ဘားအံမြို့နယ် သာမညကျေးရွာတွင် ဖုန်းတိုင်ရွှေ့ရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး လူငါးဦး သေဆုံး

ဘားအံမြို့နယ် သာမညကျေးရွာတွင် ဖုန်းတိုင်ရွှေ့ရာမှ ဓာတ်လိုက်မှုဖြစ်ပွားပြီး လူငါးဦး သေဆုံး
Published 7 January 2018

ဘားအံမြို့နယ် သာမညကျေးရွာ ရေတံခွန်ရပ်ကွက်တွင် ဓာတ်အားလိုင်းပေါ် ဖုန်းတိုင်ပြုတ်ကျရာမှ (စက်ဝိုင်းဖြင့်) လူငါးဦး ဓာတ်လိုက်သေဆုံးခဲ့သည့် နေရာဝန်းကျင်ကို ဇန်နဝါရီ ၆ ရက် နံနက်ကတွေ့ရစဉ်

ကရင်ပြည်နယ် သာမညကျေးရွာ ရေတံခွန်ရပ်ကွက်၌ ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီခွဲခန့်က ဖုန်းတိုင်ရွှေ့ရာမှ ဓာတ်လိုက်မှုဖြစ်ပြီး လူငါးဦးသေဆုံးခဲ့ကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ သိရသည်။

၂၀၁၈ ဇန်နဝါရီ ၆ ရက်  နံနက် ၉ နာရီ ခွဲခန့်က သာမညကျေးရွာ  ရေတံခွန်ရပ်ကွက် အိမ်အမှတ် ၉/ ၆၆ တွင် ဦးမောင်ပါးသည် နေရာအခက်အခဲကြောင့် ဖုန်းတိုင်ကို ရွေ့ပြောင်းရန်စီစဉ်ခဲ့ကြောင်း၊ ယင်းဖုန်းတိုင်မှာ သံပိုက်ဖြင့် ပြုလုပ်ထားပြီး ပေအရှည်မှာ (၃၂) ပေခန့် ရှည်လျားသည့်အတွက် ကူညီပေးသူ လခို (၃၄ နှစ်)၊ ကျော်မိုး (၁၉ နှစ်)၊ သားဖြစ်သူ ခွန်သိန်းဝင်း (၃၀ နှစ်) တို့ ကူညီ လုပ်ဆောင်ပေးခဲ့သည်။

သံပိုက်လုံးဖြင့် ထောင်ထားသော ယိုးဒယား ကော့တလဲ့ဖုန်းတိုင်အား မရွှေ့ခြင်းဖြစ်၍ အလေးချိန်ကို မနိုင်သောကြောင့် အိမ်ရှေ့တွင် သာမညမှ ဝင်းစိန်ရွာသို့ သွယ်တန်းထားသော ဓာတ်အားလိုင်းကြိုးပေါ်သို့  ဖုန်းလိုင်းတိုင် ပြုတ်ကျကာလျှပ်စစ်စီးဝင်ပြီး ဓာတ်လိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သွယ်တန်းထားသည် လျှပ်စစ်ဓာတ်လိုက်ပြီး မီးလောင်နေသူ ဦးမောင်ပါးအား ဇနီးဖြစ်သူက ရေဖြင့်ပက်ရာမှ ဇနီးဖြစ်သူပါ ဓာတ်လိုက်သေဆုံးခဲ့သည့်အတွက် သေဆုံးသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။

“တကယ်စိတ်မကောင်းစရာ သတင်းပါ။ မင်္ဂလာဆောင်မယ့် သတိုးသားနဲ့ မိဘဆွေမျိုးတွေက မင်္ဂလာမဏ္ဍပ်ဆောက်ဖို့ အိမ်အရှေ့မှာ သံပိုက်လုံးနဲ့ထောင်ထားတဲ့ ယိုးဒယား ကော့တလဲ့ဖုန်းတိုင်ကို မပြီးရွှေ့ကြတာ၊ ဝိတ်မနိုင်တော့ အိမ်ရှေ့မှာ သွယ်တန်းထားတဲ့ ဓာတ်အားလိုင်းကြိုးပေါ် ပြုတ်ကျသွားတဲ့အတွက် ဓာတ်လိုက်သေဆုံးသွားခဲ့ပါတယ်” ဟု သာမညကျေးရွာမှခွန်အနိုင်က ဆိုသည်။

အဆိုပါ ဓာတ်လိုက်သေဆုံးသည့်နေရာသို့ အိန္ဒုနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးပြီး ရဲမှုခင်းဆေးစာနှင့်အတူ လူမှုကယ်ဆယ်ရေးအသင်းသားများက သေဆုံးသူ  အမျိုးသားလေးဦး၊ အမျိုးသမီးတစ်ဦးတို့အား ဘားအံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လျှပ်စစ်ဓာတ်လိုက်သေဆုံးမှုနှင့် ပတ်သက်၍ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် အိန္ဒုနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁/ ၂၀၁၈ ဖြင့် အရေးယူစစ်ဆေးလျက်ရှိကြောင်း အိန္ဒုနယ်မြေရဲစခန်းမှ သိရသည်။

Most Read

Most Recent