<

နှစ် (၇၀) ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ မြစ်ကြီးနား မနောကွင်း၊ အစိုးရရုံးဝင်းအတွင်းနှင့် ဖားကန့်မြို့တွင် ကျင်းပ

နှစ် (၇၀) ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ ဖားကန့်မြို့ ကျောက်တိုင်ကွင်း၌ ဇန်န၀ါရီ ၁၀ ရက်တွင် ပြုလုပ်စဉ် (ဓာတ်ပုံ-အောင်ဟိန်းမင်း)

နှစ် (၇၀) ပြည့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲကို ကချင်ပြည်နယ် အစိုးရ၀င်းအတွင်း၊ မြစ်ကြီးနား မနောကွင်းနှင့် ဖားကန့်မြို့၊ ကာမိုင်းမြို့တို့တွင် ဇန်န၀ါရီ ၁၀ ရက်က တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်နေ့ကို ပြည်နယ်အစိုးရ၀င်းအတွင်းရှိ မြက်ခင်းပြင်၌ပြုလုပ်ခဲ့ကာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော် ပေးပို့သော သ၀ဏ်လွှာကို ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဒေါက်တာသင်းလွင်က ဖတ်ကြားခဲ့သည်။

ကချင်ပြည်နယ်နေ့အတွက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော သ၀ဏ်လွှာတွင် “ဇန်န၀ါရီ ၁၀ ရက်တွင် ကျရောက်သော နှစ် (၇၀) ပြည့် ကချင်ပြည်နယ်နေ့သည် ကချင်တိုင်းရင်းသား ညီအစ်ကိုများအတွက် နေ့ထူးနေ့မြတ်ဖြစ်ပြီး ဒီနေ့မှာ ကချင်တိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုဖွား တိုင်းရင်းသားများအားလုံး မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံပါစေကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်တွင် ပြည်နယ်ညီလာခံရဲ့ ပထမဆုံး အစည်းအဝေး ကျင်းပခဲ့ပြီး ကချင်ပြည်နယ်ကောင်စီ အစည်းအဝေးက ကချင်ပြည်နယ်အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းကို ဂုဏ်ပြုတဲ့အနေဖြင့် ဇန်န၀ါရီ ၁၀ ရက်ကို ကချင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ပြဋ္ဌာန်းခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ရာ နှစ် (၇၀) ပြည့်ခဲ့ပြီ ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင် ခရိုင် လေးခရိုင်၊ မြို့နယ် ၁၈ မြို့နယ်၊ မြို့ ၃၀ မြို့ ပါဝင်ပြီး ကချင်မျိုးနွယ်စု ဂျိန်ဖော့၊ ရ၀မ်၊ လီဆူ၊ လာချိတ်၊ လော်ဝေါ်၊ ဇိုင်ဝါးနှင့် အခြားတိုင်းရင်းသားများ အပါအ၀င် လူဦးရေ စုစုပေါင်း ၁၆ သိန်းကျော်သော တိုင်းရင်းသားများ အတူတကွ ချစ်ကြည်ရင်းနှီးစွာ စုပေါင်းနေထိုင်သော ပြည်နယ်ဖြစ်ကြောင်းနှင့် ကချင်ပြည်နယ်တွင် ရွှေ၊ ကျောက်စိမ်း၊ ပယင်း စတဲ့ အဖိုးတန် သယံဇာတများ ပေါများကြွယ်ဝသလို အရှေ့တောင်အာရှဒေသရဲ့ နှင်းဖုံးတောင်တန်းတွေရှိပြီး အလွန်သာယာလှပတဲ့ သဘာဝပတ်ဝန်းကျင်ကို ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီး မြစ်ဖျားခံရာဒေသ ဖြစ်ကြောင်း”စသည့် အချက်များ ပါဝင်သည်။

ထို့ပြင် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနားမြို့ မနောကွင်းတွင်လည်း ကချင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများ ပါဝင်ကျင်းပခဲ့ပြီး ဆုတောင်းခြင်း ၊ အားကစားပြိုင်ပွဲ နှင့် ကချင်လူမျိုးထဲမှ ထူးချွန်သူများကို ဆုချီးမြင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အင်ဂျန်းယန်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်က ကချင်ပြည်နယ်နေ့ ဇန်န၀ါရီ ၁၀ ရက်ကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ကချင်ပြည်နယ်လွှတ်တော်တွင် တင်သွင်းခဲ့ရာ လွှတ်တော်က လျှို့ဝှက်မဲပေးစနစ်ဖြင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၇ မဲ၊ ကန့်ကွက်မဲ ၂၉ မဲနှင့် ကြားနေမဲ ၂ မဲဖြင့် အဆိုရှုံးနိမ့်ခဲ့သည်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မိုးနော်က “ကျွန်တော့်အနေနဲ့က ဒီနေ့လို မြစ်ကြီးနား ပြည်သူလူထု ဌာနပေါင်းစုံနဲ့ ဓမ္မဆရာတွေ ဦးဆောင်ပြီး ကချင်ပြည်နယ်နေ့ အခမ်းအနားကို ဆိုက်ဆိုက်မြိုက်မြိုက် ကျင်းပတဲ့နေရာမှာ အားကစားပိုင်းရော ဌာနဆိုင်ရာတွေရော အားလုံးပါဝင်ပြီးမှ ကျင်းပနေတဲ့ အနေအထားတွေ့ရတဲ့အတွက် ၀မ်းသာပါတယ်။ ကချင်ပြည်နယ်ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး ပြည်သူတွေ ပျော်ပွဲရွှင်ပွဲတွေ အားကစားတွေ ကျင်းပဖို့ လွှတ်တော်မှာ တင်ခဲ့ပေမယ့် မဲခွဲဆုံးဖြတ်ပြီး မဲရှုံးခဲ့ပါတယ်။ နိုင်ငံတော်ခေါင်းဆောင်၊ ပြည်နယ်ခေါင်းဆောင်တွေအားလုံး သဘောပေါက်ပြီးမှ အခုလို ဦးဆောင် ကျင်းပလာတာကို ကျွန်တော့်အနေနဲ့ အားရပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ဆိုသည်။














Copy Protected by Chetan's WP-Copyprotect.