တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်ရှိ လယ်မြေဧက ၇၀၀ ကျော်ပေါ်တွင် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် တိုင်များစိုက်ထူမှုအပေါ် မူလလယ်ပိုင်ရှင်များ လက်မခံဘဲကန့်ကွက်

တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်ရှိ လယ်မြေဧက ၇၀၀ ကျော်ပေါ်တွင် စီမံကိန်းတစ်ခု အကောင်အထည်ဖော်ရန် တိုင်များစိုက်ထူမှုအပေါ် မူလလယ်ပိုင်ရှင်များ လက်မခံဘဲကန့်ကွက်
Published 6 January 2018

မင်္ဂလာဒုံမြို့နယ်ရှိ လယ်မြေဧက ၇၀၀ ကျော်ပေါ်တွင် တိုင်များစိုက်ထူသည့်အပေါ် ကန့်ကွက်ခဲ့ကြသည့် မူလလယ်ပိုင်ရှင်များအား ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ်

တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် မင်္ဂလာဒုံမြို့နယ်ရှိ လယ်မြေဧက ၇၀၀ ကျော် ပေါ်တွင် စီမံကိန်းတစ်ခု အကောင်အထည် ဖော်ရန်တိုင်များ စိုက်ထူမှုအပေါ် မူလလယ် ပိုင်ရှင်များက လက်မခံဘဲ ကန့်ကွက်နေကြောင်း သိရသည်။

“လယ်မြေကို တပ်က ၁၉၉၂ ခုနှစ်က သိမ်းသွားတာ။ ပြန်ပေးမယ် ဆိုတာကို ၂၀၁၃ ခုနှစ်ကတည်းက ကြားခဲ့ရတာ။ လက်ထဲကိုတော့ အခုထိ မရောက်သေးပါဘူး။ စီမံကိန်းလုပ်မယ် ဆိုတာကို အခုလိုမြင်မှ တွေ့ရတာ။ လျော်ကြေးပေးမယ် ဆိုတာတွေ လာပြီးညှိတာတွေလည်း မလုပ်ကြဘူး။ တိုင်လာစိုက်တော့ ဘယ်ကလာလုပ်တာလဲ ဘာလုပ်မှာလဲမေးတော့ ဒီမှာ ကာဝင်းလုပ်မှာဆိုပြီး ပြောတယ်။ အဲဒီတော့ တို့လယ်သမားတွေက ဘာလုပ်ရမှာလဲဆိုတော့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လုပ်ခိုင်းတယ်ဆိုပြီး ပြောတယ်” ဟု မူလလယ်ပိုင်ရှင် ဒေါ်လှလှဝင်းက ပြောကြားသည်။

“အဲဒါက ပြီးခဲ့တဲ့ တစ်ပတ်လောက်က တိုင်းဒေသကြီးအစိုးရက ခွင့်ပြုချက်ရတယ်ဆိုပြီး ကုမ္ပဏီတစ်ခုက တိုင်တွေဝင်စိုက်တယ်။ လယ်သမားတွေက ကျွန်တော်ကို့ အကြောင်းကြားတယ်။ လယ်မြေတွေကို သိမ်းလို့မရဘူး။ သိမ်းမယ်ဆိုရင် ပြည်ထောင်စု အဆင့်ကပဲ သိမ်းလို့ရတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ရှိသူတွေက တိုင်းအစိုးရကို ပြီးခဲ့တဲ့ရက်ပိုင်းက သွားတွေ့တယ်။ သွားတွေ့ရတာက လယ်သမားတွေက တဲလေးတစ် တဲဆောက်တယ်။ သိမ်းပိုက်ခံခဲ့ရတဲ့ လယ်တွေကို ပြန်ပေးဖို့ လုပ်နေတဲ့အချိန်မှာ ကုမ္ပဏီတစ်ခုက သိမ်းဖို့လုပ်နေတာကို စောင့်ကြည့်မယ်ဆိုပြီး လယ်သမားတွေက လယ်စောင့်တဲလေးလုပ်တယ်။ လယ်စောင့်တဲလေး လုပ်တာကို စကားက ကားသွားပြီး သပိတ်စခန်းဖွင့်တယ်ဆိုပြီး သတင်းက ထွက်သွားတယ်။ တိုင်းဝန်ကြီးချုပ်ရဲ့ အမိန့်နဲ့လို့ ပြောတာပဲ ရဲအင်အား တစ်ရာလောက် ချက်ချင်းရောက်လာတယ်။ လယ်သမားတွေက တဲကိုဖျက်ရင် တိုင်ကိုလည်း ဖျက်ပေးဆိုပြီးပြောတယ်။ တိုင်တွေက ကုတ်နံပါတ်တွေနဲ့ အခိုင်အမာ လုပ်ထားတာ၊ စနစ်တကျကို စိုက်ထူသွားတာ။ ပါတီကလူတွေရော လယ်သမားတွေရယ် တိုင်းဒေသကြီး အစိုးရအဖွဲ့ကို သွားတွေ့တာ ဦးဖြိုးမင်းသိန်းနဲ့တော့ မတွေ့ခဲ့ရဘူး။ ဝန်ကြီးအချို့နဲ့ တွေ့ခဲ့ရတယ်။ တွေ့တော့ မေးတာ ဒီကုမ္ပဏီကို ခိုင်းထားတာရှိလား ဆိုတော့ မရှိဘူး ပြောတယ်။ အဲဒီတော့ တဲဖျက်မယ်ဆိုရင် တိုင်တွေပါ ဖျက်ပေးဆိုပြီး ပြောတော့ တိုင်းဘက်က တာဝန်ရှိသူတွေက တဲကိုတော့ ဖျက်ပေး ငုတ်တိုင်ကို မဖျက်နဲ့ဆိုပြီး ပြောတယ်။ အဲဒီကွင်းကြီးပေါ်မှာ စီမံကိန်းရှိလို့ ဆိုပြီးပြောတယ်။ အဲဒီတော့ ဒီဘက်က တာဝန်ရှိသူတွေက စီမံကိန်းကိုတော့ လက်မခံနိုင်ဘူး။ လယ်တွေကို ပြန်ပေးပြီးတော့မှ ပြန်သိမ်းရင်သိမ်း၊ စီမံကိန်းရှိတယ်ဆိုပြီး လယ်တွေကို ဝင်လုပ်တာ၊ ကုမ္ပဏီတစ်ခုကို ပေးလိုက်တာတော့ လက်မခံနိုင်ဘူး။ လုပ်ရင်လည်း ပြည်ထောင်စု အစိုးရကနေပြီးတော့ လက်ရှိ တည်ဆဲမြေသိမ်း ဥပဒေမှာလည်း ပြီးသားဖြစ်နေတဲ့ မြေသိမ်းဖို့ ရည်ရွယ်ချက်ရှိနေတယ် ဆိုတာကို ကြေညာရမယ်။ အဲဒီလို ကြေညာပြီးတော့မှ ပြန်တမ်းထုတ်ပြီးတော့ သိမ်းရမယ်။ ဒီလို လုပ်လို့မရဘူး။ နောက်ဆုံးတော့ သူတို့ အမိန့်ပေးလိုက်တယ်နဲ့တူတယ်။ တဲကိုလည်း ဖျက်သွားတယ်၊ တိုင်တွေကိုလည်း နုတ်သွားတယ်” ဟု မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်ရှိ လယ်မြေဧက ၇၀၀ ကျော်ပေါ်တွင် တိုင်များစိုက်ထူသည့်အပေါ် ကန့်ကွက်ခဲ့ကြသည့် မူလလယ်ပိုင်ရှင်များ (ပုံကြီး) နှင့် လယ်ယာမြေများ (ပုံသေး) ကို တွေ့ရစဉ်

ထို့ပြင် လွန်ခဲ့သည့် သုံးလခန့်က ရန်ကုန်တိုင်းမှ တာဝန်ရှိသူများက မင်္ဂလာဒုံမြို့ နယ်ရှိ လယ်မြေများကို လာရောက် စစ်ဆေးရာ၌ လယ်သမားများရှေ့တွင် အဆိုပါမြေ၌ စီမံကိန်းရှိသည့်အတွက် မြေများကို သိမ်းမည်ဖြစ်ကြောင်း၊ လျော်ကြေးတော့ ရမည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းကဲ့သို့ ပြောကြားမှုနှင့် ပတ်သက်၍ လက်မခံနိုင်ကြောင်း၊ နိုင်ငံတော် သမ္မတ၏ ၁/၂၀၁၆ ထုတ်ပြန်ချက်ထဲတွင် လယ်မြေပြဿနာများ ဖြေရှင်း၍ မပြီးမချင်း နောက်ထပ် လယ်သိမ်းဖို့ မလုပ်ရန် ပါရှိသဖြင့် ပြဿနာကို အရင်ရှင်းပြီး နိုင်ငံတော်မှ အများပြည်သူ အလို့ငှာ သိမ်းသည်ဆိုမှသာ ဖယ်ရှားရမည်ဖြစ်ကြောင်း ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

“လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမှာ။ အဲဒါကို ဒီလယ်မြေတွေက အငြင်းပွားနေလို့ဆိုပြီး ပြောတယ်။ အငြင်းပွားတာကို ဖြေရှင်းပြီးပြီ။ အငြင်းပွားတာ ခင်ဗျားတို့ကိစ္စ မဟုတ်ဘူးလို့ ပြောလိုက်တယ်။ ဧကက ခုနစ်ရာကျော် လောက်ရှိတယ်။ ဇေကမ္ဘာဝင်းနားမှာကိုတင် ဧက နှစ်ရာကျော်လောက်ရှိတယ်။ ထောက်ကြန့်လောက်အထိပေါက်တဲ့ ကွင်းပြင်ကြီးဖြစ်တယ်။ ကျွန်တော်တို့က လက်မခံဘူး။ လယ်သမားလယ်မြေကို ဒီမြေကို ပြန်ရဖို့ ၂၅ နှစ်လောက် စောင့်ထားရတာ။ ပြောရမယ်ဆိုရင် တာဝန်ရှိသူက ပြန်ကျူးနေသလို ဖြစ်နေတယ်။ မြေသိမ်းဖို့ ရည်ရွယ်ချက် ရှိတယ်ဆိုရင် ပုံစံ ၄ နဲ့ထုတ်ပြန်၊ ပုံစံ ၆ နဲ့ သိမ်းမယ်ဆိုရင် သိမ်းတယ်ပေါ့။ ခုတော့ ဘာမှန်း ညာမှန်းမသိဘဲ လုပ်တာတော့ မဖြစ်သင့်ဘူးပေါ့” ဟု ဦးအောင်လှိုင်ဝင်းက ပြောကြားသည်။

မင်္ဂလာဒုံမြို့နယ်အတွင်း စီမံကိန်း ဖော်ဆောင်မည်ဟု သတင်းထွက်ပေါ်နေသည့် လယ်မြေဧကသည် ၇၀၉ ဒသမ ၁၄ ဧကရှိပြီး မူလလယ်ပိုင်ရှင် ၁၀၈ ဦးရှိကြောင်း သိရသည်။

“၁၉၅၄ မှာ ဝန်ကြီးချုပ် ဦးနုလက်ထက်မှာ လယ်ယာမြေတွေကို ဝေခြမ်းရေး လုပ်ခဲ့တယ်။ လယ်သမားတစ်ဦးက ၈ ဧက ၁၀ ဧက လောက်ရတယ်။ လယ်မသိမ်းခံရခင် အချိန်မှာ အဖေက သေသွားတယ်။ ၉၂ ခုနှစ်ကျတော့ တပ်က သိမ်းသွားတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်မှာ လွှတ်တော်ကနေပြီးတော့ တိုင်စာတွေနဲ့ ပြန်တောင်းခဲ့တယ်။ သိမ်းမယ်ဆိုပြီး အမိန့်တော့ မထွက်ဘူး။ တရားဝင်စာလည်း မထုတ်ပြန်ဘူး။ ကောလာဟလလို့ ပြောရအောင်လည်း တိုင်တွေလာ စိုက်ခဲ့တယ်။ ကျွန်တော်တို့သိရတာ ဒီဇင်ဘာ ၃၁ ရက်မှ သိရတာ။ တိုင်တွေလာစိုက်တဲ့သူတွေနှုတ်က ပြောသွားတာကတော့ ဦးဖြိုးမင်းသိန်း အမိန့်နဲ့ လုပ်ရတာဆိုပြီး ပြောတယ်။ ကျွန်တော်တို့တော့ တိုက်ရိုက်မသိဘူး။ အရင် တပ်က သီးစားချလုပ်တဲ့သူတွေက ကျွန်တော်တို့ မူလလယ်ပိုင်ရှင်တွေကို လာမရှုပ်ကြဘူး။ သူတို့သီးစားချထားတယ် ဆိုတာသိတယ်။ ၁၉၉၂ မှာ အသိမ်းခံရတဲ့ လယ်သမားကို လာမရှုပ်ကြဘူး။ အဲဒါကို ဘာကြောင့် ရှုပ်တယ်ပြောတာလဲ။ တပ်က သိမ်းတုန်းက လယ်တွေကို အပ်ခဲ့ရတဲ့ လယ်သမားကြီး သုံးဦး ခုထိရှိသေးတယ်။ ကျွန်တော်တို့ လိမ်ထားတာမရှိဘူး။ မပေးချင်ဘူးဆိုရင် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက မပေးနဲ့ဗျာ။ ပြည်သူ့အစိုးရက ဘာလို့ မပေးနိုင်ရတာလဲ။ ကျွန်တော်တို့ကို အနိုင်မကျင့်နဲ့ဗျာ။ ကျွန်တော်တို့ ဒီလတစ်ရက်မှာ ဦးဖြိုးမင်းသိန်း အမိန့်နဲ့ ဆိုပြီးတော့ ကားကွင်း တည်ဆောက်မယ်ဆိုပြီး ဆန်းသစ်ကုမ္ပဏီက မြေတိုင်းတာတွေပါ လာလုပ်တယ်” ဟု ဦးထွန်းထွန်းက ဆိုသည်။

နိုင်ငံတော်သမ္မတ၏ ၁၄/၂၀၁၆ မြေ စစ်လုပ်ငန်းစဉ်အရ ဖြေရှင်းရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ စာတင်ခဲ့ကြောင်း၊ ထို့ပြင် စိစစ်ချက်များကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူထံ တင်ပြခဲ့ကြောင်း၊ ထိုမှတစ်ဆင့် ညွှန်ကြားချက်များဖြင့် အကောင်အထည်ဖော်ရန် လယ်သမားများမှ စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း၊ တပ်မှပြန်လည် စွန့်လွှတ်လိုက်သည့် မြေများကို လယ်သမားများမှ ပြန်လည်ရရှိရန် မျှော်လင့်နေကြောင်း၊ ထိုအချိန်တွင် အကျိုးအကြောင်း သိရှိရခြင်းမရှိဘဲ ကုမ္ပဏီတစ်ခုက မြေသိမ်းပိုက်သည့်ပုံစံ လုပ်ဆောင်ခဲ့သည့်အတွက် လယ်သမားများ စိုးရိမ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ အတွင်းရေးမှူး ဦးဇော်ရမ်းက ပြောကြားသည်။

“အခုလိုဖြစ်တာတွေက အရမ်းဝမ်းနည်းဖို့ကောင်းတယ်။ သမ္မတကြီးရဲ့ ၁၄/၂၀၁၆ အရ လယ်တွေပြန်ပေးရမှာ။ ပြီးခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ အမှုပေါင်း ၅၇၅၃ မှုမှာမှ ၅၄၃ မှုပဲ ရှင်းနိုင်တယ်။ နောက်တစ်ချက်ကတော့ ရန်ကုန်တိုင်းက ၁၈၂၃ မှုမှာ ၆၇ မှုပဲ ရှင်းနိုင်တယ်။ ဒါက လူထုမျှော်မှန်းတာထက် အများကြီး ကင်းကွာနေတယ်။ ဒီနေရာမှာ စီမံကိန်းလုပ်မယ် ဆိုရင်လည်း လွှတ်တော်တွေကို တင်ပြရမယ်။ မြေသိမ်းတဲ့ဟာတွေ ပါလာပြီရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လုပ်ကိုင်ခွင့် ဘောင်ထဲမှာ မရှိပါဘူး။ လက်ရှိအခြေအနေကို မှန်မှန်ကန်ကန်အတိုင်း ဖြစ်ဖို့ဆိုရင် ပြည်ထောင်စုအစိုးရရော၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရော လုပ်ရမှာပါ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေက လယ်စစ်လုပ်ငန်းစဉ်မှာ အဖွဲ့ဝင်အဖြစ် ပါပြီးသား။ လယ်သမားတွေက ပေးကားပေးပြီးမရဖြစ်ပြီး နှစ်ပေါင်းသုံးလေးဆယ်လယ် တွေပစ်ထားခဲ့ရတာ ဖြစ်တယ်။ သက်ဆိုင်တဲ့သူတွေက စာစာနာနာလုပ်ဖို့ ပြောချင်ပါတယ်” ဟု ဦးဇော်ရမ်းက ပြောကြားသည်။

 

Most Read

Most Recent