မြောက်ဦးမြို့အဓိကရုဏ်းတွင် သေနတ်ကျည်ဆန် ထိမှန်သေဆုံးသူ ခုနစ်ဦးကို မြောက်ဦးသုသာန်၌ ဂူသွင်းသြင်္ဂိုဟ်

မြောက်ဦးမြို့အဓိကရုဏ်းတွင် သေနတ်ကျည်ဆန် ထိမှန်သေဆုံးသူ ခုနစ်ဦးကို မြောက်ဦးသုသာန်၌ ဂူသွင်းသြင်္ဂိုဟ်
Published 19 January 2018

မြောက်ဦးမြို့အဓိကရုဏ်းတွင် သေဆုံးခဲ့သူ ခုနစ်ဦးကို မြောက်ဦးသုသာန်တွင် ဂူသွင်းသြင်္ဂိုဟ်စဉ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့အဓိကရုဏ်းတွင် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူခုနစ်ဦးအား မြောက်ဦးမြို့ သုသာန်တွင် ဂူသွင်းသြင်္ဂိုဟ်ခဲ့ပြီး လိုက်ပါပို့ဆောင်သူ နှစ်ထောင်ကျော်ရှိကြောင်း သိရသည်။

ဇန်နဝါရီ ၁၆ ရက် ညပိုင်းက စာပေဟောပြောပွဲ ပျက်သွားသည့်အတွက် လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီးနောက် ရဲစခန်းနှင့် ထွေအုပ်ရုံးရှေ့တွင် အကြမ်းဖက်မှုများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဒဏ်ရာရရှိသူ ၁၂  ဦးရှိကာ ခုနစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူများ၏ အလောင်းကို ဇန်နဝါရီ ၁၈ ရက် မွန်းတည့် ၁၂ နာရီတွင် မြောက်ဦးမြို့ သုသာန်၌ ဂူသွင်းသြင်္ဂိုဟ်ခဲ့ ခြင်းဖြစ်သည်။

ထိုသို့သေဆုံးသူများအနက် သေနတ် ထိမှန်ခြင်းမဟုတ်ဘဲ ရိုက်ပုတ်ခံရခြင်းကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့် မိသားစုဝင်များက သုံးသပ်ပြောဆိုလျက်ရှိသည်။

သေဆုံးသူတစ်ဦး၏ အစ်ကို ကိုလုံးလုံးကလည်း ရဲတပ်ဖွဲ့ဝင်များအား ထိထိရောက်ရောက် အရေးယူသင့်ကြောင်း၊  ယင်းသို့ အရေးယူပေးရန်အတွက်လည်း တောင်းဆိုလိုကြောင်း၊ သေဆုံးသူတစ်ဦးတွင် ထိုးကြိတ်ခံထားရသည်ဟု ယူဆရသေဒဏ်ရာများကို တွေ့ရကြောင်း ပြောကြားသည်။

သေဆုံးခဲ့သည့် ကိုညီညီကျော်၏ မိသားစုဝင် ဦးကျော်ဆွေက ဒီဖြစ်စဉ်မှာ ဦးဆောင်သူတွေက အထိန်းအကွပ်မရှိခဲ့တာကြောင့် အခုလိုမျိုးဖြစ်သွားတယ်လို့ သုံးသပ်မိပါတယ်။ မဖြစ်ခင်ကတည်းက ဖြစ်တော့မယ်ဆိုတာမျိုးကိုလည်း သူတို့သိနေတယ်။ ထိန်းကွပ်ဖို့အတွက်လည်း သူတို့မှာ တာဝန်ရှိတယ်။ နန်းတော်ရာကုန်းကို ကျွန်တော်ရောက်သွားတော့ ဦးဆောင်ကော်မတီတွေ ဘယ်သူမှ မရှိတော့ဘူး။ အဲဒါကြောင့် လူငယ်တွေက အုံကြွမှုဖြစ်လာပြီး အခုလိုပစ်ခတ်တဲ့အထိ ဖြစ်သွားရ တာလို့မြင်ပါတယ်”ဟု ပြောကြားသည်။

သို့သော်လည်း သေဆုံးသူများတွင် မတရားသဖြင့် သေဆုံးသူများရှိနေကြောင်း၊ အချို့ သော အလောင်းများတွင် ရိုက်နှက်ခံထားရသည်များကိုတွေ့ရကြောင်း ဖြစ်စဉ်ကို တွေ့ရှိခဲ့သူများ၏ ပြောကြားချက်များအရ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ဒေါ်မတင်ရွှေက “ဟောပြောပွဲ ပျက်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ အဲဒီကတစ်ဆင့် ရဲစခန်းရှေ့ကို ရောက်သွားတယ်။ တုတ်မပါ၊ ဓားမပါ သွားခဲ့ကြတာပါ။ အဲဒီကတစ်ဆင့် ခရိုင်ထွေအုပ်ရုံးကို သွားခဲ့တယ်။ ပထမမိုးပေါ်ထောင်ပစ်ပြီးနောက် ဆက်တိုက်ပစ်ခတ်ခဲ့တယ်။ လဲကျနေတဲ့ လူတွေကိုလည်း ကောက်ခွင့်မပေးခဲ့ဘူး။ နာရေးကားကိုခေါ်ပြီး အလောင်းကို သွားတောင်းတော့လည်း မရခဲ့ဘူး။ အဲဒီတုန်းက ကလေးတွေမသေသေးဘူးလို့ တွေ့ခဲ့ရပါ တယ်။ ရဲကဒဏ်ရာရတယ်ဆိုတဲ့ သတင်းဟာလည်း မဟုတ်ပါဘူး။ ဆေးရုံမှာ ဆေးကုသနေတဲ့ ရဲတစ်ယောက်မှ မတွေ့ရဘူး” ဟု ပြောကြားသည်။

ထို့ပြင် ဒေါ်အေးသန်းချေကလည်း လူငယ်များမှာ ဟောပြောပွဲကို နားထောင်လိုသည့်အတွက် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဟန့်တားခြင်းမရှိဘဲ ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“ဆန္ဒထုတ်ဖော်တာကို ဟန့်တားခြင်း မရှိဘဲ သေနတ်နဲ့သေအောင်အထိ ပစ်လိုက်တဲ့အတွက် ကျွန်မရဲ့ အစ်မသားတစ်ယောက်လည်း သေသွားတယ်။ နောက်ထပ်ကလေးတွေလည်း ထိတယ်။ သူတို့ဘယ် လောက်ရက်စက်လဲဆိုရင် ခဏလေးမှာ သုံးလေးယောက် ကျသွားတယ်။ ကျွန်မတူလေး သေနေတာကိုတောင် ကိုင်လို့မကြည့်ဘဲ တက်နင်းသွားတယ်။ ကျွန်မတို့ဘယ်လိုခံစားရမလဲဆိုတာ ကြည့်ပါ။ ကလေးတွေဟာ ရန်ရှာဖို့သွားတာလည်း မဟုတ်ဘူး။ ကျွန်မကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ” ဟု ဒေါ်အေးသန်းချေက ဆိုသည်။

ရဲတပ်ဖွဲ့က ယင်းဆန္ဒထုတ်ဖော်မှုအား တားဆီးခဲ့ရာတွင် လူစုခွဲရန် ရှေးဦးစွာသတိပေးအကြောင်းကြားခဲ့ကြောင်း၊ ထိန်းသိမ်းမှုအား လက်မခံဘဲ အကြမ်းဖက်လာသဖြင့် လူစုလူဝေးအတွင်းသို့ တီ ၅၆ နှင့် ဘီအေ ၉၄ သေနတ် ၁၀ ချက်ခန့် ပစ်ခတ်ခဲ့ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

Most Read

Most Recent