အောင်မြင်သည့် တေးသီချင်းများစွာ သီဆိုခဲ့သူ တေးသံရှင်ခိုင်ထူး ပါရမီအထူးကုဆေးရုံတွင် သြဂုတ်လ ၉ ရက်မွန်းလွဲ ၃နာရီ ၂၄ မိနစ်အချိန်တွင် ကွယ်လွန်

အောင်မြင်သည့် တေးသီချင်းများစွာ သီဆိုခဲ့သူ တေးသံရှင်ခိုင်ထူး ပါရမီအထူးကုဆေးရုံတွင် သြဂုတ်လ ၉ ရက်မွန်းလွဲ ၃နာရီ ၂၄ မိနစ်အချိန်တွင် ကွယ်လွန်
Published 9 August 2017

အောင်မြင်သည့် တေးသီချင်းများစွာ သီဆိုခဲ့သူတေးသံရှင် ခိုင်ထူးသည် ပါရမီအထူးကုဆေးရုံ၌ သြဂုတ်လ ၉ ရက်မွန်းလွဲ ၃ နာရီ ၂၄ မိနစ်အချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။ တေးသံရှင်ခိုင်ထူးသည် ပန်ကရိယကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၆၁)နှစ်ရှိပြီဖြစ်ကာ နာရေးအစီအစဉ်ကို လတ်တလောစီစဉ်နေဆဲဖြစ်သဖြင့် ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကိုခိုင်ထူးကွယ်လွန်သွားတာ ဟုတ်ပါတယ်။ မွန်းလွဲ ၃ နာရီ ၂၄ မိနစ်အချိန်မှာပါ။ သူ့အတွက် နာရေးအစီအစဉ်ကတော့ မိသားစုနဲ့အားလုံး တိုင်ပင်နေဆဲပဲရှိပါတယ်။ ပြန်ပြီးထုတ်ပြန်သွားပါမယ်” ဟု အင်ပါယာတီးဝိုင်းမှ Bass ဂစ်တာတီးခတ်သူ ကိုမြတ်မိုးက ဆိုပါသည်။

တေးသံရှင်ခိုင်ထူး ကွယ်လွန်သွားသည့် သတင်းအတွက် မိနစ်ပိုင်းအတွင်းပင် အနုပညာရှင်များနှင့် ပရိသတ်များက ဝမ်းနည်းကြောင်းစကားများအား လူမှုကွန်ရက်စာမျက်နှာများထက်တွင် ရေးသားဖော်ပြခဲ့ကြသည်။ တေးသံရှင်ခိုင်ထူးသည် စစ်ကိုင်းလမ်း၊ သိလား၊ ခေတ္တာ၊ ရွှေလည်တိုင်၊ နောက်ဆုံး အိပ်မက်၊ အဉ္ဇလီ၊ စိုးစံစားစေစသည့် အောင်မြင်သည့် တေးသီချင်းများစွာအား သီဆိုခဲ့သူ ဖြစ်သည်။ တေးသံရှင်ခိုင်ထူးသည် ဂီတလောကအတွင်းသို့ စတင်ဝင်ရောက်ချိန်မှစတင်ကာ တစ်ကိုယ်တော်တေးစီးရီးများစွာအား သီဆိုထွက်ရှိခဲ့သူဖြစ်ပြီး ရောဂါဝေဒနာမခံစား ရမီအချိန်ထိလည်း တေးသီချင်းများ သီဆိုဖျော်ဖြေနေခဲ့သူဖြစ်သည်။ တေးသံရှင်ခိုင်ထူးသည် နောက်ဆုံးဂီတဖျော်ဖြေပွဲအဖြစ် DM4 Entertainment ၏ စီစဉ်မှုဖြင့် တေးသံရှင် ဂျေမောင်မောင်နှင့်တွဲဖက်ကာ ‘၆၀ ၆၄’ နှစ်ယောက်တွဲ ဂီတဖျော်ဖြေပွဲကို တင်ဆက်ခဲ့သည်။ အဆိုပါဂီတဖျော်ဖြေပွဲမှာ ပရိသတ် အများအပြားအားပေးကြည့်ရှုခဲ့သည့် အောင်မြင်သည့် ဂီတဖျော်ဖြေပွဲတစ်ပွဲအဖြစ် တင်ဆက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

တေးသံရှင်ခိုင်ထူးသည် သူငယ်ချင်းများ ဖြစ်သည့် မိုးကျော်၊ ရာပြည့်တို့နှင့်အတူ Phoenix အဖွဲ့ကို စတင်တည်ထောင်ခဲ့သူ ဖြစ်သည်။ တေးသံရှင်ခိုင်ထူးသည် အဉ္ဇလီ၊ သီချင်းတစ်ပုဒ်ပန်းတဆုပ်၊ ဆို၊ မိုးရဲရင် ဆောင်းရဲရမယ်၊ မကျေနပ်ဘူးသိလား၊ မကောင်းလည်းကိုယ်ကောင်းလည်းကိုယ်၊ အစောဆုံးပြန်ခဲ့၊ နှင်းသက်သက်ဝေ၊ ရွှေလည်တိုင်၊ ၃၉၊ ကမ်းလက်သင့်ရာ၊ အမုန်းဆုပန်မယ့်လူသား၊ တွဲဖက်ချွေးစသည့် တစ်ကိုယ်တော်တေးစီးရီးများ ထွက်ရှိခဲ့ကာ တေးသံရှင်စိုးလွင်လွင်နှင့် တွဲဖက်၍ ထားရစ်ခက်နေခဲ့တော့မယ် အယ်လ်ဘမ်ကိုလည်း ထွက်ရှိခဲ့သူ ဖြစ်သည်။

“ကိုခိုင်ထူးဒီလောကထဲက ထွက်ခွာသွားခဲ့တာ အရမ်းစိတ်မကောင်း ဖြစ်ရပါတယ်။ ကျွန်တော်တို့ ဂီတလောသားတွေအားလုံး ချစ်ရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်များကလည်း သူ့ရဲ့အနုပညာတွေကို အမြဲတမ်းအမှတ်ရနေမှာပါ” ဟု တေးသံရှင် တူးတူးက ဆိုပါသည်။

တေးသံရှင်ခိုင်ထူးသည် ရောဂါဝေဒနာ ခံစားရချိန်တွင် အနုပညာရှင်များ၊ မိသားစုများနှင့်အတူ ထိုင်းနိုင်ငံဘန်ကောက်သို့ဆေးကုသမှု သွားရောက်ခံယူခဲ့ပြီးနောက် မကြာမီရက်ပိုင်းအတွင်းက မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကာ ပါရမီအထွေထွေရောဂါ ကုဆေးရုံ၌ ဆေးကုသမှုခံယူနေစေခြင်း ဖြစ်သည်။ တေးသံရှင် ခိုင်ထူးနာမကျန်းဖြစ်နေစဉ် ကာလအတွင်း ဂီတအနုပညာရှင်အများအပြားက ဂါရဝပြုဆုတောင်းမှုများ သွားရောက်ပြုလုပ်ခဲ့ပြီးနောက် ဆေးကုသစရိတ်အတွက်လည်း တတ်အားသရွေ့ပါဝင်လှူဒါန်းမှုများ ပြုလုပ်ခဲ့သည်။

 

         

Most Read

Most Recent