ဆယ်စုနှစ် တစ်ခုအတွင်းတွင် ပဲကြီးဈေး အမြင့်ဆုံးတက်ခဲ့ပြီး မန္တလေးဈေးကွက်တွင် ပစ္စည်းလက်ကျန်မရှိ ဖြစ်နေ

ဆယ်စုနှစ် တစ်ခုအတွင်းတွင် ပဲကြီးဈေး အမြင့်ဆုံးတက်ခဲ့ပြီး မန္တလေးဈေးကွက်တွင် ပစ္စည်းလက်ကျန်မရှိ ဖြစ်နေ
Published 9 January 2018

မန္တလေးမြို့မှ ပဲပွဲရုံတစ်ရုံအား တွေ့ရစဉ်

မန္တလေးကုန်စည်ဒိုင် ဈေးကွက်တွင် ပဲကြီးပစ္စည်းလက်ကျန် မရှိဘဲ ပစ္စည်းပြတ်နေပြီး ဈေးနှုန်းမြင့်တက်မှုသည်လည်း ဆယ်စုနှစ်အတွင်းတွင် အမြင့်ဆုံးစံချိန်သို့ ရောက်ရှိနေပြီး လုပ်ငန်းရှင်ကြီး အချို့မှာလည်း ပဲကြီးမရှိ၍ လုပ်ငန်းများ ရပ်နားထားရကြောင်း မန္တလေးမြို့ရှိ ကုန်သည်ပွဲစားများထံမှ သိရသည်။

အဆိုပါ ပဲကြီးသည် ယခင်က ပြည်တွင်းစားသုံးမှုသာ ရှိခဲ့ပြီး လွန်ခဲ့သည့် ခြောက်နှစ်၊ ခုနစ်နှစ်ခန့်မှစ၍ နိုင်ငံခြားဈေးကွက် ဝင်လာကာ ဝယ်ယူမှုများလာသဖြင့် ယမန်နှစ်က မြန်မာပဲ အမျိုးအစားထဲတွင် အတက်ဆုံးကုန်အဖြစ် သတ်မှတ်၍ရကြောင်း မန္တလေးမြို့ စိုးဝင်းမြင့်ပွဲရုံမှ ဦးစိုးဝင်းမြင့်က ပြောကြားသည်။

“ဇန်နဝါရီလ လဆန်းပိုင်းဆိုရင် ပဲကြီးပေါ်တော့မယ်။ ပဲကြီးက စစချင်းကို ဈေးက နှစ်သိန်းတစ်ဝိုက်ဆိုတော့ ပြီးခဲ့တဲ့နှစ်စတင် ကိုးသောင်းပြန်ရောက်အောင် ဈေးနှုန်းတော်တော်ချရယူရမယ်။ အထွက်နှုန်းအနေနဲ့က ရာသီဥတု အခြေအနေအရ ပထမပိုင်းလောက်က အပင်ပေါက်တွေ ကောင်းပြီး နောက်ပိုင်း မိုးတွေကောင်းလာတာကြောင့် ပဲကြီးက မိုးမကြိုက်လို့ အထွက်နှုန်း အနေနဲ့က အသင့်သင်ထွက်မယ် ခန့်မှန်းကြတယ်။ ဒီနှစ်ဈေးကလည်း နိုင်ငံခြား ဝယ်လိုအားလည်းရှိ၊ ပြည်တွင်းစားသုံးမှု ရှိတာကြောင့် ပြီးခဲ့တဲ့နှစ် အနေနဲ့ရော ဆယ်စုနှစ်အတွင်း ပြောရရင် ဒီဟာလောက်ပဲကြီးက ၂၀၁၇ တက်တာမျိုး တစ်ကြိမ်တစ်ခါမှ ပွဲရုံသက်တမ်းမှာ မကြုံဖူးဘူး။ ပြီးခဲ့တဲ့နှစ် ဒီလိုအချိန်မှာ ရှစ်သောင်းကျော်၊ ကိုးသောင်းပဲရှိတာ ဒီနှစ်မှာ ပေါ်ပေါ်ချင်း နှစ်သိန်းလောက် စဖြစ်နေတော့ ဒီနှစ်ကလည်း ပဲကြီးဈေး ကောင်းမည်နှစ်လို့ ခန့်မှန်းလို့ရတယ်။ အထွက်အားနဲ့ ဝယ်လိုအားဆိုရင် ဝယ်လိုအား များနေတဲ့အတွက် ပဲကြီးဈေး ကျမသွားနိုင်ဘူး။ ပြီးခဲ့သည့်နှစ်ကဈေးထက် လုံးလုံးကျမသွားနိုင်ဘဲ အမြင့်ဈေးမှာပဲ ရပ်တည်နေမယ်လို့ ယူဆရတယ်” ဟု ဦးစိုးဝင်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပဲကြီးကို အညာဒေသများဖြစ်သည့် မကွေး၊ အောင်လံ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မိတ္ထီလာ၊ မြင်းခြံ၊ မုံရွာ၊ ပခုက္ကူတို့၌ အဓိက စိုက်ပျိုးကြပြီး ဧရာဝတီမြစ်ကမ်းဘေးရှိ ကျွန်းမြေများပေါ်တွင်လည်း စိုက်ပျိုးကြသည်။ ပဲကြီးကို စက်တင်ဘာလမှစ၍ စတင်စိုက်ပျိုးကြပြီး ယခုနှစ် ပဲကြီးပေါ်ချိန်တွင် မြစ်ရေကြီးမှုနှင့် မိုးများမှုကြောင့် ပဲပေါ်ချိန် နောက်ကျခဲ့ပြီး ပဲမရှိသည့်အတွက် ယခုလို ဈေးနှုန်းအမြင့် ရောက်နေခြင်း ဖြစ်သည်ဟု ပဲကုန်သည်များထံက သိရသည်။

“ပထမစိုက်ထားတဲ့ပဲတွေက မြစ်ရေကြီးလိုက်တဲ့ အတွက်ရော မိုးရွာလိုက်တာကြောင့် ပဲပေါ်တာ နောက်ကျပါတယ်။ ပဲပေါ်တာ နောက်ကျတာကြောင့် ပဲမရှိတဲ့အတွက် ပဲဈေးနှုန်းတွေ နည်းနည်းမြင့်တာ ဖြစ်ပါတယ်။ မနှစ်က ကာလတို ဈေးနှုန်းကလည်း ကိုးသောင်းနဲ့ ၁၂၀၀၀၀ ပဲရှိတာပါ။ ပဲကြီးကျသွားခဲ့ရင် ခုနစ်သောင်းအထိ ကျဖူးတာ ရှိပါတယ်။ ဒီနှစ်မှာလည်း အဲဒီလောက် ပတ်ဝန်းကျင်အထိ မဖြစ်လာနိုင်ဘူး၊ နည်းပါတယ်။ ဘာလို့လဲဆိုတော့ ပဲကြီးစိုက်တာ အပျက်အစီး နည်းနည်းများတာကြောင့် ဖြစ်ပါတယ်။ အခုလောလောဆယ် ပစ္စည်းပြတ်နေတာကြောင့် လက်လီသမားတွေရဲ့ ဈေးနှုန်းတွေပဲ ဖြစ်နေပြီး လက်ကားအနေနဲ့ ဈေးနှုန်းမဖြစ်ပါဘူး။ အဲဒါကြောင့် လုပ်ငန်းကြီးသမားတွေက ပဲကြီးနဲ့ ပတ်သတ်ပြီး တချို့ဆိုလည်း လုပ်ငန်းရပ်နားတဲ့အထိ ဖြစ်နေတယ်။ ပစ္စည်းမရှိလို့၊ ပဲကြီး မရှိလို့ပါ” ဟု မန္တလေးတိုင်း ပဲနှမ်းအသင်းဥက္ကဋ္ဌ ဦးချွန်က ပြောကြားသည်။

 

Most Read

Most Recent