မြောက်ဦးမြို့တွင် ရခိုင့်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနားပွဲ ပျက်ခဲ့မှုနှင့် ပတ်သက်ပြီး လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် နှစ်ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ

မြောက်ဦးမြို့တွင် ရခိုင့်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနားပွဲ ပျက်ခဲ့မှုနှင့် ပတ်သက်ပြီး လူစုလူဝေးဖြင့် ဆန္ဒထုတ်ဖော်ရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ခြင်းကြောင့် နှစ်ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာရ
Published 17 January 2018

ထိခိုက်ဒဏ်ရာရရှိသူများ ဆေးရုံသို့ ရောက်ရှိလာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဇော်ထွန်း)

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ရခိုင့်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းကြေကွဲဖွယ် အခမ်းအနား ဖျက်သိမ်းခံရသဖြင့် ဒေသခံထောင်နှင့်ချီပြီး လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် လူစုလူဝေး ဖြစ်ပေါ်ပြီး ဆန္ဒထုတ်ဖော်ရာမှ ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်း ခဲ့ခြင်းကြောင့် နှစ်ဦးထက်မနည်း သေဆုံးကာ ၁၀ ဦးကျော်ဒဏ်ရာ ရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၇ ရက် နံနက်ပိုင်းတွင် ရရှိသော ကနဦး သတင်းများအရ သိရသည်။

ရခိုင်ဘုရင်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးနေ့ ဝမ်းနည်းအထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ် ပြာသိုလကွယ်နေ့တွင် ၂၀၁၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်းနှင့် ခွင့်ပြုချက် မရသည့်အတွက် ပွဲကိုရုပ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။

လူစုလူဝေးဖြစ်ပေါ်နေမှုအား လူမှုကွန်ရက်၌ ပျံ့နှံ့နေသည်ကို တွေ့ရစဉ်

“ခွင့်ပြုချက်မရဘဲ ပွဲလုပ်ရင် လုပ်တဲ့လူကိုရော ဟောပြောတဲ့သူတွေကိုပါ အရေးယူမယ် ဆိုတဲ့အတွက် ဘယ်သူမှ မထိခိုက်ရအောင် ပွဲကိုရုပ်သိမ်းလိုက်တယ်။ ပြည်သူတွေကိုလည်း ကျွန်တော်ကိုယ်တိုင် နားချပြောဆိုခဲ့ပါတယ်။ အစိုးရအဖွဲ့ရဲ့ ကတ်ပိနပ်ကနေ ဆုံးဖြတ်ပြီး ခွင့်ပြုချက်မရှိရင် မလုပ်ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး ထွက်လာတယ်လို့ ကြားမိတယ်” ဟု လည်းမြောက်ဦးမြို့မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောကြားသည်။

သို့သော်လည်း ဆန္ဒထုတ်ဖော်သော လူအုပ်မှာ ပွဲပျက်ရသည့် ကိစ္စအပေါ် မကျေနပ်ဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးရှိရာ ဘက်သို့ ချီတက်ခဲ့ကြကြောင်းနှင့် ခရိုင်ရဲစခန်းရှေ့သို့ ရောက်ရှိလာခဲ့သဖြင့် ည ၁၀ နာရီ အချိန်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များမှ လူစုခွဲခဲ့သော်လည်း မကွဲသဖြင့် လူအုပ်အား သေနတ်ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး “ဆန္ဒထုတ်ဖော်တဲ့လူအုပ်က ရဲစခန်းဘက်ကို ရောက်လာတဲ့တွက် လူစုခွဲတဲ့အနေနဲ့ သေနတ်တွေ ပစ်ဖောက်မှုတွေ ရှိနေပါပြီ။ အချက် ၂၀ လောက်တောင်ရှိပြီ။ ကျွန်တော့်အိမ်နဲ့ နီးနီးလေးပါ။ ဘယ်လိုတွေဖြစ်မယ်ဆိုတာ မသိသေးဘူး။ လူအုပ်ကြီးကလည်း အော်ဟစ်နေကြတာ ကြားရတယ်” ဟု ဒေသခံ ကိုဇော်မြင့်က ပြောကြားသည်။

သေနတ်ပတ်ခတ်မှုများသည် ၁၀ နာရီ ၄၅ ခန့်တွင် ရပ်တန့်သွားပြီး လူအုပ်စုမှာ ပြိုကွဲသွားခဲ့ကြောင်းနှင့် ယင်းသို့ သေနတ်ပစ်ခတ်မှုကြောင့် ဆန္ဒထုတ်ဖော်သူ လူအုပ်စုမှ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး မြောက်ဦးဆေးရုံသို့ ၁၀ ဦး ဒဏ်ရာဖြင့် ရောက်ရှိလာခဲ့ပြီး သေဆုံးသူတစ်ဦး ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆေးရုံကိုရောက်သွား တော့ ၁၀ ဦးဒဏ်ရာနဲ့တွေ့တယ်။ တစ်ဦးသေဆုံးသွားပါတယ်။ ဒဏ်ရာရသူတွေကို မြောက်ဦးပြည်သူ့ဆေးရုံမှာ ဆေးကုသပေးထားတာ တွေ့ရပါတယ်။ ၁၀ နာရီ ၄၅ လောက်မှာတော့ လူစုကွဲသွားပြီး ပစ်သံလည်း မကြားရတော့ပါဘူး” ဟု ဒေသခံ ဦးမြတ်သန်းလှိုင်က ဆိုသည်။

လူစုလူဝေးဖြစ်ပေါ်နေမှုအား လူမှုကွန်ရက်၌ ပျံ့နှံ့နေသည်ကို တွေ့ရစဉ်

လူစုလူဝေးအား ဖြိုခွင်းသည့်အနေဖြင့် သေနတ်ပစ်ခတ်မှုများကို ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များမှ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့ကြောင်း ထမ္မရစ်ရပ်ကွက်သားများထံမှ သိရသည်။ မည်သည့်အတွက်ကြောင့် ပစ်ခတ်ရသည် ဆိုသည်ကို သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဖြေကြားခဲ့ခြင်း မရှိပါ။

(၂၃၃) နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးရခြင်း အထိမ်းအမှတ်အဖြစ် “လလည်းကွယ် ပြည်လည်းဆုံး” ခေါင်းစည်ဖြင့် ယနေ့မြောက်ဦးတွင် ကျင်းပသည့် အခမ်းအနားကို ဒေသဆိုင်ရာ အာဏာပိုင်များက ကျင်းပခွင့်မပြုဘဲ ဟန့်တားလိုက်သည့်အတွက် ထိုသို့  ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို မြောက်ဦးမြို့ နန်းတော်ရာကုန်းတွင် ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ကာ ဒေါက်တာအေးမောင်မှ ‘ရခိုင်ရို့၏အနာဂတ်’ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘဒ္ဒန္တအသျှင် အဂ္ဂမှ ‘ကံကြမ္မာရိုင်းလို့ သွီးကြွီးရိုင်းသည်’ ခေါင်းစဥြ်ဖင့်လည်းကောင်း ဟောပြောရန် ကြော်ငြာခဲ့သည့်အပြင် ‘ဥသြရီသောက် မင်းဆက်ပျောက်’ အမည်ရှိသော ပြဇာတ်ကို တင်ဆက်ပြသရန် စီစဉ်ထားခဲ့ကြောင်း သိရသည်။

“ပွဲမကျင်းပဖို့ ရဲကလာပြီး တားမြစ်တယ်။ ခွင့်ပြုချက်မရှိတဲ့အတွက် မကျင်းပရဘူးလို့လာတားတာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေးကထုတ်တဲ့ တားမြစ်စာလည်း ပါလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာက နှစ်စဉ်ကျင်းပတာ ဖြစ်တယ်။ အဲလိုမျိုး တားမြစ်တာ မရှိဘူး။ အခုခွင့်ပြုချက် တင်မယ်ဆိုရင်လည်း တင်ဖို့က အချိန်မမီတော့ဘူး။ အဲ့ဒါကြောင့် ပွဲစီစဉ်သူတွေအနေနဲ့ ပွဲကိုရုပ်သိမ်းလိုက်တယ်။ အဲဒီမှာ ဒေသခံတွေက မကျေနပ်လို့ လမ်းပေါ်ဆန္ဒပြကြတာ ဖြစ်ပါတယ်” ဟု ပွဲစီစဉ်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သော ကိုထွန်းထွန်းက ပြောကြားသည်။

ယင်းသို့ပစ်ခတ် ခံခဲ့ရသူများအနက် ပါဝင်ခဲ့သူ ကိုအောင်ဇော်မိုးက “ပွဲမလုပ်ရတဲ့အတွက် ကျွန်တော်တို့က ရဲစခန်းကို သွားမေးတယ်။ ခရိုင်ရဲစခန်းက ငါတို့နဲ့မဆိုင် ခရိုင်အုပ်ချုပ်ရေးနဲ့သာ ဆိုင်တယ်လို့ပြောတယ်။ အဲဒီမှာ ခရိုင်အုပ်ချုပ်ရေးရုံးရှေ့ကို ရောက်သွားတော့ လူတွေကလည်း ပိုများလာတယ်။ ဆန္ဒထုတ်ဖော်တယ်။ အစပိုင်းတော့ မိုးပေါ်ထောင်ပစ်တယ်။ ခဏနေရင် ဒဲ့ပစ်တော့တာပါပဲ။ အလောင်းနှစ်လောင်းကို အဲဒီရုံးရှေ့မှာ ထားခဲ့ရတယ်။ ယူခွင့် မပေးဘူး။ နာရေးကားနဲ့ယူဖို့ တောင်းဆိုခဲ့တယ်။ မရခဲ့ဘူး။ အလောင်း နှစ်လောင်းကတော့ ဆေးရုံကို ရောက်တယ်” ဟု ပြောကြားသည်။

အဆိုပါပစ်ခတ်မှု ဖြစ်စဉ်ကြောင့် လူခုနစ်ဦးအထိ သေဆုံးသည်ဟု ဇန်နဝါရီ  ၁၇ ရက် နံနက်အစောပိုင်းတွင် သတင်းများ ထွက်ပေါ်မှုအရ သိရခဲ့သော်လည်း တာဝန်ရှိသူများ၏ သီးခြားအတည်ပြုချက် မရရှိခဲ့ပေ။

Most Read

Most Recent