မြောက်ဦးမြို့ ပြည်သူများအပေါ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကို အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် သက်ဆိုင်သူများအား အမြန်ဆုံးပြင်းထန်စွာအရေးယူပေးရန် စစ်တွေဒေသခံလူငယ်ငါးဦး ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒထုတ်ဖော်

မြောက်ဦးမြို့ ပြည်သူများအပေါ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကို အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် သက်ဆိုင်သူများအား အမြန်ဆုံးပြင်းထန်စွာအရေးယူပေးရန် စစ်တွေဒေသခံလူငယ်ငါးဦး ပြည်နယ်အစိုးရရုံးရှေ့တွင် ဆန္ဒထုတ်ဖော်
Published 18 January 2018

စစ်တွေဒေသခံ လူငယ်ငါးဦး ပြည်နယ်အစိုးရရုံးရှေ့တွင် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုစဉ်

မြောက်ဦးမြို့ ပြည်သူများအပေါ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကို အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်သူများကို အမြန်ဆုံး ပြင်းထန်စွာအရေးယူပေးရန် စစ်တွေဒေသခံလူငယ်ငါးဦး ပြည်နယ်အစိုးရရုံးရှေ့တွင် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြတောင်းဆိုမှုကို မွန်းလွဲ ၂ နာရီ မိနစ် ၂၀ တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့၌ ပြုလုပ်ခဲ့ပြီး ‘အပြစ်မဲ့ပြည်သူများအပေါ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်သူများကို အမြန်ဆုံးပြင်းထန်စွာ အရေးယူပေးပါ’၊ ‘မြောက်ဦးမြို့ပြည်သူများအပေါ် အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကို အပြင်းအထန်ကန့်ကွက်သည်’ စသည့်ပိုစတာများ ကိုင်ဆောင်ခဲ့ကြောင်း သိရသည်။

ဆန္ဒပြချိန် ငါးမိနစ်ခန့်သာကြာမြင့်ခဲ့ပြီး ဆန္ဒပြနေစဉ် အစိုးရရုံးရှေ့တံခါးကို ပိတ်ထားကြောင်းနှင့် လုံခြုံရေးမှဟန့်တားမှုများ ပြုလုပ်ခြင်းမရှိဘဲ အေးချမ်းစွာပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်ရခြင်းနှင့်ပတ်သက်ပြီး ကိုခိုင်သူရိန်က “အာဏာကိုသုံးပြီးတော့ ပြည်သူလူထုတွေကို ထိခိုက်နာကျင်အောင် အများကြီးလုပ်တယ်။ အဲဒါကိုတော့ လုံးဝလက်ခံလို့မရပါဘူး။ ဒီဟာကို နောက်ထပ်ဒီလိုမဖြစ်အောင် ထုတ်ဖော်တယ်။ ဒီလိုဖြစ်သွားတဲ့ဟာကို အစိုးရအနေနဲ့ တာဝန်ယူရမှာဖြစ်ပါတယ်။ နောက် အပြစ်မဲ့ပြည်သူတွေသေဆုံးသွားတာနဲ့ ပတ်သက်ပြီးတော့ အစိုးရက အပြည့်အ၀ ချက်ချင်းတာဝန်ယူဖြေရှင်းရမှာဖြစ်တယ်။ ဒီလိုမျိုးနောက်မဖြစ်အောင်၊ ဒီလိုမျိုး သွေးထွက်သံယိုမဖြစ်အောင် အစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းရမယ်။ နောက်တစ်ခုက ပစ်ခတ်မှုထဲမှာပါဝင်တဲ့သူတွေကို တရားဥပဒေအရ အမြန်ဆုံးအရေးယူဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်။ ဆန္ဒထုတ်ဖော်တာကတော့ တစ်သီးပုဂ္ဂလအနေနဲ့၊ တာဝန်သိပြည်သူတစ်ဦးအနေနဲ့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်” ဟုပြောကြားသည်။

အလားတူ ဆန္ဒထုတ်ဖော်ရာတွင်ပါဝင်သူ ကိုသန်းလှကလည်း “အစိုးရကိုပြောချင်တာကတော့ ပြဿနာတစ်ခုဖြစ်ကြတယ်ပေါ့နော်။ ဖြစ်သွားတဲ့ပြဿနာအပေါ်မှာ ဖြေရှင်းတဲ့နည်းစနစ်တွေဟာ ကောင်းဖို့လိုတယ်။၊ တရားမျှတဖို့လိုတယ်။ ပြီးတော့ ပြည်သူတွေအပေါ်မှာ အစိုးရက ကောင်းမွန်စွာဖြေရှင်းဖို့၊ နည်းစနစ်တွေအသုံးပြုဖို့ ပြောချင်ပါတယ်” ဟုပြောကြားသည်။

Most Read

Most Recent