တိုင်းရင်းသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် မောင်တောတောင်ပိုင်း ကမ်းခြေဒေသတွင် ဘင်္ဂါလီများ ပြန်လည်နေရာချထားရေးကို ကန့်ကွက်ကြောင်း ANP ပါတီ ပြောကြား

တိုင်းရင်းသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် မောင်တောတောင်ပိုင်း ကမ်းခြေဒေသတွင် ဘင်္ဂါလီများ ပြန်လည်နေရာချထားရေးကို ကန့်ကွက်ကြောင်း ANP ပါတီ ပြောကြား
Published 17 January 2018

တိုင်းရင်းသားများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက် မောင်တောတောင်ပိုင်း ကမ်းခြေတွင် ဘင်္ဂါလီများ ပြန်လည်နေရာချထားရေးကို ကန့်ကွက်ကြောင်း ANP ပါတီက ပြောကြားသည်။

ANP ပါတီအနေဖြင့် အချက်သုံးချက်ပါ သဘောထားကြေညာချက် တစ်စောင်ကို ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်သည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် မပျက်စီးစေလိုခြင်းနှင့် ကမ်းခြေများမှတစ်ဆင့် ခိုးဝင်ခိုးထွက်ခြင်း၊ ပြစ်မှုကျူးလွန်ပြီး ပြန်လည်ထွက်ပြေးခြင်းများ မပြုလုပ်နိုင်စေရန် အတွက် မောင်တောတောင်ပိုင်း ကမ်းခြေဒေသတွင် ဘင်္ဂါလီများ နေရာချထားရေး အစီအစဉ်ကို ကန့်ကွက်ကြောင်း ရေးသားဖော်ပြထားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ANP ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က “သဘောထားကြေညာချက် ထုတ်ပြန်ရတဲ့ ရည်ရွယ်ချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြတဲ့သူတွေ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သဘောတူစာချုပ်အရ ဇန်နဝါရီ ၂၃ ရက်က စပြီး လက်ခံမယ်လို့ ကြားသိရတယ်။ အဲဒါကြောင့် ကျွန်တော်တို့အနေနဲ့ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် သြဂုတ်ကုန်အထိမှာ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေဟာ ဘင်္ဂါလီများရဲ့ အကြိမ်ကြိမ် ရန်ပြုတိုက်ခိုက် ခံခဲ့ရပြီးတော့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရတာတွေ၊ နေရပ်စွန့်ခွာခဲ့ရတာတွေ၊ ကျေးရွာတွေကို လက်လွှတ်ခဲ့ရတာတွေ၊ ကျွဲ၊ နွားနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရတာတွေ၊ အဲဒီလို နောက်နောင် မဖြစ်စေဖို့အတွက် တောင်းဆိုချက် သုံးခုနဲ့ ကျွန်တော်တို့ သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထုတ်ပြန်ချက်တွင် တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားသော အကြမ်းဖက်မှုများကို စနစ်တကျ ကျူးလွန်ခဲ့ကြသည့် အင်အား လေးထောင်ကျော်မှာ တစ်ဖက်နိုင်ငံရှိ ကယ်ဆယ်ရေးစခန်းများတွင် ရှိနေကြောင်း၊ ထိုအကြမ်းဖက် သမားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရအနေဖြင့် ဖမ်းဆီးပြီး မြန်မာနိုင်ငံဘက်သို့ လွှဲပြောင်းပေးဖို့ လိုအပ်ကြောင်း၊ ပြန်လည်နေရာချထားရန် စီစဉ်သည့်အခါ မောင်တောမြို့နယ် တောင်ပိုင်းသည် ပင်လယ်ကမ်းခြေဒေသ ဖြစ်သည့်အတွက် အကြမ်းဖက်သမားများ အလွယ်တကူ ဝင်ရောက်နိုင်သော နေရာဖြစ်သလို သတ်ဖြတ်မှုများ ကျူးလွန်ပြီးပါက အလွယ်တကူ ထွက်ပြေးတိမ်းရှောင်မှု ပြုနိုင်သည့်နေရာ ဖြစ်သည့်အတွက် နိုင်ငံတော်၏ လုံခြုံရေးကို အဓိကထားပြီး မောင်တောတောင်ပိုင်း ပင်လယ်ကမ်းခြေ ဒေသများတွင် ပြန်လည်နေရာချထားခြင်း မပြုရန် ANP ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်တောင်းဆိုကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံ ဌာနေတိုင်းရင်းသားတွေရဲ့ နေထိုင်ရာရပ်ရွာတွေ ဘေးကင်းလုံခြုံပြီး အေးချမ်းသာယာစွာ နေထိုင်နိုင်ဖို့၊ လွတ်လပ်စွာ သွားလာနိုင်ပြီးတော့ ကူးသန်းရောင်းဝယ်မှုတွေ ပြုလုပ်နိုင်ဖို့၊ တရားဥပဒေ စိုးမိုးဖို့အတွက် အလေးထား ဆောင်ရွက်ဖို့၊ ကျွန်တော်တို့နိုင်ငံဟာ နိုင်ငံတကာကြားမှာ သိက္ခာကျစရာတွေ၊ မျက်နှာပျက်စရာတွေ ဖြစ်ခဲ့တယ်။ တပ်စခန်းတွေကို ဝင်ရောက်စီးနင်းပြီးတော့မှ လက်နက်တွေ သိမ်းယူခံရတဲ့အထိ လုံခြုံရေး လိုအပ်ချက်တွေ ရှိခဲ့တာကို ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေက သက်သေခံနေတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ လုံခြုံရေးတပ်စခန်းတွေနဲ့ ရဲတပ်ဖွဲ့တွေကို အကြမ်းဖက် သမားတွေက အလွယ်တကူ အန္တရာယ်မပြုနိုင်ဖို့ နေရာချထားမှု ပြုလုပ်တဲ့အခါမှာ အလေးအနက်ထားပြီး စီစဉ်နေရာချထားမှုကိုလည်း ကျွန်တော်တို့ပါတီက အလေးအနက် တိုက်တွန်းပြီးတော့ သဘောထား ထုတ်ပြန်တာ ဖြစ်ပါတယ်” ဟု ANP ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

မောင်တောခရိုင်အတွင်း ရခိုင်နှင့် ရခိုင်မျိုးနွယ်စုများသည် ဌာနေတိုင်းရင်းသားများ ဖြစ်သော်လည်း တစ်ဖက်မှ ဝင်ရောက်ကျူးကျော်လာသည့် ဘင်္ဂါလီများ၏ ရက်စက်စွာ သတ်ဖြတ်မှုများကို အကြိမ်ပေါင်း မြောက်မြားစွာ ခံခဲ့ရကြောင်း၊ ယင်းအတွက် နောက်နောင် ထိုသို့သော ဝမ်းနည်းကြေကွဲဖွယ်အဖြစ် အပျက်များ၊ အသက်ဆုံးရှုံးမှုများ လုံးဝမဖြစ်စေ လိုသည့်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစိုးရက သတိကြီးစွာ ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းကြားသည်။

 

Most Read

Most Recent