နိုင်ငံ၏အခြေအနေကို ခြုံငုံပြောရလျှင် ယခင်နှစ်ထက် တိုးတက်ကြောင်းနှင့် အချို့တိုးတက်မှုမှာ ထင်သည်ထက်များကြောင်း အမျိုးသား စီမံကိန်းကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

နိုင်ငံ၏အခြေအနေကို ခြုံငုံပြောရလျှင် ယခင်နှစ်ထက် တိုးတက်ကြောင်းနှင့် အချို့တိုးတက်မှုမှာ ထင်သည်ထက်များကြောင်း အမျိုးသား စီမံကိန်းကော်မရှင် အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 10 January 2018

အမျိုးသားစီမံကိန်း ကော်မရှင်အစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ် (ဓာတ်ပုံ- Myanmar President Office)

မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး အခြေအနေကို ခြုံငုံပြောရလျှင် ယခင်နှစ်ထက် တိုးတက်ကြောင်းနှင့် အချို့တိုးတက်မှုမှာ ထင်သည်ထက်များကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၉ ရက်နံနက် ၁၀ နာရီခွဲက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သော အမျိုးသား စီမံကိန်းကော်မရှင် (၁/၂၀၁၈) အစည်းအဝေးသို့ တက်ရောက်ရာတွင် တက်ရောက် လာသူများအား ၎င်းကအမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့နိုင်ငံရဲ့ စီမံကိန်းတွေရဲ့ အခြေအနေကို သမ္မတကြီးက ပြောကြားပြီးသွားပါပြီ။ နောက်ပြီးသက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ အခြေအနေကို အားလုံးသိရှိပြီး ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံပြီး ပြောရမယ်ဆိုရင် ကျွန်မတို့ တိုးတက်မှု မရှိဘူးလား ဆိုတော့ တိုးတက်မှုရှိပါတယ်။ အရင်နှစ်က ထက်စာရင် တိုးတက်ပါတယ်။ တိုးတက်မှုက အမှန်ပြောရရင် တချို့ထင်တာထက် များပါတယ်။ ကျွန်မတို့ သေသေချာချာ လေ့လာတဲ့ အခါကျတော့ ကျွန်မတို့ရဲ့ စီးပွားရေး တိုးတက်မှုက ထင်တာထက်မြန်တယ်။ နိုင်ငံရေး တိုးတက်မှုကလည်း ထင်တာထက် မြန်ဆန်ပါတယ်ဆိုပြီး နိုင်ငံတကာ လေ့လာရေးအဖွဲ့တွေက ကျွန်မတို့ကို ပြောထားတာရှိပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

သို့သော် ကျေနပ်နေ၍ မဖြစ်ကြောင်း နိုင်ငံအတွက် စိန်ခေါ်မှုများမှာ အင်မတန်များကြောင်း၊ အခက်အခဲအများကြီး ကျော်ဖြတ်စရာ ရှိနေသဖြင့် ဆတက်ထမ်းပိုးတိုးပြီး ကြိုးစားမှ နိုင်ငံအတွက် တိုးတက်မှုရနိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ပန်းတိုင်ဆိုသည်မှာ ဘယ်တော့မှ ရောက်တယ်မရှိဘဲ ကမ္ဘာကြီးတည်သရွေ့ ရှေ့ကိုဆက်သွားနေရမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ယခုအချိန်အထိ တင်ဒါခေါ်သည့် ကိစ္စများနှင့်ပတ်သက်ပြီး ပြည်သူများ ဝေဖန်စရာကိစ္စများ ရှိနေသေးသောကြောင့် ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနများသာမက     တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကပါ အထူးသတိထားဖို့ လိုအပ်ကြောင်း ၎င်းကဆိုသည်။

“တကယ်တော့ အစိုးရတစ်ခုဟာ ကိုယ့်ရဲ့လုပ်ငန်းတွေကို ကျေနပ်တယ်လို့ ဘယ်တော့မှ မရှိသင့်ပါဘူး။ ကျေနပ်ပြီဆိုရင် လုံလောက်ပြီလို့ ဆုံးဖြတ်တဲ့ သဘောပါပဲ။ ကျွန်မတို့နိုင်ငံအတွက် လုပ်စရာတွေက အများကြီး လိုပါသေးတယ်။ အားသာချက်တွေ အပေါ်မှာ ဆက်ပြီးတော့၊ ပိုပြီးတော့ အားသာအောင်လုပ်ဖို့ လိုပါတယ်။ တင်ဒါခေါ်တဲ့ နေရာမှာဆိုရင် အရင်တုန်းကထက်စာရင် ပွင့်လင်းမြင်သာမှုရှိတယ်။ မှန်ကန်မှုရှိတယ်ဆိုပြီး ပြည်သူတွေက ဒါကို လက်ခံပါတယ်။ သို့သော်ငြားလည်း ၁၀၀ ရာခိုင်နှုန်း ကျေနပ်လားဆိုတော့ ၁၀၀ ရာခိုင်နှုန်း မကျေနပ်ပါဘူး။ အခုအထိကို တင်ဒါခေါ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်သူတွေ ဝေဖန်စရာ ကိစ္စတွေရှိပါတယ်။ ဒါတွေကို ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာနတွေသာမက တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေက အထူးသတိထားဖို့ လိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြားသည်။

ယင်းအပြင် လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် လုံလောက်တိုးတက်မှု မရှိသေးကြောင်း အခြေခံပြဿနာ တစ်ခုမှာ လယ်ယာမြေ ပိုင်ဆိုင်မှုဖြစ်ကြောင်း၊ လယ်ယာမြေပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး မကြာခဏ ပြည်သူများဆီက မကျေနပ်သည့် အသံများ ကြားနေရသလို လွှတ်တော်အသီးသီးထံမှလည်း အသံများ ကြားနေရကြောင်း၊ ပြည်ထောင်စု လွှတ်တော်တင်မက တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များမှာပါ လယ်ယာမြေကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူများ၏ မကျေနပ်မှုများ ထုတ်ဖော်ပြောဆိုနေသည်ကို မကြာခဏ ကြားရကြောင်း၊ မြန်မာနိုင်ငံတွင် ရာခိုင်နှုန်း ၇၀ သော ပြည်သူများသည် ကျေးလက်တောရွာဘက်မှာနေပြီး စိုက်ပျိုးရေးကို အားကိုးနေသည့် ပြည်သူများဖြစ်သဖြင့် လယ်ယာမြေကဏ္ဍကို ပြည့်စုံအောင်၊ အများလက်ခံနိုင်အောင်၊ အများကျေနပ်လောက်အောင် မဖြေရှင်းနိုင်သရွေ့ နိုင်ငံ၏တိုးတက်မှုဟာ လုံလောက်သည်ဟု မည်သို့မျှ ပြောလို့ရမည် မဟုတ်ပါကြောင်း ၎င်းကထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆက်လက်ပြီး “ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ငွေကြေး ရယူနိုင်မယ့် အစီအစဉ်တွေလည်း ကျွန်မတို့ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ လုံလောက်ပြီလား ဆိုတော့လည်း မလုံလောက်သေးပါဘူး။ စောစောကပြောသလို မကျေနပ်သင့်ဘူး။ ကျေနပ်ပြီးတော့၊ လုံလောက်ပြီ ဆိုပြီးတော့ စိတ်မထားသင့်ဘူးလို့ ပြောတာမှအပ တကယ်တော့ ခြောက်ရာခိုင်နှုန်းကျော်၊ ခုနစ်ရာခိုင်နှုန်း တိုးတက်မှုဆိုတာ တိုးတက်စနိုင်ငံ၊ ကျွန်မတို့နိုင်ငံ တစ်နည်းအားဖြင့် တိုးတက်စနိုင်ငံ၊ အချိန်ယူခါစ နိုင်ငံအတွက် မလုံလောက်ဘူးလို့ ပြောရမှာပါ။ တကယ်အရှိန်အဟုန်နဲ့ တိုးတက်ပြီဆိုရင် ဒါထက်ပိုပြီးတော့ တိုးတက်တဲ့ ရာခိုင်နှုန်းနဲ့ တိုးတက်နိုင်ရမှာပါ။ အဲဒါအတွက်ကို ဦးတည်စေချင်ပါတယ်။ နောက်ဈေးကွက် ရရှိရေးအတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေကိုလည်း လုပ်ထုံးလုပ်နည်းအညီ ဆောင်ရွက်ပေးလျက် ရှိတာကို ကျွန်မတို့ ကြိုဆိုပါတယ်။ သို့သော် ဒါလည်းမလုံလောက်သေးပါဘူး။ ခြုံငုံပြီး အားလုံးပြောရမယ်ဆိုရင် ကျွန်မတို့ရဲ့ အားသာချက်တွေဟာ အားရစရာရှိတယ် ဆိုပေမယ့် ကျေနပ်လောက်အောင်တော့ အားရလို့ မဖြစ်ပါဘူး။ အဲဒီလိုဆိုရင် ကျွန်မတို့ရဲ့ ဝါယမစိုက်ထုတ်မှုဟာ နည်းသွားပါလိမ့်မယ်” ဟုပြောကြားခဲ့သည်။

Most Read

Most Recent