ဆရာတော်ဦးပါမောက္ခ အမှုနှင့်ပတ်သက်၍ အများပြည်သူရှေ့မှောက် တရားစီရင်ခွင့်ပေးရန် ဆရာတော်၏ရှေ့နေက တရားရုံးသို့ လျှောက်ထား

ဆရာတော်ဦးပါမောက္ခ အမှုနှင့်ပတ်သက်၍ အများပြည်သူရှေ့မှောက် တရားစီရင်ခွင့်ပေးရန် ဆရာတော်၏ရှေ့နေက တရားရုံးသို့ လျှောက်ထား
Published 9 January 2018

ဆရာတော်ဦးပါမောက္ခအား ဇန်နဝါရီ ၈ ရက်က ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနှင့်ပတ်သက်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသော ဆရာတော် ဦးပါမောက္ခအား ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် ကမာရွတ်မြို့နယ် တရားရုံး၌ ရှစ်ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

ထိုနေ့ရုံးချိန်းတွင် ဆရာတော် ဦးပါမောက္ခ၏ရှေ့နေ ဦးအောင်သူရိန်ထွန်းက ဆရာတော်အမှုအား စစ်ဆေးရာတွင် အများပြည်သူရှေ့မှောက် တရားစီရင်ခွင့်ပေးရန် တရားရုံးသို့ လျှောက်ထားခဲ့ကြောင်း သိရသည်။

“လွန်ခဲ့တဲ့ရုံးချိန်းတုန်းက ကျွန်တော်တို့လာတုန်းက တရားရုံးခြံတံခါးကို ပိတ်ထားပြီးတော့ ဆရာတော်၊ သံဃာတော်တွေကို ဝင်ခွင့် မပေးဘူး။ အများပြည်သူကြည့်ရှုကြားနာဖို့ ဝင်ခွင့်မပေးဘူး။ အများပြည်သူရှေ့မှောက် တရားစီရင်ခွင့်ပေးဖို့အတွက် ဒီနေ့တရားရုံးကို လျှောက်ထားခဲ့ပါတယ်။ ဒါကို ဥပဒေအရာရှိဘက်ကတော့ ကန့်ကွက်ခြင်းမရှိဘူး။ တရားရုံးက နောက်တစ်ချိန်းမှာ အဲဒါကို အမိန့်ချမှတ်ပေးပါလိမ့်မယ်။ အများပြည်သူရှေ့မှောက် တရားစီရင်ရေးနှင့်ပတ်သက်ပြီးတော့ Public Court of hearing အများပြည်သူရှေ့မှောက် တရားစီရင်ရေး၊ တရားစီရင်ရေးဆိုင်ရာ အခြေခံမူတွေ၊ ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုတရားစီရင်ရေး ဥပဒေတွေတို့၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့မှာလည်း တရားစီရင်ရေးဆိုင်ရာ အခြေခံမူတွေကို အသေးစိတ်သတ်မှတ်ပြီးသား ဖြစ်ပါတယ်။ ဒီလို တံခါးပိတ်ပြီးတော့ စစ်ဆေးစီရင်လို့ မရပါဘူး။ အများပြည်သူ ဝင်ရောက် ကြားနာခွင့်ရှိရမှာ ဖြစ်ပါတယ်။ အဲဒီလို ကြားနာခွင့်မရှိဘူးဆိုရင် ဒါဟာ မျှတတဲ့စီရင်မှုမဖြစ် နိုင်ပါဘူး။ ဒါကြောင့် မျှတတဲ့စီရင်မှုလည်း ဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်းညီအောင် Public Court of hearing အများ ပြည်သူရှေ့မှောက် တရားစီရင်ရေးကိုလည်းမ ထိခိုက်အောင်၊ စွပ်စွဲခံရတဲ့ဆရာတော်ရဲ့ ရပိုင်ခွင့်အရေးလည်း မဆုံးရှုံးရအောင်လို့ အများပြည်သူရှေ့မှောက် တရားစီရင်ခွင့်ပေးပါလို့  တရားခွင်မှာ လျှောက်လဲတင်ပြခဲ့ပါတယ်။ နောက်ရုံးချိန်းမှာ အမိန့်ချမှတ်ပါမယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် ဆရာတော်ဦးပါမောက္ခ၏ အမှုရုံးချိန်းနေ့များတွင် တရားရုံးမှတာဝန်ရှိသူများက တရားရုံး ခြံဝင်းတံခါးကို သော့ခတ်ပိတ်ထားပြီး တရားရုံးအတွင်းသို့ ဝင်ရောက်လိုပါက နိုင်ငံသားစိစစ်ရေးကတ်ပြားပါမှသာ ဝင်ခွင့်ပေးကာ လက်ကိုင်ဖုန်းများကို တရားရုံးခြံဝင်ပေါက်ရှိ စာရင်းကောက်ခံသူများထံတွင် ထားရှိခဲ့ရသည်ကို တွေ့ရသည်။

ထို့ပြင် ဆရာတော်ဦးပါမောက္ခအား တရားစွဲဆိုထားသည့် ပုဒ်မ၅၀၅(ခ)အမှုနှင့် ပတ်သက်၍ တရားလိုပြသက်သေ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးမင်းနိုင်ထွန်းကို စစ်ဆေးခဲ့ပြီး ကျန်သက်သေများကို စစ်ဆေးရန် ဇန်နဝါရီ ၁၇ ရက်သို့ ရုံးချိန်ဆိုခဲ့ကြောင်း သိရသည်။

ဆရာတော်ဦးပါမောက္ခအား ဇန်နဝါရီ ၈ ရက်က ကမာရွတ်မြို့နယ် တရားရုံး၌ ရုံးထုတ်လာသည်ကို တွေ့ရစဉ်

“မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိဘူးလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောထားတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ၄ ရက်နေ့က လွတ်လပ်ရေးကြေညာစာတမ်းနဲ့အတူ ဒါကို ထုတ်ပြန်ထားတယ်။ ဒါဟာ ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက် ခြင်းဖြစ်တယ်။ ကမ္ဘာ့နိုင်ငံတွေနဲ့ ကုလသမဂ္ဂက ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက် ခြင်းဖြစ်တယ်။ ဒီအပေါ်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ဆရာတော်ဦးပါမောက္ခက ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုတဲ့အကြောင်းကို မိမိသဘောဆန္ဒနဲ့အညီ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေက နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးနဲ့အညီ လွတ်လပ်စွာ ထုတ်ဖော်ခြင်းဟာ အပြစ်မရှိဘူး။ ပုဒ်မ ၅၀၅(ခ)မမြှောက်ဘူးဆို တဲ့အချက်ကို ပေါ်လွင်အောင် တရားခွင်မှာ ကျွန်တော်တို့ မေးမြန်းခဲ့ပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်သူရိန်ထွန်းက ဆက်လက်ပြောကြားသည်။

တရားခွင်၌ အမှုစစ်ဆေးပြီးနောက် ဆရာတော်ဦးပါမောက္ခအား အကျဉ်းထောင်သို့ ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ်တွင် ဆရာတော်က သံဃာတော်အခွင့်အရေးများ ချိုးဖောက်ခံနေရကြောင်း၊ ထောင်ထဲတွင် သိမ်မရှိသဖြင့် ဥပုသ်ပြုခွင့်မရနိုင်သည့်အတွက် သက် ဆိုင်ရာက သိမ်တစ်လုံးဆောက်လုပ်ပေးရန် လိုအပ်ကြောင်း မိန့်ကြားခဲ့ပြီး ရဟန်းသံဃာများတွင် အာပတ်သင့်ထားပါက အာပတ်စင်ကြယ်အောင် ဒေသနာကြားခဲ့ကြောင်း သိရသည်။

“ဆရာတော်ရည်ရွယ်တာက သိမ်ထဲမှာ က ဗုဒ္ဓဘာသာရဟန်းသံဃာတွေ အကြောင်းအမျိုးမျိုးနဲ့ ထောင်ကျအကျဉ်းသားဖြစ်ရင် သံဃာလိုနေခွင့်မရဘူး။ သင်္ကန်းဝတ်ခွင့် မရဘူး။ သိမ်ဝင်ပြီးတော့ သံဃာ့ကိစ္စလုပ်ခွင့်မရဘူး။ သံဃာလိုဝတ်ရုံနဲ့နေလို့မရဘူး။ သိမ်မရှိဘူး။ ဒီကိစ္စတွေကို သံဃာ့ကိစ္စ၊ သံဃာ့ကဏ္ဍတွေ ပြုစရာရှိတာပြုနိုင်ဖို့အတွက် မတော်တဆ အကျဉ်းသားသံဃာတွေရှိလာရင် သိမ်လိုအပ်လို့ ဖြစ်အောင်လုပ်ပေးဖို့ တောင်းဆိုတဲ့ အနေအထားကို လုပ်ပြတာပါ။ အခုအနေအထားမှာက ရဟန်းသံဃာတွေက အကြောင်း အမျိုးမျိုးနဲ့ အကျဉ်းထောင်ထဲ ချသွားတယ်။ ရဟန်းသံဃာ အခွင့်အရေးဆုံးရှုံးနေတယ်။အဲ့ဒါကို သိစေချင်လို့ လုပ်တဲ့သဘောဖြစ်ပါတယ်” ဟု ဦးပါမောက္ခအမှု ကူညီဆောင်ရွက်သူများအဖွဲ့မှ ပြန်ကြားရေးဦးအောင်မြိုင်က ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ၂၁ ရက်ရုံးချိန်းတွင် ဆရာတော်၏ ကိုယ်စားလှယ်ရှေ့နေက လျှောက်လဲချက်တင်ရာတွင် ပထမအကြိမ် ရုံးထုတ်၌ တရားလို ဦးသန်းထွန်းအောင်ကို စစ်ဆေးစဉ်က တရားလိုဦးသန်းထွန်းအောင်က ဦးတိုက်လျှောက်ထားလွှာအပေါ်မှာ ၎င်း၏ လက်မှတ်မဟုတ်ကြောင်း ထွက်ဆိုခဲ့ကြောင်း၊ ထိုသို့လက်မှတ်မမှန်မကန်ကိုသုံး၍ တရားရုံးမှ စီစဉ်ပါက မှန်ကန်မှုမရှိသည့်အတွက် ဦးတိုက်လျှောက်ထားလွှာကို ပိတ်ပေးပြီး ဆရာတော်အား လွှတ်ပေးရန်လျှောက်လဲချက်တင်ခဲ့ကြောင်း သိရသည်။

ယင်းလျှောက်လဲချက်ကို တရားရုံးမှ ကြားဖြတ်အမိန့်ချမှတ်ရာတွင် တရားရုံး ဦးတိုက်လျှောက်ထားလွှာမှ တရားလိုလက်မှတ် မမှန်သော်လည်း ဦးတိုက်လျှောက်ထားလွှာ၏ နောက်တွင်ပါသည့်နောက်ဆက်တွဲ(က)တွင် ဖော်ပြသည့် လက်မှတ်မှာ တရားလိုလက်မှတ် မှန်ကန်နေခြင်း အပါအဝင် အချက်သုံးချက် ဖြင့် ဆရာတော်ဘက်မှ အမှုရုပ်သိမ်းပေးရန် လျှောက်ထားမှုကို ပယ်ချခဲ့ပြီး အမှုကို ဆက်လက်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်၊ ဧပြီ ၂၈ ရက်က ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ  အမေရိကန်သံရုံးရှေ့၌ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ မရှိကြောင်း ဆန္ဒပြမှုနှင့်ပတ်သက်၍မကွေး ကျောင်းဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၁၉၊ ပုဒ်မ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်၊ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုတွင် ပုဒ်မ ၁၉ အပေါ် ဝန်ခံသဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ပြစ်ဒဏ်ရက်ပြည့်ခဲ့သောကြောင့် လက်ရှိတွင် ဆရာတော်အား အချုပ်ဖြင့် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

ဆရာတော်ဦးပါမောက္ခအား အမေရိကန် သံရုံးရှေ့ဆန္ဒပြမှုနှင့် ပတ်သက်၍ တရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ပြန်ထားချိန်တွင် ဆရာတော်သည် မြောက်ဒဂုံမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၂ ရက်က ကြွရောက်၍ အဆိုပါမြို့ နယ်အတွင်းရှိ မြေယာကိစ္စတစ်ခုအား ဆန္ဒပြရန် အကြောင်းကြားစာတင်ခဲ့ကြောင်း၊ ယင်းအချိန်တွင် ဆရာတော်အား ဝရမ်းအရ မြောက်ဒဂုံမြို့မရဲစခန်းက ထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရဟန်းသိက္ခာချရန်နှင့် လူဝတ်လဲရန် ဖိအား ပေးခဲ့သော်လည်း သိက္ခာချခြင်းအား လက်မခံသဖြင့် လူဝတ်လဲဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent