အင်းဒင်ကျေးရွာ သုသာန်၌ တွေ့ရှိရသည့် ရုပ်အလောင်းများမှာ ဘင်္ဂါလီ အကြမ်းဖက်များ၏ ရုပ်အလောင်းများဖြစ်ပြီး ၎င်းတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အင်းဒင်ရွာသားအချို့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်

အင်းဒင်ကျေးရွာ သုသာန်၌ တွေ့ရှိရသည့် ရုပ်အလောင်းများမှာ ဘင်္ဂါလီ အကြမ်းဖက်များ၏ ရုပ်အလောင်းများဖြစ်ပြီး ၎င်းတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အင်းဒင်ရွာသားအချို့က သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ထုတ်ပြန်
Published 11 January 2018

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုသာန်၌ အမည်မသိ ရုပ်အလောင်းများမှာ အကြမ်းဖက်ဘင်္ဂါလီများ၏ ရုပ်အလောင်းများဖြစ်ပြီး ၎င်းတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်အချို့နှင့် အင်းဒင်ရွာသားအချို့က သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇန်နဝါရီ ၁၀ ရက်တွင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ လူများကို သတ်ဖြတ် မြှုပ်နှံထားမှုနှင့် ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း  ဦးစီးသည့် အဖွဲ့ဝင် ငါးဦးပါ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စစ်ဆေးခဲ့ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီ  ၂ ရက် အထိ အင်းဒင်ကျေးရွာအုပ်စု အတွင်းရှိ အခင်းဖြစ်ပွားခဲ့သည့် နေရာများကို သွားရောက်၍ တပ်မတော်သား သက်သေ ၂၁ ဦး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် သုံးဦး၊ အမှတ်(၈) လုံခြုံရေးတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင် ၁၃ ဦး၊ အင်းဒင်ရွာသား ခြောက်ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း ခြောက်ဦးတို့ကို စစ်ဆေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ဆေးတွေ့ရှိချက်များအရ အင်းဒင်ကျေးရွာအုပ်စုတွင် တိုင်းရင်းသားရွာများဖြစ်သော အင်းဒင် (ရခိုင်) ရွာ၊ ပဲရုံ (နတလ) ရွာ နှစ်ရွာနှင့် ဘင်္ဂါလီရွာ သုံးရွာ ပါဝင်ကြောင်း၊ တိုင်းရင်းသား နှစ်ရွာတွင် အိမ်ခြေ ၁၇၆ လုံး၊ လူဦးရေ ၈၄၀ ရှိပြီး ဘင်္ဂါလီသုံးရွာတွင် အိမ်ခြေ ၈၀၀ ၊ လူဦးရေ ၆၀၀၀ ခန့် ရှိကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း ဘင်္ဂါလီများမှာ တိုင်းရင်းသားများအပေါ် တင်းမာစွာ ဆက်ဆံပြီး ခြိမ်းခြောက်မှုများ ပြုလုပ်လာခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်တွင် အင်းဒင်ကျေးရွာသား ဦးမောင်နီအား ဘင်္ဂါလီ အကြမ်းဖက်သမားများက လယ်တောသို့ သွားစဉ် ဝိုင်းဝန်းဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း၊ ထိုသို့ သတ်ဖြတ်ခဲ့ခြင်းကြောင့် ဦးမောင်နီ၏ မိသားစုဝင်များသည် ဘင်္ဂါလီများအပေါ် စိတ်နာကြည်းလျက်ရှိကြောင်း၊ ၎င်းအပြင် အင်းဒင်ဘင်္ဂါလီကျေးရွာမှ ဘင်္ဂါလီများက သြဂုတ် ၂၅ ရက်မှစ၍ အင်းဒင်တိုင်းရင်းသားရွာကို တုတ်၊ ဓားများ ကိုင်ပြီး အဝေးမှ နေ့/ည လူအုပ်ဖြင့် ဝိုင်းဝန်း ခြိမ်းခြောက်ကြကြောင်း၊ ဘင်္ဂါလီရွာဘက်မှ အသံချဲ့စက်ဖွင့်၍ ဘင်္ဂါလီဘာသာဖြင့် ညာသံပေးကာ ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်း၊ ရွာသားများမှာ ကြောက်ရွံ့ထိတ်လန့်လျက် အိမ်တွင် မနေရဲဘဲ အင်းဒင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် သွားရောက် စုပေါင်းနေထိုင်ခဲ့ရ ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ကျေးရွာများ၏ အကူအညီတောင်းခံမှုအရ အချိန်မီရောက်ရှိ လုံခြုံရေး ဆောင်ရွက်ပေးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

အင်းဒင်ကျေးရွာတွင် လုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ ရက်တွင် ပင်လယ်ကမ်းစပ်ဘက်သို့ နယ်မြေရှင်းလင်းစဉ် ဘင်္ဂါလီ အကြမ်းဖက်အင်အား ၂၀၀ ခန့်က တုတ်၊ ဓားများ ကိုင်ဆောင်ကာ ဝိုင်းရံ တိုက်ခိုက်ခဲ့သဖြင့် သေနတ် မိုးပေါ်ထောင်ဖောက်၍ သတိပေး တားမြစ်ခဲ့ပြီးနောက် ဘင်္ဂါလီများ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းတို့အား စက်တင်ဘာ ၁ ရက် ညပိုင်းတွင် စာသင်ကျောင်း၌ ချုပ်နှောင်ထားစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ က စစ်ဆေး မေးမြန်းချက်များအရ ၎င်းတို့သည် အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွှယ်မှု ရှိနေကြောင်း၊ ကျေးရွာတွင် နေထိုင်စဉ် မော်လဝီဆရာများက အကြမ်းဖက်လုပ်ငန်းများတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် စည်းရုံးခံထားရသူများ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရဲစခန်းသို့ အပ်နှံရမည် ဖြစ်သော်လည်း အင်းဒင်နယ်မြေ ရဲစခန်းရှိ မော်တော်ယာဉ် နှစ်စီးအား သင်္ဘောကွေ့ကျေးရွာတွင် ဘင်္ဂါလီ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ထိုအချိန်ကာလတွင် နယ်မြေဝန်းကျင်တစ်ဝိုက်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေးကို ဖြန့်ခွဲ ဆောင်ရွက်နေရသည့်အတွက် ၎င်းဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးအား ရဲစခန်းသို့ လက်ဆင့်ကမ်း ပို့ဆောင်နိုင်သည့် အခြေအနေ မရှိခြင်းတို့ကြောင့် ၎င်းတို့အား သုသာန်သို့ ခေါ်ဆောင် သတ်ဖြတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ၎င်းတို့အား စာသင်ကျောင်း၌ ဖမ်းဆီး ထိန်းသိမ်းထားရာမှ  စက်တင်ဘာ ၂ ရက် နံနက် ၈ နာရီတွင် အင်းဒင်ကျေးရွာ ပဲရုံသုသာန်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယင်းသို့ ခေါ်ဆောင်စဉ် အင်းဒင်ရွာသားများက လမ်းပြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လိုက်ပါခဲ့ကြောင်း၊ ၎င်းတို့နောက်တွင် ဘင်္ဂါလီအကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းခံရသူ ဦးမောင်နီ၏သားများ အပါအဝင် ရွာသား ၁၀ ဦးကလည်း ဓားနှင့် ပေါက်ပြားများကိုင် ဆောင်၍ လိုက်ပါသွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ပဲရုံသုသာန်ရောက်ရှိချိန်တွင် ရွာသားအချို့က တောင်ကုန်း နှစ်ခုကြား လျှိုအတွင်း ကျင်းတူးခဲ့ကြောင်း၊ ထို့နောက် ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးအား ကျင်းအတွင်း ဆင်းစေပြီး ဦးမောင်နီ၏ သားနှစ်ဦးနှင့် ရွာသားတစ်ဦးက ဘင်္ဂါလီ အကြမ်းဖက်သမားများကို ဓားဖြင့် ခုတ်ခဲ့ကြောင်း၊ ၎င်းနောက် ရုန်းရင်းဆန်ခတ်ဖြစ်နေသဖြင့် ကျင်းအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးကလည်း သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးရမိ ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦးသည် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်သူများဖြစ်ခြင်း၊ ၎င်းတို့ ဘင်္ဂါလီရွာသားများမှ ဦးမောင်နီအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း၊ တိုင်းရင်းသားများအား ခြိမ်းခြောက် အနိုင်ကျင့်မှုများ ရှိခဲ့ခြင်းတို့ကြောင့် တိုင်းရင်းသားများမှ စိတ်နာလျက် ပြန်လည်လက်စားချေ သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လျက်ရှိရာမှ ဖမ်းဆီးရမိ ဘင်္ဂါလီ အကြမ်းဖက်သမား ၁၀ ဦးအား သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်တွင် အင်းဒင်ကျေးရွာမှ ရွာသားအချို့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘင်္ဂါလီအကြမ်းဖက်သမား ၁၀ ဦး ကို သတ်ဖြတ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် ပါဝင်ပတ်သက်သူ ရွာသားများနှင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rule of Engagement) အား ချိုးဖောက်ခဲ့သော လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ အထက်ဌာနအဆင့်ဆင့်သို့  တင်ပြခဲ့ခြင်းမရှိကြောင်း တွေ့ရှိရသဖြင့် ဖြစ်စဉ်တွင် တိုက်ရိုက်ပါဝင် ပတ်သက်မှုမရှိသော်လည်း ကွပ်ကဲရန် တာဝန်ရှိသူများကိုလည်း လိုအပ်သလို ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး အရေးယူဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း သတင်းထုတ်ပြန်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most Read

Most Recent