<

ဖားကန့်မြို့နယ် ဝှေခါကျေးရွာအနီးရှိ ကုမ္ပဏီလုပ်ကွက် တစ်ခုတွင် မြေပြိုကျမှု ဖြစ်ပွားပြီး ရေမဆေးကျောက် ရှာဖွေသူ ငါးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရ

ဝှေခါကျေးရွာအနီးတွင် မြေပြိုကျမှု ဖြစ်ပွားပြီး သေဆုံး၊ ဒဏ်ရာရရှိသူများအား ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-မှော်မင်းသား)

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ ကုမ္ပဏီလုပ်ကွက်တစ်ခုတွင် မြေပြိုကျမှုဖြစ်ပွားပြီး ရေမဆေးကျောက် ရှာဖွေသူ ငါးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ အဂ္ဂရတနာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တွင် ဇန်န၀ါရီ ၆ ရက် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်က မြေပြိုကျမှု ဖြစ်ပွားခဲ့ရာ ပြင်ပမှ ကုမ္ပဏီလုပ်ကွက်အတွင်း ၀င်ရောက်၍ ကျောက်တူးဖော်နေကြသည့် ရေမဆေးကျောက် ရှာဖွေသူ ငါးဦး မြေစာပိ သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

မျက်မြင်ကြုံတွေ့သူ တစ်ဦးဖြစ်သည့် ဝှေခါကျေးရွာ ရပ်ကွက် (၂) တွင် နေထိုင်သူ ကိုအောင်ကျော်ကျော်က ရဲတပ်ဖွဲ့သို့ ပြောကြားချက်အရ နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရေမဆေးကျောက် ရှာဖွေနေကြစဉ် အမြင့်ပေ ၃၀ ခန့်မှ ကျောက်ချပ်နှင့် မြေစာများ ပြိုကျလာပြီး နိုင်ဇော်ထွန်း (ဘ) ဦးထွန်းရွှေ (၃၀ နှစ်) မှာ ယာဘက်ခြေသလုံးကျိုး ဒဏ်ရာ၊ ဦးခေါင်းနောက်စေ့ပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် လည်းကောင်း၊ သိန်းတန် (ဘ) ဦးကျော်ခန့် (၄၀ နှစ်) မှာ နဖူးပေါက်ပြဲ သွေးထွက် ဒဏ်ရာများဖြင့် လည်းကောင်း၊ မြင့်ဆွေ (ဘ) ဦးချစ်လှိုင် (၄၀ နှစ်) မှာ ဦးခေါင်းပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ထို့နောက် ရေမဆေးကျောက် ရှာဖွေသူနှစ်ဦးမှာ ကျောက်ခဲများအောက်တွင် ပိမိကျန်ရှိနေသဖြင့် အဂ္ဂရတနာကုမ္ပဏီထံ အကူအညီတောင်းခံ၍ ဘက်ဟိုးယာဉ်တစ်စီးဖြင့် ရှာဖွေခဲ့ရာ ငြိမ်းချမ်းဇော် (ဘ) ဦးကျော်စိုး (၂၀ နှစ်) မှာ မျက်နှာ/နဖူး ပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ယာဘက်ခြေသလုံးကျိုး ဒဏ်ရာများဖြင့် လည်းကောင်း၊ ဘိုသီဟ (ဘ) ဦးဒေါင်းညို၊ (၂၅ နှစ်) မှာ မျက်နှာပေါက်ပြဲ သွေးထွက်ဒဏ်ရာ၊ ယာဘက်ခြေကျင်းဝတ်ကျိုး ဒဏ်ရာများဖြင့် လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ မြေပြိုကျ၍ ရေမဆေးကျောက် ရှာဖွေသူများ သေဆုံးမှုဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်အတွင်း ဒုတိယအကြိမ်ဖြစ်ပြီး ဇန်န၀ါရီ ၄ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်ကလည်း ဖားကန့်မြို့ မော်ဝမ်းရပ်ကွက် မော်မောင်းဘွမ်ကျေးရွာအနီးရှိ စွန့်ပစ်မြေစာပုံ အဟောင်းတစ်ခုတွင် မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ ခြောက်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဝှေခါကျေးရွာတွင် ရေမဆေးကျောက်ရှာဖွေသူ ငါးဦး မြေစာပိ သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိနိုင်ရန် ဆိပ်မူရဲကင်းမှူး ရဲအုပ်ထွန်းအောင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၈) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အောင်ဟိန်းမင်း (ဖားကန့်)

January 7, 2018














Copy Protected by Chetan's WP-Copyprotect.