နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂျပန်နိုင်ငံခြားရေးဝန်ကြီး သီးခြားစီတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂျပန်နိုင်ငံခြားရေးဝန်ကြီး သီးခြားစီတွေ့ဆုံ
Published 13 January 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဇန်နဝါရီ ၁၂ ရက်က နေပြည်တော်တွင် တွေ့ဆုံပြီးနောက် သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်စဉ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အား ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Taro KONO နှင့်အဖွဲ့က ဇန်နဝါရီ ၁၂ ရက် က နေပြည်တော်တွင် သီးခြားစီတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၂ ရက် နံနက် ၉ နာရီခွဲက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Taro KONO ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဂျပန် နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ် ဖွံ့ ဖြိုးတိုးတက်ရေးကိစ္စရပ်များအပေါ် ဂျပန် နိုင်ငံမှ ဆက်လက် အကူအညီပေးအပ်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီနှင့် မစ္စတာကိုဖီအာနန် အကြံပေးကော်မရှင်၏ အကြံပြုချက်များဖြစ်သည့် ရေတိုနှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများတွင် ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးရေးကိစ္စများကို အလေးပေးဆွေးနွေးခဲ့ကြကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဂျပန်နိုင်ငံ အစိုးရနှင့် ပုဂ္ဂလိက တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ဂျပန်ယန်း ဘီလျံ ၈၀၀ သုံးစွဲ အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ၊ ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းဖြစ်သည့် သုံးနာရီခွဲဖြင့် သွားရောက်နိုင်မည့် ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ မတိုင်မီတွင်လည်းကောင်း၊ ရှစ်နာရီဖြင့် သွားရောက်နိုင်မည့် ရန်ကုန်-မန္တလေးရထားလမ်းပိုင်းကို ၂၀၂၃ ခုနှစ်တွင်လည်းကောင်း ပြေး ဆွဲနိုင်ရန် အဆင့်မြှင့်တင်မည့်ကိစ္စရပ်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E Mr. Taro KONO တို့သည် နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဆက်လက်ကျင်းပခဲ့ပြီး သတင်းထောက်များ၏ မေးမြန်းမှုများအား ပြန်လည်ဖြေကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Taro KONO  နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် နေပြည်တော် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်တွင် ဆက်လက်တွေ့ဆုံခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး H.E Mr. Taro KONO  နှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၁ ရက်က လေကြောင်း ခရီးစဉ်ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၎င်းနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ရေဝေးသုသာန်ဝင်းရှိ ဂျပန်စစ်သချုႋင်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်၊ စစ်တွေ မြို့နှင့် မောင်တောဒေသသို့လည်းကောင်း၊ ရန်ကုန်မြို့၊ သီလဝါ အထူးစီးပွားရေးဇုန်သို့လည်းကောင်း သွားရောက် လေ့လာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent