<

ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်ျတာစကေး ၆ အဆင့်ရှိ ငလျင်အပါအ၀င် နှစ်ပတ်အတွင်း ငလျင် ၁၅ ကြိမ် လှုပ်ခတ်ခဲ့

ဖြူးမြို့တွင် ဇန်န၀ါရီ ၁၂ ရက်က လှုတ်ခတ်ခဲ့သည့် ငလျင်အား တိုင်းတာထားစဉ်

ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် ၁၇ မိုင်ခန့်အကွာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သည့် အင်အားရစ်ခ်တာစကေး ၆ အဆင့်ရှိ ငလျင်အပါအ၀င် နှစ်ပတ်တာ ကာလအတွင်း ငလျင် ၁၅ ကြိမ်အထိ လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောကြားသည်။

“ဇန်န၀ါရီ ၁ ရက်က အခုချိန်ထိ စုစုပေါင်း ငလျင် ၁၄ ကြိမ်အထိ လှုပ်ခဲ့တယ်။ အင်အားပြင်းငလျင်တွေမှာ နောက်ဆက်တွဲ ငလျင်တွေ ဆက်လှုပ်တယ်။ အခုငလျင်ကတော့ တအားကြီး အင်အားမများဘူး။ တချို့နိုင်ငံတွေမှာဆို အင်အား ရှစ်ကျော်တဲ့အခါ ပိုပြီးတော့ နောက်ဆက်တွဲငလျင်လိုက်တာ များတယ်။ အချိန်ကာလ အားဖြင့်လည်း ကြာတယ်။ အခုလှုပ်ခတ်သွားတဲ့ ငလျင်ကလည်း နောက်ဆက်တွဲလေးတွေ ထက်လှုပ်နိုင်တာကိုတော့ သတိပြုဖို့လိုတယ်။ မြန်မာနိုင်ငံမှာတော့ အဓိက ပြတ်ရွေ့ကြီးတော့ စစ်ကိုင်းပြတ်ရွေ့ကြီး ဖြစ်တယ်။ စစ်ကိုင်းပြတ်ရွေ့က ကမ္ဘာ့မြေငလျင်ပညာရှင်တွေ စိတ်ဝင်စားတဲ့ ပြတ်ရွေ့တစ်ခုဖြစ်တယ်” ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

အဆိုပါ လှုပ်ခတ်ခဲ့သည့် ငလျင်များသည် ဇန်န၀ါရီ ၁ ရက်တွင် ၃ ဒသမ ၉ ရစ်ခ် တာစကေး၊ ဇန်န၀ါရီ ၂ ရက်တွင်  ၄ ဒသမ ၀ နှင့် ၃ ဒသမ ၇ ရစ်ခ်တာစကေးရှိ ငလျင်နှစ်ခု၊ ၄ ရက်နေ့တွင် ရစ်ခ်တာစကေး ၄ ဒသမ ၆၊ ဇန်န၀ါရီ ၆ ရက်တွင် ရစ်ခ်တာစကေး ၃ ဒသမ ၇၊ ဇန်န၀ါရီ ၇ရက်တွင် ရစ်ခ်တာစကေး ၄ ဒသမ ၀ နှင့် ၅ ဒသမ ၈ အဆင့်ရှိ ငလျင်နှစ်ခု၊ ဇန်န၀ါရီ ၁၀ ရက်တွင် ရစ်ခ်တာစကေး ၄ ဒသမ ၁ ၊ ဇန်န၀ါရီ ၁၂ ရက်တွင် ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင် ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး(၆ဒသမ၀) အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး နောက်ဆက်တွဲ ငလျင်အဖြစ် ရစ်ခ်တာ စကေး ၅ ဒသမ ၃ အဆင့်ရှိ ငလျင်သုံးခုနှင့်၊ ရစ်ခ်တာစကေး ၄ ဒသမ ၇နှင့် ၄ ဒသမ ၆ အဆင့်ရှိ ငလျင်များလှုပ်ခတ်ခဲ့ သည်။ ထို့ပြင် ဇန်န၀ါရီ ၁၂ ရက် နေ့လယ် ၁ နာရီ ၅၉မိနစ် ၄၈ စက္ကန့်အချိန်တွင် ဟုမ္မလင်းမြို့၏ အရှေ့မြောက်ဘက် ၂၃ မိုင်ခန့်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် စုစုပေါင်း ငလျင်လှုပ်ခတ်မှု ၁၅ ကြိမ်အထိ ရှိပြီဖြစ်ကြောင်း သိရသည်။

“ဇန်န၀ါရီ ၁၂ ရက်မှာ လှုပ်သွားတဲ့ငလျင်က ပဲခူးရိုးမမှာရှိတဲ့ ပြတ်ရွေ့က လှုပ်သွားတာရှိတယ်။ အရင်တုန်းကတော့ ဖြူးငလျင်တို့ ဘာတို့တော့ရှိတယ်။ အဲ့နားတော့ မဟုတ်ဘူး။ အခုဟာက ပဲခူးရိုးမဘက်မှာ ငလျင်ငယ်လေးတွေ  မကြာခဏတော့ လှုပ်တယ်။ ဗဟိုချက်က ရိုးမပေါ်မှာ ဖြစ်နေတဲ့အတွက် လူနေသိပ်သည်းမှု နည်းတယ်။ အဆောက်အအုံလည်း နည်းတယ်။ စုံစမ်းကြည့်တာတော့ ဖြူးတို့ တောင်ငူတို့ဘက်မှာ အပျက်အစီး မရှိဘူးလို့ သိရတယ်။ အင်အားက ၆ ဒသမ ၀ ဆိုတော့ နည်းနည်းတော့များတယ်။ လှုပ်တာက တောထဲမှာဆိုတော့ အပျက်အစီး မများတာ ဖြစ်တယ်” ဟု ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၀၀ နာရီ ၅၆ မိနစ်၊ ၂၃ စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်သည် ဇောက်တိမ်ငလျင်ဖြစ်ပြီး အနက် ၁၀ ကီလိုမီတာသာရှိကြောင်း၊ ယင်းငလျင် လှုပ်ခတ်ခဲ့သည့် ပြတ်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့ မဖြစ်နိုင်ဘဲ ပဲခူးရိုးမ အနောက်ပြတ်ရွေ့ ဖြစ်နိုင်ကြောင်း၊ အသေးစိတ် သိရှိနိုင်ရန်အတွက် လေ့လာမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြားသည်။

အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့မှုကြောင့် အဆိုပါနေရာအနီးတွင် တည်ရှိသော ဇောင်းတူ၊ ရဲနွယ်၊ ကွန်းချောင်း၊ ခပေါင်း၊ ရွှေကျင်၊ ဖြူးချောင်း၊ သောက်ရေခပ် (၂) ရေအား လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၏ တမံများ၊ ရေယူအဆောက်အအုံများ၊ Switchyard များ၊ ၀န်ထမ်းအိမ်ရာနှင့် ဆက်စပ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှု မရှိကြောင်း လျှပ်စစ်စွမ်းအင် ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ခတ်ခဲ့မှုကို ဖြူး၊ တောင်ငူ၊ ပြည်၊ ပဲခူး၊ လက်ပံတန်း၊ နေပြည်တော်၊ ရန်ကုန်တိုင်းအတွင်း တာမွေ၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ လှိုင် အစရှိသည့် မြို့နယ်အများစုတွင် ငလျင်လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ရကြောင်း သိရသည်။

ငလျင်အန္တရာယ်သည် ကြိုတင်ခန့်မှန်းတွက်ဆမှု မပြုလုပ်သည့် သဘာဝဘေး အန္တရာယ် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် ငလျင်ကြောကြီး ငါးခုနှင့် ငလျင်ငယ် အခု ၄၀ ခန့်ရှိပြီး ငလျင်အန္တရာယ်ကို အချိန်မရွေး ကျရောက်နိုင်သော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပါက အင်အား ၁ ရစ်ခ်ျ တာစကေး ၁ မှ ၄ ဒသမ ၉ အထိလှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်ကာ ရစ်ခ်ျတာစကေး ၅ မှ ၅ ဒသမ ၉အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်နှင့်  ပျက်စီးမှု အနည်းအငယ်ရှိနိုင်ပြီး ရစ်ခ်ျတာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ်ခတ်ပါက အင်အားပြင်းအဆင့် သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ခ်ျတာစကေး ၇ ဒသမ ၆နှင့် အထက် လှုပ်ခတ်သောငလျင်ကို အားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အဓိကပြတ်ရွေ့ကြော ဖြစ်သော စစ်ကိုင်းပြတ်ရွေ့သည် ဘေးတိုက်ပြတ်ရွေ့ဖြစ်သဖြင့် စစ်ကိုင်းပြတ်ရွေ့ကြောင့် ငလျင်လှုပ်ခတ်ခဲ့သည်ရှိသော် အထက်အောက်လှုပ်ရှားမှုထက် ဘေးတိုက်လှုပ်ရှားမှုများကို ပို၍ခံစားရမည့်အပြင် ပို၍ထိခိုက်ပျက်စီးမှု များမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီးများဖြစ်သော မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး၊ ပဲခူးတို့တွင် ယခုကဲ့သို့ အင်အားပြင်းထန်သော ငလျင်ကြီးများ လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ်ကြီးများစွာ ကျရောက်မည်ဖြစ်ကြောင်း သိရသည်။

January 12, 2018














Copy Protected by Chetan's WP-Copyprotect.