မီးပွိုင့်များတွင် ဖြတ်သန်းသွားသည့် ရာဇဝတ်မှု ကျူးလွန်ထားသော ယာဉ်များနှင့် လိုင်စင်မဲ့ကားများကို Traffic Control Center မှ သိရှိနိုင်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား

မီးပွိုင့်များတွင် ဖြတ်သန်းသွားသည့် ရာဇဝတ်မှု ကျူးလွန်ထားသော ယာဉ်များနှင့် လိုင်စင်မဲ့ကားများကို Traffic Control Center မှ သိရှိနိုင်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ပြောကြား
Published 17 January 2018

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်အတွင်း တည်ဆောက်ထားသည့် Control Center ကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

မီးပွိုင့်များတွင် ဖြတ်သန်းသွားသည့် ရာဇဝတ်မှုကျူးလွန်သော ယာဉ်များနှင့် လိုင်စင်မဲ့ကားများကို Traffic Control Center မှ သိရှိနိုင်ပြီဟု ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ Sky Star ဟိုတယ်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) နှင့် ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှု (YBS) တစ်နှစ်ပြည့် အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြေးဆွဲနေသည့် ဘတ်စ်ကားများ၊ ရေလမ်းကြောင်းပေါ်တွင် ပြေးဆွဲနေသည့် Water Bus များကို GPS စနစ်ဖြင့် Control Center မှ ချိတ်ဆက်သွားမည်ဖြစ်ကြောင်း၊  ဘတ်စ်ကားများတွင် ကွာဟနေသည့် အခြေအနေများ၊ ရေလမ်းကြောင်းတွင် ပြေးဆွဲနေသည့် အခြေအနေများကို တိုင်းအစိုးရအဖွဲ့သို့ တိုင်ကြားမှုများကို ပြုလို့ရရဲ့လားဆိုသည့် အခြေအနေနှင့် ပတ်သက်ပြီး မေးခွန်းထုတ်မှုများရှိကြောင်း၊ ပြည်သူ့ရင်ပြင်အတွင်းရှိ Traffic Control Center မှ အဆိုပါဘတ်စ်ကားများ သွားလာမှုများကို ကြည့်နေကြောင်း၊ GPS စနစ်ဖြင့် ဘတ်စ်ကားများ မည်သည့်မှတ်တိုင်တွင် ရပ်သည် မရပ်ဘူး ဆိုသည်ကို ကြည့်ရှုနေကြောင်း၊ အရှိန်ပြင်းပြင်းမောင်းသည့် ကားများကို Control Center က လှမ်းပြော၍ ရသည့်အဆင့် ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

ယင်းအပြင် ၂၀၁၈ ခုနှစ်အတွင်း ဘတ်စ်ကားစီးနင်းရာတွင် အဓိကအကျဆုံး ပြင်ဆင်မှုအဖြစ် ငွေပေးချေမှုကို ကတ်စနစ်ဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်မည့် ကတ်စနစ်သည် နိုင်ငံတကာတွင် ကျင့်သုံးနေမှုများထဲမှ နောက်ဆုံးစနစ်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“၂၀၁၈ ခုနှစ်မှာ ကျွန်တော်တို့ဘက်က ပြင်ဆင်နေတဲ့ အဓိကအကျဆုံး ပြင်ဆင်မှုက ငွေပေးချေမှုကို ဘဏ်ကတ်နဲ့ ပေးချေဖို့ ကြိုးစားဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကတ်စနစ်ကို ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကတ်စနစ်က ကတ်တိုင်းကတ်တိုင်း ဘတ်စ်ကားစီးလို့ ရနိုင်ဖို့အတွက် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ ဒီအဆင့်က နိုင်ငံတကာမှာ ကျင့်သုံးနေမှုထဲမှာ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဘတ်စ်ကားစီးဖို့ကို ကတ်တစ်ခုကိုပဲ ဝယ်ယူပြီးတော့ စီးရတာ ဖြစ်ပါတယ်။ အဲဒီကတ်ကို မဝယ်ယူထားဘူးဆိုရင် အခြားဘဏ်ကတ်တွေနဲ့ စီးလို့မရပါဘူး။ ကျွန်တော်တို့အခု ပြုပြင်ပြောင်းလဲမှုမှာ ဒီကတ်တွေ တော်တော်များများ သုံးနိုင်ဖို့အတွက် စတင်ကြိုးပမ်းနေပြီ ဖြစ်ပါတယ်။ တင်ဒါစနစ်ခေါ်ယူပြီး အောင်မြင်တဲ့ ကုမ္ပဏီတွေလည်း ကြေညာထားပြီး ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

၂၁၀၈ ခုနှစ်အတွင်း ကတ်စနစ်ဖြင့် ငွေပေးချေရေးစနစ်သည် မြန်မာနိုင်ငံရှိ ပြည်သူလူထုတစ်ရပ်လုံး ဘဏ်စနစ်ဖြင့် နီးစပ်သွားနိုင်ရန်အထိ မျှော်မှန်းထားကြောင်း၊ မြန်မာနိုင်ငံရှိ နိုင်ငံသူနိုင်ငံသားများသည် ငွေကိုင်ပြီး သုံးစွဲသည့် ဓလေ့နှင့် ကျင်လည်ခဲ့ကြောင်း၊ ဘဏ်ကတ် သို့မဟုတ် ငွေပေးချေမှုကို ကတ်စနစ်နှင့် E စနစ်ဖြင့် ကျင့်သုံးဆောင်ရွက်ဖို့ အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် စတင်ဆောင်ရွက်မည့် ကတ်စနစ်သည် ပြည်သူလူထု လက်လှမ်းမီနိုင်သည့် ကတ်စနစ်ဖြစ်အောင် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ဘဏ်စနစ်သည် လက်လှမ်းဝေးနေဦးမည် ဖြစ်သဖြင့် လွယ်လွယ်ကူကူ ကတ်ကိုဝယ်ယူပြီး ဘတ်စ်ကားလည်း စီး၍ရကာ အခြားအသုံးပြုစရာ ငွေပေးယူရေး ကိစ္စရပ်များကိုပါ ကတ်ဖြင့် ပေးချေနိုင်ရန် အဆင့်အထိ တက်လှမ်းနိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent