w မိသားစုစီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ စွပ်စွဲမှုများ မမှန်ကန်ကြောင်း ဧရာဝတီတိုင်း ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် မန်းဂျော်နီ ရှင်းလင်း - Eleven Media Group <

မိသားစုစီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ စွပ်စွဲမှုများ မမှန်ကန်ကြောင်း ဧရာဝတီတိုင်း ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် မန်းဂျော်နီ ရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည့် မန်းဂျော်နီ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (ဓာတ်ပုံ-မင်းသူဝင်းထွဋ်)

ဧရာတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရခြင်းမှာ မိသားစုစီးပွားရေး လုပ်ငန်းများကို မထိန်းချုပ်နိုင်သောကြောင့်ဟု ပြည်တွင်းသတင်းမီဒီယာ တစ်ခု၌ စွပ်စွဲ ရေးသားထားမှုမှာ မှန်ကန်မှု မရှိကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ်ရာထူးနှင့် ပါတီဗဟို CEC ရာထူးတာဝန်တွင် ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက ဇန်န၀ါရီ ၁၂ ရက်က ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၀န်ကြီးချုပ်ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

မန်းဂျော်နီက ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ ရှင်းလင်း ပြောကြားစဉ် ၀န်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရခြင်းမှာ ကျန်းမာရေး မကောင်းတော့သောကြောင့် တာဝန်များကို အပြည့်အ၀ မထမ်းဆောင်နိုင်တော့မည်ကို စိုးရိမ်သောကြောင့် ဖြစ်ကြောင်း၊ ကျန်းမာရေး အနေအထားမှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်ပွဲတွင် ဘောလုံးကန်စဉ်က လက်ကျိုးခဲ့ခြင်း၊ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်မှုများ ရှိခဲ့ခြင်း၊ မျက်လုံးခွဲစိတ်ထားရခြင်း၊ အူရောင်ငန်းဖျား ရောဂါကဲ့သို့ ရောဂါဖြစ်ပွားနေခြင်း တို့ကြောင့် အနားယူခဲ့ခြင်း ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်အဖြစ် နှစ်နှစ်တာကာလ တာဝန်ယူခဲ့စဉ်အတွင်း တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာလုပ်ဆောင် ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတက တာဝန်ပေးအပ်မည့် ၀န်ကြီးချုပ်အသစ်မှာလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပါတီဝင်ကိုယ်စားလှယ်သာ ဖြစ်သောကြောင့် ၀န်ကြီးချုပ် ဖြစ်သော်လည်း ပါတီအတွင်း Roll အရ ၎င်းမှာ CEC ဖြစ်နေသောကြောင့် ကူညီထိန်းကျောင်း ပေးနိုင်မည် ဖြစ်ကြောင်း၊ ၎င်းရာထူးမှ နုတ်ထွက်ရသည့် အကြောင်းနှင့် ပတ်သက်၍ မိသားစုစီးပွားရေး လုပ်ငန်းများကို မထိန်းချုပ် နိုင်သောကြောင့်ဟု စွပ်စွဲရေးသား ဖော်ပြနေခြင်းမှာ မှန်ကန်မှုမရှိကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက ပြောကြားသည်။

“အဲဒါသိပ်ကြိုက်တာပေါ့။ ဒီထဲမှာ ဧရာဝတီ သတင်းထောက်များပါလား။ ပါလို့ရှိရင် ပြောပါ။ အဲဒီလိုလုပ်တဲ့သူ ချက်ချင်းပြောပါ။ ငါအခုသွားဖမ်းပြီးတော့ ငါအခု ထောင်ထဲထည့်မယ်။ အခုပြော ငါ့ဆီမှာ အဲဒီလောက်ထိ လုပ်ငန်းကို လုပ်နိုင်တဲ့ စီးပွားရေး လုပ်ငန်းဆိုတာ မရှိဘူး။ ငါကိုယ်တိုင်လည်း မလုပ်နိုင်လို့ ဆင်ခေါင်းကြီး သွားကြည့်ပါ။ အခုပြီးရင် လိုက်ပြပေးမယ်။ ငါ့အစ်မကြီး မနေ့တစ်နေ့ကမှ သေသွားတယ်။ သူဘယ်လို နေပြီးတော့ ဘယ်လိုစားရတယ်ဆိုတာ အခုပြောထားသည် လုံးဝလက်မခံနိုင်ဘူး။ ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စ အခုသားကို ပြောပြီးပြီနော်။ မင်းကိုပြောပြီးပြီနော်။ ချက်ချင်းပြောပါ။ အဲဒီလူက ဘယ်သူလဲ။ ချက်ချင်းပြော။ အဲဒီလူကို ချက်ချင်းဖမ်းပြီးတော့ ချက်ချင်းအချုပ်ထဲ ထည့်ပစ်လိုက်မယ်။ အဲဒီအထိ ကတိပေးရဲပါတယ်” ဟု ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက ပြောကြားသည်။

ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သော မန်းဂျော်နီက မီဒီယာများအား ရှင်းလင်းမှုအပြီး နှုတ်ဆက်နေစဉ် (ပုံသေး)၊ သတင်းရယူနေသူများအား တွေ့ရစဉ် (ပုံကြီး)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင်သာမက အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ၀န်ကြီးများ ရာထူးမှ နုတ်ထွက်ရသည့် အကြောင်းမှာ ပါတီအတွင်း ဖိအားများကြောင့် နုတ်ထွက်ရသည်ဟု သတင်းများ ထွက်ပေါ်နေမှုအပေါ် ၀န်ကြီးချုပ်(ငြိမ်း) မန်းဂျော်နီက ပါတီဗဟို CEC တစ်ဦးအနေဖြင့် “တို့က CEC ဖြစ်တဲ့အတွက်ကြောင့်မို့ တို့ကောင်းကောင်းသိတယ်။ အခြားတိုင်း မကွေးတိုင်း နောက်ပဲခူးလား ထွက်သွားတယ်။ ဒီဧရာဝတီတိုင်းကတော့ ကိုယ်ကိုယ်တိုင် လိုလိုလားလားနဲ့ ကျန်းမာရေးကြောင့် စိတ်ရွှေ့ရာ ခန္ဓာကိုယ်က မပါနိုင်တော့ဘူးလေ။ တာဝန်အပြည့်အ၀ မထမ်းဆောင်နိုင်မှာစိုးလို့ တခြားတိုင်းတွေကျတော့ ငါမပြောတတ်ဘူး။ ပွင့်ပွင့်လင်းလင်း ပြောတာနော်။ တခြားတိုင်းတွေရဲ့ အစိတ်အပိုင်းကတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ် ငါမပြောတတ်ဘူး။ သူတို့ဟာနဲ့ သူတို့ပေါ့။ ငါမသိဘူး” ဟု ပြောကြားသည်။

ဝန်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီမှာ ၀န်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်မှ စတင်ကာ အဂတိတရား ကင်းစင်ရေးအား အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ကြွေးကြော်လုပ်ဆောင် ခဲ့သော်လည်း ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည့် နှစ်နှစ်တာကာလအတွင်း ၀န်ထမ်းများကို ထိန်းချုပ်နိုင်မှု နည်းပါးခဲ့သည်ဟု ဝေဖန်မှုများ အပေါ်တွင်လည်း ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက အဂတိလိုက်စားမှုများမှာ သိမ်မွေ့နက်နဲလွန်းကြောင်း၊ ပြည်သူများ ပူးပေါင်းမပါဝင်ပါက အောင်မြင်မည် မဟုတ်ကြောင်း၊ ပြည်သူများမှ တိကျစွာ တိုင်ကြားမှုများ မရှိခဲ့သောကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု နည်းပါးခဲ့ကြောင်း အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ၀န်ကြီးချုပ် (ငြိမ်း) မန်းဂျော်နီက ထည့်သွင်း ပြောကြားသည်။

January 12, 2018














Copy Protected by Chetan's WP-Copyprotect.