မြန်မာနိုင်ငံတွင် ဘဝနှင့်ပေးကာ အဂတိလိုက်စားမှု အများဆုံးခံစားနေရသည့် ပုဂ္ဂိုလ်များသည် ဆင်းရဲနွမ်းပါးဆုံးပုဂ္ဂိုလ်များဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌပြောကြား

မြန်မာနိုင်ငံတွင် ဘဝနှင့်ပေးကာ အဂတိလိုက်စားမှု အများဆုံးခံစားနေရသည့် ပုဂ္ဂိုလ်များသည် ဆင်းရဲနွမ်းပါးဆုံးပုဂ္ဂိုလ်များဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌပြောကြား
Published 16 January 2018

နေပြည်တော်တွင် ပြုလုပ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် ဘဝနှင့်ပေးကာ အဂတိ လိုက်စားမှုအား အများဆုံးခံစားနေရသည့် ပုဂ္ဂိုလ်များသည် ဆင်းရဲနွမ်းပါးဆုံးပုဂ္ဂိုလ်များ ဖြစ်ပြီး အဂတိလိုက်စားမှုအားလျော့ပါးအောင် လုပ်နိုင်ပါက အနာဂတ်မျိုးဆက်တွင် ဆင်းရဲသည့်သူများအား အမှန်တကယ်ကာကွယ် နိုင်မည်ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

“ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ ဆင်းရဲ နွမ်းပါးတဲ့သူတွေကို အများဆုံးအကျိုးကျေးဇူးပြုမယ့် မဟာဗျူဟာ။ ဆင်းရဲနွမ်းပါးတဲ့သူတွေကို အများဆုံးအကျိုးကျေးဇူးပြုတယ်ဆိုတာ  တခြားကြောင့် ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ အဂတိလိုက်စားမှုကို ဒီတိုင်းပြည်မှာ အများဆုံးခံစားနေရတဲ့ပုဂ္ဂိုလ်တွေဟာ ဆင်းရဲနွမ်းပါးဆုံးပုဂ္ဂိုလ်တွေပါ။ သူတို့ဟာ ဘဝနဲ့ ပေးပြီးခံစားနေရတာပါ။ တကယ်တမ်းစဉ်းစားကြည့်မယ်ဆိုရင် ဒါကြောင့်အဂတိလိုက် စားမှုကိုလျော့ပါးအောင်လုပ်နိုင်ရင် အနာဂတ်မျိုးဆက်အတွက် ဆင်းရဲတဲ့သူတွေကို ကျွန်တော်တို့ တကယ်ကာကွယ်နိုင်မှာဖြစ်ပါတယ်” ဟု ကော်မရှင်ဥက္ကဋ္ဌဦးအောင်ကြည်က ပြောကြားသည်။

ဇန်နဝါရီ ၁၅ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ပူးပေါင်း ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်နှင့် ဗျူဟာများ ရေးဆွဲအကောင်အထည်ဖော်ခြင်းနှင့် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွက် တားဆီးကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းထူထောင်ခြင်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုလျော့ပါးရေးအတွက် အထူးအလေးအနက်ထားကာ ဆောင်ရွက်နေပြီး ယင်းဆောင်ရွက်ချက်များအရ အနာဂတ်တွင်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အတွက် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ အများအပြားရှိနေကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောကြားသည်။

၎င်းက “ကျွန်တော်တို့ရဲ့အဂတိလိုက်စားမှု လျော့ပါးရေးအတွက် အထူးအလေးအနက်ထားပြီးတော့ ဆောင်ရွက်နေပါတယ်။ ဒီဆောင်ရွက်ချက်တွေအရဆိုရင် အနာဂတ်မှာ ကျွန်တော်တို့ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတွေလည်း အများအပြားရှိနေမှာဖြစ်ပါတယ်။ အဲဒီ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်တော်တို့မှာ လိုအပ်တဲ့ပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်စရာအလုပ်တွေအများကြီး ကျန်နေပါတယ်။ အဲဒီအလုပ်တွေအားလုံးကို လုပ်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ဟာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ UN agency တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ပြည်သူလူထုတစ်ရပ်လုံးနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ ဒီအခွင့်အရေးဟာ ကျွန်တော်တို့လက်ထဲမှာ အခုရှိနေပါပြီ။ ကျွန်တော်တို့ရဲ့ဒီအခွင့်အရေးကို ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ကို အားပေးကူညီမယ့် နိုင်ငံတကာအဖွဲ့အစည်းတွေလည်း ရှိတယ်။ တိုင်း ပြည်တွေလည်း ရှိနေပါတယ်။ ကမ်းလှမ်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိနေကြပါတယ်။ ဒါကြောင့် ဘာမှအားငယ်စရာမရှိပါဘူး။ ရှေ့ကို ဒီထက်ပိုပြီး နီးနီးကပ်ကပ်ပူးပေါင်းဆောင်ရွက်သွားကြပါလို့ ပြောကြားလိုပါတယ်”ဟု ဆက်လက်ပြောကြားသည်။

အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ် အနေဖြင့် ၅၂ ရက်တာ ကာလအတွင်း လုပ်ငန်းစီမံချက်(Action Plan) အား ရေးဆွဲခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်သည့် အမျိုးသားမူဝါဒတစ်ရပ်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ဖွယ်ရှိသည့် မဟာဗျူဟာအစီအစဉ်အား ရေးဆွဲကြရမည်ဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားသည်။

ဦးအောင်ကြည်က “အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနဲ့ပတ်သက်တဲ့ အမျိုး သားမူဝါဒတစ်ရပ်အဖြစ် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ဖွယ်ရှိတဲ့ မဟာဗျူဟာအစီအစဉ်တစ်ခု ကျွန်တော်တို့ ရေးဆွဲကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာအစီအစဉ်ဟာ ဒီတိုင်းပြည်ကြီးရဲ့အနာဂတ် မျိုးဆက်သစ်တွေရဲ့ တိုးတက်ကြီးပွားမှု၊ သာယာဝပြောမှု ရရှိစေဖို့အတွက် အရေးကြီးတဲ့အချက်တွေကို ကျွန်တော်တို့ အကောင်အထည်ဖော်ပြီး ရေးဆွဲကြရမှာဖြစ်ပါတယ်”ဟု ဆက်လက် ပြောကြားသည်။

အသစ်ပြင်ဆင်ဖွဲ့စည်းထားသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာလကုန်ထိ တိုင်ကြားစာ ၃၉၂ စောင်ရရှိခဲ့ပြီး စိစစ်ဆဲအမှု ၁၈၈ မှု ရှိကြောင်း သိရသည်။

Most Read

Most Recent