်ကြီး မီးပျက်သွားပါတယ်။ မထင်မှတ်ဘဲနဲ့ အဲဒီအုပ်စုဟာ အထဲထဲမှာတော့ ကြိုတင်လှုံ့ဆော်မှုရှိနိုင်တာပေါ့နော်။ စာပေဟောပြောပွဲ ပြုလုပ်ရရေးတို့ အရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရခိုင်ပြည်နယ် လွတ်မြောက်ရေး တို့အရေးဆိုတဲ့ ကြွေးကြော်သံတွေနဲ့ နန်းတော်ရာပေါ်က ဆင်းလာတယ်။ ဆင်းလာပြီးတော့ လူအုပ်စုက ၄၀၀၊ ၅၀၀၊ ၈၀၀၊ သောင်းဂဏန်းအထိ ဖြစ်သွားတယ်။ ရုတ်တရက် အဲဒီအချိန်မှာ မီးပျက်သွားတယ်။ ဟောပြောပွဲ အစီအစဉ်ပျက်ပါတယ်လို့ ကြေညာလိုက်တာနဲ့ တစ်ပြိုင်တည်းမှာ မီးပျက်သွားတယ်။ မြို့ကြီးက အမှောင်ကျသွားတယ်။ လူအုပ်ကြီးက အော်ဟစ်ပြီးတော့ ရန်ကုန်-စစ်တွေ ကားလမ်းမအတိုင်း ဆင်းလာတယ်။ ပြီးတော့မှ မြောက်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ရုံးကိုရောက်သွားတယ်။ ရောက်သွားပြီးမှ ပထမတော့ အော်ဟစ်ပြီးတော့ တောင်းဆိုတယ်။ အဲဒီအချိန်မှာ သက်ဆိုင်ရာတာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တရားဥပဒေစတဲ့ အရာရှိများက တရားဥပဒေနဲ့ ဆန့်ကျင်တဲ့ လူစုလူဝေးဖြစ်နေတယ်။ တရားဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ ကိုယ့်အိမ်ကိုယ်ပြန်ပါ အသံချဲ့စက်နဲ့ ကြေညာပါတယ်။ ကြေညာပြီး တဲ့နောက်မှာ လူအုပ်စုဟာ နောက်ကို မသွားဘဲနဲ့ ရှေ့ကိုတိုးလာတယ်။ ပိုဆိုးလာတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးရုံးရဲ့ ခြံတံခါးတွေကို ဖျက်ဆီးတယ်။ အထဲကို ရောက်တယ်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှာ ထောင်ထားတဲ့ နိုင်ငံတော်အလံကို ဖြုတ်ချတယ်။ ပြီးတော့ တခြားမသက်ဆိုင်တဲ့ အလံတစ်ခုကို လွှင့်တင်တယ်။ ပြီးတော့မှ ရုံးကိုစီးနင်းသိမ်းပိုက်တဲ့ အနေအထား ရောက်သွားတယ်။ ရုံးမှာရှိတဲ့ မော်တော်ယာဉ်တွေ၊ ဝန်ထမ်းတွေရဲ့ မော်တော်ဆိုင်ကယ်တွေ၊ ရုံးမှန်တံခါးတွေကို ဖျက်ဆီးတယ်။ ရဲတပ်ဖွဲ့က တရားဥပဒေနဲ့အညီပေါ့နော် အသံချ့ဲစက်နဲ့ ဟန့်တားပါတယ်။ မလုပ်ပါနဲ့။ ဒါတရားဥပဒေနဲ့ ဆန့်ကျင်နေပါတယ်။ အကြမ်းမဖက်ပါနဲ့။ အဲဒီအချိန်မှာပဲ။ ထိန်းသိမ်းတယ်။ ရဲတပ်ဖွဲ့ဝင်အင်အား အဲဒီမှာ ၃၀ ခန့်ပဲ ရှိပါတယ်။လာရောက်ဝိုင်းဝန်းပြီးတော့ အကြမ်းဖက်ပြုမူတဲ့လူအုပ်က တစ်သောင်းကျော်ပါတယ်။ အဲဒီအချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ တားနေတဲ့အချိန်မှာ လက်နက်ခဲယမ်းတွေကို ဝင်ရောက်လုယက်တဲ့ အနေအထားဖြစ်သွားတယ်။ မလွှဲမရှောင်သာဘဲနဲ့ မိုးပေါ် ထောင်ပစ်ရတာရှိတယ်။ ဘယ်လိုမှ လူအုပ်ကြီးက တိုးတိုးပြီးတော့မှ ဝင်ရောက်ပြီးတော့မှ ရဲတပ်ဖွဲ့ကို လုံးထွေးလာတဲ့အတွက် မလွှဲမရှောင်သာဘဲနဲ့ လုပ်လိုက်ရတဲ့ အနေအထားဖြစ်သွားရခြင်း ဖြစ်ပါတယ်။ တခြားနည်းလမ်းဆိုတဲ့အခါ ကျွန်တော်တို့ ဒါကနည်းလမ်းတကျ လုပ်တာပါ။ အသံချဲ့စက်နဲ့ အရင်ကြေညာတယ်ဆိုတာ အဓိကရုဏ်းနှိမ်နင်းတဲ့ လမ်းစဉ်အတိုင်းပဲ။ အဲဒီအချိန်မှာ ပြည်သူလူထုဟာ နောက်ဆုတ်ဖို့ပြောတယ်။ အဲဒီမှာ ၁၂ ဗို့ အဓိကရုဏ်း နှိမ်နင်းရေးလက်နက်နဲ့ ဒူးအောက်ပိုင်းကို စပစ်တယ်။ အဲဒီလို ပစ်နေရင်းကြားထဲကပဲ လူအုပ်က အတင်းဝါးလုံးထိုး ဝင်လာတဲ့အတွက် မလွှဲမရှောင်သာဘဲနဲ့ ဒီဖြစ်စဉ်ဖြစ်သွားရခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြောက်ဦး အဓိကရုဏ်းနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ရပ်ဖွဲ့စည်းကာ ဖြစ်စဉ်တစ်ရပ်လုံးတွင် ပါဝင်ပတ်သက်ခဲ့ကြသည့် အာဏာပိုင်အဖွဲ့များ၏ လုပ်ရပ်များသည် ဥပဒေနှင့်ညီ မညီ စစ်ဆေးဖော်ထုတ်ပြီး တာဝန်ရှိသူများအား အရေးယူပေးရန် ALD ပါတီကလည်း ကြေညာချက် ထုတ်ပြန်တိုက်တွန်းခဲ့သည်။

အလားတူ မြောက်ဦးအကြမ်းဖက်မှုနှင့်ပတ်သက်၍ အစိုးရမဟုတ်သော ပြင်ပပုဂ္ဂိုလ်များဖြင့် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရန် စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများကိုယ်စားပြု ကော်မတီက ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့သည်။

ဇန်နဝါရီ ၁၆ ရက်က မြောက်ဦးမြို့တွင် ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် ပြည်သူခုနစ်ဦး သေဆုံးပြီး ၁၂ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။

စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများ ကိုယ်စားပြုကော်မတီမှ ဦးသန်းထွန်းက “ဒီလောက်အင်အားသုံးရအောင်အထိ ကြီးကျယ်ခဲ့သလား။ ဒါမှမဟုတ်ရင်လည်း သူတို့ရဲ့ ခွင့်ပြုချက်ရတာ မရတာတိုနဲ့လည်း ဝိဝါဒတွေကွဲနေကြတယ်။ ရှေးသုက ခွင့်ပြုချက်ပေးတယ်။ တော်ကြာ မပေးတော့ဘူး။ ထွေအုပ်က ပေးတယ်။ ထွေအုပ်က မပေးတော့ဘူးစသဖြင့် အဲဒီလိုဟာမျိုးတွေက သံသယဖြစ်စရာတွေ၊ ဒွိဟပွားစရာဖြစ်လာတဲ့အခါ အဲဒီအချက်တွေ အကုန်လုံးကို ခြုံငုံသုံးသပ်နိုင်ဖို့အတွက် ဘက်လိုက်မှုကင်းတဲ့ တကယ်သမာသမတ်ရှိတဲ့ ပြင်ပပုဂ္ဂိုလ်တွေပါတဲ့ ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီးတော့မှ ဒီအဖြေကို တင်ပြမှသာလျှင် ဒီဟာတွေရဲ့အဖြေကို တိတိကျကျရနိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် ကျွန်တော်တို့ လူမှုအဖွဲ့အစည်းရဲ့ ကြေညာချက်ထဲမှာ အဲဒီပြင်ပပုဂ္ဂိုလ်များပါသော စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ ကြေညာချက်ထုတ်တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီက သဘောထားကြေညာချက် ထုတ်ပြန်ထားပြီး ယင်းနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က “ကျွန်မတို့ အချက်ငါးချက်ကို ထုတ်ပြန်ပေးထားပါတယ်။ မြောက်ဦးမြို့က ရခိုင့်ဘုရင့်နိုင်ငံ ကျရှုံးတဲ့ အောက်မေ့ဖွယ်အခမ်းအနား ကျင်းပဖို့ ဆောင်ရွက်တဲ့နေရာမှာ အဆင့်ဆင့်ဘယ်လို ဆောင်ရွက်ခဲ့တယ်ဆိုတာကို ကျွန်မတို့ လေ့လာစိစစ်ပြီးတော့ သုံးသပ်မယ်။ ဘယ်နေ့ကတည်းက ကြေညာထားလဲ။ ခွင့်ပြုချက်တွေက ဘယ်လိုရှိလဲ။ ပြုလုပ်မယ့် နန်းရာကုန်းနဲ့ ပတ်သက်ပြီး ခွင့်ပြုချက်ဘယ်လိုရှိခဲ့လဲ။ ဘယ်အချိန်ကျမှပဲ ရုပ်သိမ်းတာလဲ စသဖြင့်အဆင့်ဆင့် စိစစ်သွားမယ်။ ဒုတိယတစ်ချက်က အာဏာပိုင်တွေအနေနဲ့ ဒီကျင်းပရေးကော်မတီ ပိုင်းတွေမှာ အပြန်အလှန်ရည်ညွှန်းပြီးတော့ စာပို့တာရှိတယ်။ ဆိုတော့ ဒီဟာတွေရဲ့ အချက်အလက်တွေဟာ ဥပဒေမှာပြဋ္ဌာန်းတဲ့အတိုင်း အချိန်လုံလောက်ခဲ့သလား။ ကျွန်မတို့က လေ့လာစိစစ်သွားမယ်။ နောက်တစ်ခါ အဓိကရုဏ်းနှိမ်နင်းတဲ့အခါ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့သလားဆိုတာ စိစစ်လေ့လာသွားမယ်။ လက်တွေ့အနေအထားမှာ သတင်းထုတ်ပြန်ချက်တွေအရ ၁၀ ချက်လောက် ပစ်ခတ်တယ်ဆိုတာမျိုး သိထားတယ်။ ၁၀ ချက် ပစ်ခတ်ရတာဟာ အခု သေနတ်ဒဏ်ရာရပြီး သေတဲ့လူတွေ၊ မသေဘဲနဲ့ ဒဏ်ရာရပြီး ဆေးကုနေတဲ့လူတွေ၊ နောက် ဆေးမကုသရဲတဲ့လူတွေလည်း ရှိနေလိမ့်မယ်လို့ ကျွန်မတို့ယူဆတယ်။ သြင်္ဂိုဟ်ထားတဲ့ အလောင်းတွေမှာလည်း သေနတ်ဒဏ်ရာ မရတဲ့သူတွေ ရှိနေတယ်။ ကျွန်မတို့ ပါတီက လေ့လာထားချက်တွေအရ သိရတယ်။ ဒီအဆင့်တွေအပေါ်မှာ အလွန်အကျွံ အင်အားသုံးခဲ့တယ်။ အလွန်အကျွံဆိုတာကတော့ အဓိကရုဏ်းတွေကို နှိမ်နင်းရင် အဆင့်ဆင့် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ ဥပဒေလုပ်ထုံးလုပ်နည်းတွေမှာ အတိအကျပြဋ္ဌာန်းထားပြီး သားဖြစ်တယ်။ အဲဒါကိုဆောင်ရွက်ခဲ့သလား။ ဆိုတော့ ဒီနေ့လတ်တလော ကျွန်မတို့ မျက်မြင်အနေအထားအရတော့ အလွန်အကျွံ အင်အားကိုသုံးခဲ့တယ်လို့ ကျွန်မတို့ကတော့ သုံးသပ်တယ်။ ဒီအချက်တွေအပေါ်မှာ ဘယ်လိုအရေးယူဆောင်ရွက်မလဲဆိုတာက တစ်ချက်။ နောက်တစ်ချက်ကတော့ ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်တွေမှာ အသက်ဆုံးရှုံးသွားရသူတွေ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေ၊ ဒဏ်ရာရတဲ့ သူတွေထဲမှာလည်း ဘဝတစ်သက်တာလုံး လူလုံးမလှအောင် ဒုက္ခိတအဆင့်ကို ရောက်သွားမယ့်သူတွေလည်း ရှိတယ်။ ဆိုတော့ သေသွားသူတွေရဲ့ ကျန်ရစ်သူမိသားစု၊ ဒဏ်ရာရသူတွေ နဲ့ဆက်စပ်တဲ့ မိသားစုတွေအပေါ် အစိုးရက ဘယ်လိုစီမံဆောင်ရွက်ပေးမလဲ။ ဒီအချက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုဆောင်ရွက်သွားမလဲဆိုပြီး ကျွန်မတို့ သဘောထားထုတ်ပြန်ချက်ကို ထုတ်ရတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးသည့် ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားလုပ်ရခြင်းနှင့်ပတ်သက်၍ ဒေါ်အေးနုစိန်က “ဒါကတော့ ဒီအချုပ်အခြာအာဏာ ကျဆုံးတဲ့ဝမ်းနည်းဖွယ်အမှတ်တရ၊ အောက်မေ့ဖွယ် အမှတ်တရအခမ်းအနားတွေကို အုံးအုံးကြွက်ကြွက် ရခိုင်ပြည်တစ်ပြည်လုံး ရခိုင်အမျိုးသားတွေ ဆောင်ရွက်လာခဲ့တာက ကျွန်မတို့ နှစ်အတန်ကြာခဲ့ပါပြီ။ ကျွန်မတို့ဆိုရင် ဒီ ANP မဖြစ်ခင် RNDP ကတည်းက ဒီဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်စောင်ကို အကြောင်းပြုပြီး တိုင်ကြားရာက တစ်လက်စတည်း အဲဒီတုန်းက ပြည်ထောင်စု ကော်မရှင်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်တင်အေးက ကျွန်မတို့ကို အလျဉ်းသင့်ပြီးတော့ ဒါလုပ်မလားဆိုပြီးတော့ မေးတယ်။ ကျွန်မတို့ကလည်း လုပ်မယ့်အခြေအနေ အကုန်လုံးရှိနေပြီ။ ဂျာနယ်မှာလည်း မျက်နှာဖုံးတွေမှာလည်း ဖော်ပြပြီးတော့ ဖြန့်ဝေပြီးသားဖြစ်နေပြီ။ အဲဒါကို မလုပ်ပါနဲ့။ ဘာကြောင့်မလုပ်သင့်လဲဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဒို့တာဝန်အရေးသုံးပါးနဲ့ ငြိစွန်းတယ်ဆိုပြီးတော့ ကျွန်မတို့ ကိုတားတယ်။ အဲဒီလိုတားတဲ့အခါမှာ ဒေါက်တာအေးမောင်အပါအဝင် ဦးဘရှိန်၊ ဦးဇော်အေးမောင်၊ ဦးမြင့်နိုင်ရယ်၊ ကျွန်မရယ်ဆိုတော့ ကျွန်မတို့ အဆင့်ဆင့်ဖြေရှင်းတဲ့အခါ ကျွန်မကိုယ်တိုင်ပဲ ဖြေရှင်းခဲ့တယ်။ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီးတော့ ဒီအခမ်းအနားတွေကို လုပ်ကြတာပါ။ ဘာလို့လဲဆိုတော့ စည်းကမ်းတွေဖောက်ရင် ထီးနန်းတွေပါ ပျောက်ခဲ့ရတယ်ဆိုတဲ့ သတိသံဝေဂ၊ အသိဉာဏ်ပညာတွေဟာ ဒီလို အချုပ်အခြာအာ ဏာကျဆုံးတဲ့ အခမ်းအနားတွေကို လုပ်ပေးခြင်းအားဖြင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့တာဝန်ကို ထမ်းဆောင်နိုင်မှာ ဖြစ်တယ်။ နောက်တစ်ခါ သြော်ငါတို့ဟာ ပြည်တွင်း ပြည်ပ ဒီလိုရန်တွေနဲ့ အန္တရာယ်တွေနဲ့ အချုပ်အခြာအာဏာ ကျဆုံးသွားရမယ့် အနေအထားတွေဟာ ဘာစိတ်ဓာတ်တွေနဲ့ ထိန်းသိမ်းရမလဲ။ အမျိုးဂုဏ် ဇာတိဂုဏ် ရှင်သန်ထမြောက် ဖို့ရန်အတွက် ငါတို့ဟာ ထီးနဲ့၊ နန်းနဲ့၊ ကြငှာန်းနဲ့ ဒီလို အမျိုးသားနိုင်ငံတွေနဲ့ နေခဲ့တဲ့သူတွေ ပါလားဆိုတာကိုလည်း ဒီလိုအခမ်းအနားတွေ လုပ်ပေးမှ မျိုးဆက်သစ်တွေရဲ့ ရင်ထဲမှာ၊ ဦးနှောက်ထဲမှာ ဒီဇာတိသွေးဇာတိမာန်တွေဟာ တဖွားဖွား ပေါ်ပေါက်လာမှာ ဖြစ်တယ်။ အဲဒီတော့ ဒီပြည်ထောင်စုကြီးဟာ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုကြီးရယ်လို့ သတ်မှတ်ထားတဲ့အတွက် သီပေါဘုရင်ပါတော်မူသွားတဲ့ကိစ္စမှာ ဗမာတွေက လွမ်းသလို၊ မနုဟာနဲ့ပတ်သက်ရင် မွန်တွေကလွမ်းသလို၊ ရခိုင်တွေကလည်း မဟာသမ္မတရာဇာကို လွမ်းခွင့်ရှိတယ်ဆိုတာကို ပြမှပဲ။ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတွေနဲ့ တကယ်ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့ ပြည်ထောင်စုကြီးရဲ့သရုပ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒီလိုအခမ်းအနားမျိုးတွေ လုပ်သင့်ပါတယ်ဆိုပြီးတော့ ကျွန်မတို့က အကျယ်တဝင့်ပဲ ဗိုလ်ချုပ်တင်အေး ကော်မရှင် ဥက္ကဋ္ဌဆီမှာ တင်ပြခဲ့တဲ့အတွက် အဲဒီနှစ်ကတည်းက ကျွန်မတို့ ပါတီကလည်း စတိတ်မန့်တွေ ထုတ်ခဲ့ပါတယ်။ ဒီစာသားတွေပေါ်တဲ့အတိုင်း ထုတ်ခဲ့တယ်။ ဒီလိုပဲ တစ်စတစ်စနဲ့ ကျွန်မတို့က အမှတ်တရအောက်မေ့ဖွယ်ဝမ်း နည်းဖွယ်လုပ်ကြရတာပဲ။ ကျွန်မတို့တော် တော်လေးကို တွင်တွင်ကျယ်ကျယ် ဖြစ်လာပါပြီ။ အဲဒီလို အနေအထားမျိုးကိုလည်း ဒီနှစ်လုပ်မယ်။ မနှစ်ကလည်း ကျွန်မတို့ ကိုယ်တိုင်ပါဝင်ပြီး ပြောဖူးပါတယ်။ မီးရောင်စုံတွေ ထွန်းညှိထားကြတဲ့ နန်းရာကုန်းတော်ရဲ့ သရုပ်သ ကန်တွေပေါ့နော်။ ဆိုတော့ ဒီနှစ်လည်း ဒီလိုပဲ လုပ်မယ်ဆိုပြီးတော့ ကြိုတင်ပြီး ဗီနိုင်းတွေနဲ့ ကြေညာထားတယ်။ လုပ်မယ့်အနေအထားတွေလည်းရှိတယ်။ ဒါပေမဲ့ အကြောင်းကြောင်းတွေကြောင့် အနီးကပ် လုပ်ခွင့်မရနိုင်တော့ ဒီလိုနေ့မျိုးတွေမှာ ကြားချင်တဲ့၊ ဖြစ်ပေါ်ချင်တဲ့ ဇာတိသွေးဇာတိမာန်တွေ၊ အချုပ်အခြာအာဏာတွေ၊ ထီးနန်းတွေဟာ စည်းကမ်းတွေ ဖောက်တော့လည်း၊ မညီညွတ်တော့လည်း ဘယ်လိုဖြစ်ခဲ့ရတယ်ဆိုတာကို မျှော်လင့်ကြတဲ့ ပြည်သူတွေရဲ့ရင်ထဲကို ရုတ်တရက်ကြီး ခံစားမှုတွေ၊ ခံပြင်းမှုတွေဖြစ်စေပြီးတော့ ဒါက စပြီးတော့ဖြစ်တယ်လို့ ကျွန်မတို့ယူဆပါတယ်။ မလုပ်ရရင်လည်း အစကတည်းက မလုပ်ရတဲ့ အနေအထားတွေ၊ ဒီမြောက်ဦးမှာပဲ မလုပ်ရတာ။ ကျန်တဲ့နေရာတွေမှာ အေးအေးချမ်းချမ်း လုပ်နိုင်တဲ့ အခန်းကဏ္ဍတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ဆိုလည်း စာပေဟောပြောပွဲ ပြောတာဟာ နှစ်ပေါင်း ၃၀ ကျော်လာခဲ့ပါပြီ။ ဆိုတော့ ဒီအနေအထားကတော့ ရုတ်တရက် ရှောင်တခင် Surprise သဘောမျိုးလို ပြည်သူတစ်ရပ်လုံးရဲ့ ရင်ထဲမှာခံစားချက်အုံပွင့်ပြီး ထွက်ကြတဲ့အနေအထားမှာ ထိန်းမနိုင် သိမ်းမရတဲ့အဆင့်၊ ဒီထိန်းမနိုင်သိမ်းမရတဲ့အဖြစ်ကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာလည်း တကယ်ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ မဟုတ်ဘဲနဲ့ အလွန်အကျွံ အင်အားတွေသုံးပြီးတော့ ဒီလောက်အထိ ကြေကွဲဖွယ်ရာ၊ နစ်နာဆုံးရှုံးစရာတွေကို ဖြစ်အောင်လုပ်လိုက်တယ်လို့ ကျွန်မတို့က ထင်မြင်ယူဆပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိလုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထားမှုနှင့် မြောက်ဦးဖြစ်စဉ်နှင့်ပတ်သက်၍ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးအား မေးမြန်းခြင်း

■ မေး           - လက်ရှိ စစ်တွေမြို့ပေါ်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားတာကို တွေ့မြင်နေရပါတယ်။ လုံခြုံရေးဆောင်ရွက်ထားတဲ့ အနေအထားကို သိပါရစေ။

■ ဖြေ  - သိတဲ့အတိုင်းပါပဲ။ ၁၆ ရက်နေ့ မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အနှောင့်အယှက် ဖြစ်မှာစိုးရိမ်လို့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်မြို့ကြီး ၁၇ မြို့မှာ လုံခြုံရေးကို တိုးမြှင့်ချထားပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာ ရခိုင်ပြည်နယ် စစ်တွေမြို့မှာတော့ အားလုံး ၁၀ နေရာဖြန့်ခွဲပြီးတော့ လုံခြုံရေးတာဝန် ဆောင်ရွက်လျက်ရှိပါတယ်။ ဒီမှာ ဒေသခံအုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ပြည်သူလူထု တည်ငြိမ်အေးချမ်းရေးနဲ့ လူမှုဘဝလုံခြုံမှုအတွက် ရဲတပ်ဖွဲ့ဝင်တွေက အင်စိုက်အားစိုက်နဲ့ လုံခြုံရေးတာဝန်များကို ဆောင်ရွက်လျက်ရှိပါတယ်။

■ မေး           - လက်ရှိမှ ကောလာဟလသတင်းတွေ အမျိုးမျိုးထွက်ပေါ်နေတယ်။ ဒါနဲ့ပတ်သက်ပြီးရော ဘယ်လိုဆောင်ရွက်ထားတာ ရှိပါလဲ။

■ ဖြေ - ကျွန်တော်တို့ ရရှိသတင်းများအရတော့ အကြမ်းဖက်ဖောက်ခွဲရေးသမားတွေရော၊ ဆူပူအောင်လုပ်မယ့်သူတွေကရော စောင့်ကြည့်နေပြီးတော့မှ လုပ်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒီစစ်တွေမြို့မှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုတွေရော၊ ရခိုင်ပြည်နယ်ထဲမှာ မှီတင်းနေထိုင်တဲ့ ပြည်သူလူထုရော အေးအေးချမ်းချမ်း၊ တည်တည်ငြိမ်ငြိမ်နဲ့ နေလို့ရအောင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေတာ ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့လည်း ဒီသတင်းတွေအရ အမှုမဲ့အမှတ်မဲ့ မနေဘဲနဲ့ ပတ်ဝန်းကျင်မှာ မသင်္ကာဖွယ်ရာ လူ၊ ပစ္စည်း၊ ယာဉ် အစရှိသဖြင့် တွေ့လို့ရှိရင်လည်း ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးပါ။

■ မေး           - မြောက်ဦးဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးတွေ လုပ်နေပါပြီလား။

■ ဖြေ - စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း ဒီကနေ့ စတင်ထွက်ခွာသွားပါပြီ။ ကျွန်တော်တို့ဆီက ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး အဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပါတယ်။ ဒုတိယရဲမှူးကြီးအဆင့်ရှိတဲ့ တစ်ယောက်ပါပါတယ်။ ရဲမှူးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါပါတယ်။ ဘာလို့လဲဆိုတော့ အဓိကရုဏ်းနှိမ်နင်းတဲ့အခါမှာ ဥပဒေနဲ့ ညီညွတ်မှု ရှိ မရှိ သက်သေသာဓကစုံလင်စွာနဲ့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

■ မေး           - လက်ရှိ မြောက်ဦးမြို့အနေအထားလည်း သိပါရစေ။

■ ဖြေ  - မြောက်ဦးခရိုင် မြောက်ဦးမြို့မှာ လက်ရှိအနေအထားအရ တည်ငြိမ်အေးချမ်းလျက်ရှိပါတယ်။ ပြည်သူလူထုကလည်း ပုံမှန်အတိုင်း ရောင်းဝယ်ဖောက်ကားလျက်ရှိပြီးတော့ မိမိတို့ဝမ်းစာကို အေးချမ်းတည်ငြိမ်စွာနဲ့ ရှာဖွေစားသောက်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ တခြားဘာပြဿနာမှ တစ်စုံတစ်ရာ မရှိပါဘူး။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အဓိကရုဏ်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားမှုအချို့

သေဆုံးသွားသူများ ကိုညီညီကျော်၏ မိသားစုဝင် ဦးကျော်ဆွေ

“ဒီဖြစ်စဉ်မှာ ဦးဆောင်သူတွေက အထိန်းအကွပ်မရှိခဲ့တာကြောင့် အခုလိုမျိုးဖြစ်သွားတယ်လို့ သုံးသပ်မိပါတယ်။ မဖြစ်ခင်ကတည်းက ဖြစ်တော့မယ်ဆိုတာမျိုးကိုလည်း သူတို့သိနေတယ်။ ထိန်းကွပ်ဖို့အတွက်လည်း သူတို့မှာတာဝန်ရှိတယ်။ နန်းတော်ရာကုန်းကို ကျွန်တော်ရောက်သွားတော့ ဦးဆောင်ကော်မတီတွေ ဘယ်သူမှ မရှိတော့ဘူး။ အဲဒါကြောင့် လူငယ်တွေက အုံကြွမှုဖြစ်လာပြီး အခုလိုပစ်ခတ်တဲ့အထိ ဖြစ်သွားရတာလို့ မြင်ပါတယ်”

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်

“အော်ပြီး တက်လာတဲ့အချိန်မှာလည်း ထိန်းသိမ်းမယ့်သူ တစ်ယောက်မှ မရှိဘူး။ ခရိုင်ရုံးအထိပါ ဖျက်ဆီးတဲ့အထိ ဖြစ်လာတော့ ရဲကလည်း ပစ်လာရတယ်။ အမှန်တကယ်တော့ ရဲကိုချည်း ပြဿနာရှာတာမဟုတ်ဘဲ ခရိုင်ရုံးကိုပါ ဖျက်ဆီးတဲ့အထိ ဖြစ်လာခဲ့တယ်။ ခရိုင်ရုံးမှာ စူပါကာစတန်ကားနှစ်စီး၊ ခရိုင်ကော်မရှင်ကားတစ်စီးကလည်း မှန်ရိုက်ခွဲခံရတယ်။ ရုံးက ကလေးတွေစီးတဲ့ ဆိုင်ကယ်ငါးစီးလည်း ဖျက်ဆီးခံရတယ်။ ပြီးတော့ ခရိုင်ရုံးရှေ့မှာရှိတဲ့ အလံတိုင်ကို တစ်ခါတည်း ချိုးဖဲ့ပြီးတော့ တိုင်ကိုကွေးပစ်လိုက်တယ်။ ပြီးတော့ နိုင်ငံတော်အလံကို ဖြုတ်ချပြီးတော့ ရခိုင်အလံကို တပ်လိုက်တဲ့သဘောပေါ့။ အကြမ်းဖက်မှု အရမ်းကိုဆန်သွားပါတယ်။ ပါလာတဲ့လူတစ်ယောက်မှ ထိန်းသိမ်းပေးတာ မတွေ့ရဘူး။ ရဲကတော့ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်သွားတာပါ”

သေဆုံးတစ်ဦး၏ အဒေါ်ဖြစ်သူ ဒေါ်အေးသိန်းကြည်

“ဆန္ဒထုတ်ဖော်တာကို ဟန့်တားခြင်းမရှိဘဲ သေနတ်နဲ့ သေအောင်အထိ ပစ်လိုက်တဲ့အတွက် ကျွန်မရဲ့ အစ်မသားတစ်ယောက်လည်း သေသွားတယ်။ နောက်ထပ် ကလေးတွေလည်း ထိတယ်။ သူတို့ ဘယ်လောက်ရက်စက်လဲဆိုရင် ခဏလေးမှာ သုံးလေးယောက်ကျသွားတယ်။ ကျွန်မတူလေး သေနေတာကိုတောင် ကိုင်လို့မကြည့်ဘဲ တက်နင်းသွားတယ်။ ကျွန်မတို့ ဘယ်လိုခံစားရမလဲဆိုတာ ကြည့်ပါ။ ကလေးတွေဟာ ရန်ရှာဖို့သွားတာလည်း မဟုတ်ဘူး။ ကျွန်မကိုယ်တိုင် မြင်တွေ့ခဲ့ရတာပါ။ အဲဒါကြောင့် ပစ်ခတ်သူတွေကို ဥပဒေအရ အရေးယူပေးစေချင်ပါတယ်”

ဒေါ်တင်ရွှေ

“ဟောပြောပွဲပျက်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ မနက်ပိုင်းကတော့ ပွဲလုပ်ခဲ့တယ်။ ညနေပိုင်းမှာ ပွဲမလုပ်ရဘူး။ ပွဲပျက်သွားတယ်။ ဆိုင်းဘုတ်ကိုကြည့်ပြီး ခံစားရတယ်။ လူတွေ စုလာတယ်။ အဲဒီကတစ်ဆင့် နောက်ပိုင်းမှာ ရဲစခန်းရှေ့ကို ရောက်သွားတယ်။ တုတ်မပါ၊ ဓားမပါ သွားခဲ့ကြတာပါ။ ရဲစခန်းရှေ့မှာ နှစ်နာရီလောက် ရပ်တန့်နေရတယ်။ ရှေ့ကလူတွေက ငါတို့ဆွေးနွေးနေတယ်။ နောက်မှာ တိတ်တိတ်နေကြပါလို့ ပြောတယ်။ နောက်ပိုင်းမှာ ရဲကငါတို့နဲ့ ဘာမှမဆိုင်ဘူးလို့ ပြောတယ်လို့ ရှေ့ပိုင်းကပြောတယ်။ အဲဒီကတစ်ဆင့် ခရိုင်ထွေအုပ်ရုံးကို သွားခဲ့တယ်။ ပထမ မိုးပေါ်ထောင်ပစ်ပြီးနောက် ဆက်တိုက်ပစ်ခတ်ခဲ့တယ်။ လူအုပ်လည်း ကွဲသွားတယ်။ နောက်မှာ နှစ်ယောက် သုံးယောက် လဲကျကျန်ခဲ့တယ်။ လဲကျနေတဲ့လူတွေကိုလည်း ကောက်ခွင့်မပေးခဲ့ဘူး။ နာရေးကားကိုခေါ်ပြီး အလောင်းကိုသွားတောင်းတော့လည်း မရခဲ့ဘူး။ အဲဒီတုန်းက ကလေးတွေ မသေသေးဘူးလို့ တွေ့ခဲ့ရပါတယ်။ ရဲက ဒဏ်ရာရတယ်ဆိုတဲ့ သတင်းဟာလည်း မဟုတ်ပါဘူး။ ဆေးရုံမှာ ဆေးကုသနေတဲ့ ရဲတစ်ယောက်မှ မတွေ့ရဘူး။ ဒဏ်ရာရရင် ဆေးကုသရမှာ ဖြစ်ပါတယ်”

အမှတ် (၄) လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ်မြဝင်း

“ဒီနေရာမှာ အခြေအနေကတော့ လမ်းပေါ်မှာ လူစုခွဲတဲ့ အခြေအနေမျိုးမဟုတ်တာကို သိရှိရပါတယ်။ ခရိုင်အုပ်ချုပ်ရေးရုံးကို ဖျက်ဆီးတာကို တားဆီးရာမှ အဆင့်ဆင့်အပေါ်ကို ထောင်ပစ်တယ်၊ ရာဘာကျည်နဲ့ပစ်တယ်၊ နောက်ပြီး သေနတ်လုတဲ့ အနေအထားကနေမှ ရဲအင်အားကလည်း ကွာခြားချက်ရှိပါတယ်။ ပါလာတဲ့လူတွေကလည်း ထိန်းကြပါဆိုပေမယ့်လည်း ထိန်းကွပ်မယ့်လူ မရှိတဲ့အတွက် ဒီလိုပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကနေပြီးတော့ သေဆုံးဒဏ်ရာရရှိမှုတွေ ရှိတယ်လို့ သိရှိရပါတယ်။ ဒီဖြစ်စဉ်အပေါ်မှာ စုံစမ်းစစ်ဆေးခုံရုံးနဲ့ စစ်ဆေးသွားဖို့လည်း ရှိပါတယ်။ ပြည်သူလူထုကို လူမျိုးရေးအရ လမ်းပေါ်ရောက်အောင် သွေးထိုးလှုံ့ဆော်တာတွေ ရှိနေတယ်။ အရက်သေစာသောက်စားထားတဲ့ အခါကျတော့လည်း မိမိကိုယ်ထိန်းသိမ်းမှုအပိုင်း အားနည်းလို့လည်း ယူဆပါတယ်။ ဒါကြောင့်မို့လို့လည်း မိဘပြည်သူများအနေနဲ့လည်း ကိုယ့်လူငယ်တွေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ မပါသင့်တဲ့နေရာမှာ မပါဖို့၊ မသွားသင့်တဲ့နေရာမှာ မပြောဖို့ ထိန်းသိမ်းဆောင်ရွက်ဖို့ လိုပါတယ်။ ကောလာဟလတွေမှာလည်း မှန်မှန်ကန်ကန် သုံးသပ်ပြီးတော့မှ၊ ချင့်ချိန်ပြီးတော့မှ ယုံကြည်ဆောင်ရွက်ကြဖို့ အသိပေးလိုပါတယ်”

Most Read

Most Recent