၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် စားသုံးသူဈေးဆနှုန်း ၁၃၈ ဒသမ ၂၉ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်

၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် စားသုံးသူဈေးဆနှုန်း ၁၃၈ ဒသမ ၂၉ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်
Published 18 January 2018

၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူဈေးဆနှုန်း (Consumer Price Index-CPI) ၁၃၈ ဒသမ ၂၉ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၄ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွက် တစ်နိုင်ငံလုံး၏ စားသုံးသူဈေးဆနှုန်းမှာ အစားအစာအုပ်စုအတွက် ၁၅၀ ဒသမ ၆၃၊ အစားအစာမဟုတ်သော အုပ်စုအတွက် ၁၂၀ ဒသမ ၉၂ နှင့် အုပ်စုအားလုံးအတွက် ၁၃၈ ဒသမ ၂၉ ရှိပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင်ဖြစ်ပေါ်ခဲ့သော စားသုံးသူဈေးဆနှုန်း ၁၃၂ ဒသမ ၃၉ နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

ယခင်နှစ်ကာလတူထက် စားသုံးသူဈေးဆနှုန်း မြင့်တက်လာခြင်းမှာ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန် ကောက်ခံသည့် အုပ်စုအားလုံးတွင်ပါဝင်သည့် ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ်ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင်စုပေါင်း ၃၂၆၆၉ ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စစ်တမ်းကောက်ယူရာတွင် ကုန်ပစ္စည်းအမျိုးအစားများမှာ အများသုံးစွဲသည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုအမျိုးအစားပေါင်း ၄၃၈ မျိုးပါဝင်ကြောင်း သိရသည်။ စားသုံးသူဈေးဆနှုန်း တွက်ချက်ရန်အတွက် အစားအစာအုပ်စုတွင် ကုန်ပစ္စည်း ၁၀၈ မျိုးနှင့် အစားအစာမဟုတ်သောအုပ်စုတွင် ကုန်ပစ္စည်းအမျိုးအစား ၁၆၆ မျိုးရွေးချယ်ခဲ့ပြီး စုစုပေါင်း ၂၇၄ မျိုးသို့ တိုးချဲ့ကောက်ယူတွက်ချက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်ထားမှုအရ သိရသည်။