၂၀၁၈ ခုနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတို့ကို အဓိက ဆွေးနွေးအတည်ပြုမည့် လွှတ်တော်အသီးသီး၏ သတ္တမ ပုံမှန်အစည်းအဝေးများ စတင်ကျင်းပ

၂၀၁၈ ခုနှစ် ခြောက်လတာ အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းတို့ကို အဓိက ဆွေးနွေးအတည်ပြုမည့် လွှတ်တော်အသီးသီး၏ သတ္တမ ပုံမှန်အစည်းအဝေးများ စတင်ကျင်းပ
Published 16 January 2018

ဇန်နဝါရီ ၁၅ ရက်က နေပြည်တော်တွင်ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမ စတင်မီ တက်ရောက်လာသူများကို တွေ့ရစဉ်(ဓါတ်ပုံ - စည်သူ)

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ခြောက်လအထိ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကြမ်း၊ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း တို့ကို အဓိကဆွေးနွေး အတည်ပြုမည့် ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ သတ္တမပုံမှန် အစည်းအဝေးများကို ဇန်နဝါရီ ၁၅ ရက်တွင် နေပြည်တော်တွင် စတင်ကျင်းပခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သတ္တမပုံမှန်အစည်း အဝေးများကို ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်း တွင် စတင်ကျင်းပခဲ့ပြီး ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေးကို မွန်းလွဲပိုင်းတွင် စတင်ကျင်းပခဲ့သည်။

ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ပထမနေ့တွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာ ခြောက်လအထိ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဝင်းက လွှတ်တော်သို့ တင်သွင်းခဲ့သည်။

ယခု ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးကာလအတွင်း လက်ရှိ ဘဏ္ဍာနှစ်နှင့် ပြောင်းလဲ ကျင့်သုံးမည့် ဘဏ္ဍာနှစ်၏ ကြားကာလဖြစ်သည့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လတာ ကာလအတွက် အမျိုးသားစီမံကိန်းဥပဒေကြမ်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်ထောင်စု၏ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး အတည်ပြုပေးကြရမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

“ပြည်ထောင်စုအစိုးရအဖွဲ့က တင်ပြလာတဲ့ စီမံကိန်းလုပ်ငန်းများနဲ့ ရငွေ သုံးငွေများကို စိစစ်ကြတဲ့အခါမှာလည်း ခြောက်လ ကာလနဲ့ ကိုက်ညီပြီး မဲဆန္ဒရှင်ပြည်သူတွေရဲ့ လတ်တလော လိုအပ်ချက်နဲ့ တိုင်းပြည် ရေ ရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်၊ ဒေသအလိုက် လတ်တလောဖြည့်ဆည်းပေးရမယ့် လိုအပ်ချက်တွေကို အထိရောက်ဆုံးဖြစ်အောင်ဖြည့်ဆည်းနိုင်ရေး အလေးထား ဆောင်ရွက်ကြဖို့ မှာကြားလိုပါတယ်”ဟု နာယက မန်းဝင်းခိုင်သန်းက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် စာရင်းအင်းဥပဒေကြမ်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) တို့နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်ကို လွှတ်တော်သို့ အစီရင်ခံစာ ဖတ်ကြား တင်သွင်းခဲ့သည်။

ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမနေ့တွင်လည်း ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မေးခွန်းများမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်များ၊ ဥပဒေကြမ်းတို့နှင့်ပတ်သက်၍ ဆွေးနွေးဆောင်ရွက်ခဲ့သည်။

“လွှတ်တော်ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍနဲ့ ဥပဒေပြုရေးမဏ္ဍိုင်ရဲ့ တာဝန်တွေကို လည်း ကျွမ်းကျင်ပိုင်ဆိုင်စွာ ထမ်းဆောင်နိုင်ကြဖို့လည်း လိုအပ်ပါတယ်။ ကိုယ်စားလှယ်များက မေးမြန်းတဲ့ မေးခွန်းတွေတင်သွင်းတဲ့ အဆိုတွေ အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းတွေဟာ ပြည်သူလူထုအတွက် အကျိုးရှိ မရှိ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီ မညီ၊ လွှတ်တော် ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနဲ့ ကိုက်မကိုက်တို့ကို အသေအချာ ဆန်းစစ်လေ့လာပြီး ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကို ပြည်သူလူထုက ယုံယုံကြည်ကြည်နဲ့ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်ဝတ္တရားတွေကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အဂတိတရား ကင်းရှင်းစွာနဲ့ ဆက်လက်ကြိုးပမ်းအား ထုတ်ကြပါလို့ တိုက်တွန်းပြောကြားရင်း နှုတ် ခွန်းဆက်သလိုက်ပါတယ်”ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့အတူ အမျိုးသားလွှတ်တော်အစည်းအဝေး စတင်ချိန်တွင် ဥက္ကဋ္ဌက နှုတ်ခွန်းဆက် စကားပြောကြားခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်များ၊ ဥပဒေကြမ်းတို့နှင်ပတ်သက်၍လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Most Recent