KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား အနားယူပြီး ဗိုလ်ချုပ်ကြီးအင်ဘန်လ ဥက္ကဋ္ဌဖြစ်လာကာ အရေးကြီးနေရာငါးခု အပြောင်းအလဲဖြစ်

KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား အနားယူပြီး ဗိုလ်ချုပ်ကြီးအင်ဘန်လ ဥက္ကဋ္ဌဖြစ်လာကာ အရေးကြီးနေရာငါးခု အပြောင်းအလဲဖြစ်
Published 3 January 2018

နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ (ပထမအကြိမ်) ၌ မိန့်ခွန်းပြောကြားနေသည့် ဗိုလ်ချုပ်ကြီး အင်ဘန်လကို တွေ့ရစဉ်

KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား အနားယူပြီး ဗိုလ်ချုပ်ကြီးအင်ဘန်လဥက္ကဋ္ဌ ဖြစ်လာကာ အရေးကြီးနေရာငါးခု အပြောင်းအလဲဖြစ်လာကြောင်း ကေအိုင်အို/ကေအိုင်အေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။

ယင်းအပြောင်းအလဲကို ဇန်နဝါရီ ၂ ရက်တွင် ကေအိုင်အို/ကေအိုင်အေဗဟိုရုံးစိုက်ရာ လိုင်ဇာမြို့တွင် ဆုတောင်းပွဲကျင်းပကာ အခမ်းအနားဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဦးဇောင်းဟရားမှာ အသက်အရွယ်ကြီးရင့်သဖြင့် ကျန်းမာရေးအခြေအနေကြောင့် အနားယူခြင်းဖြစ်ပြီး ကေအိုင်အို/ကေအိုင်အေဌာနအတွင်း သာမန်ပြောင်းလဲမှုသာဖြစ်ကြောင်း ၎င်းကဆိုသည်။

ဗိုလ်မှူးကြီးနော်ဘူက “ဥက္ကဋ္ဌကြီး ဦးဇောင်းဟရားက အသက်အရွယ်နှင့် ကျန်းမာရေးကြောင့်နားတာပါ။ အသက် ၈၀ နီးသွားပြီလေ။ အခု ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီးအင်ဘန်လပေါ့။ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကတော့ ဒုတိယဥက္ကဋ္ဌ (၁) ပေါ့။ စစ်ဦးစီးချုပ်ပေါ့။ ဆရာကြီးဆွမ်လွတ်ဂမ်က ဒုတိယဥက္ကဋ္ဌ (၂) ပေါ့။ ဗိုလ်ချုပ်ဂွမ်မော်က KIC ဒုတိယဥက္ကဋ္ဌ (၁)၊ ဗိုလ်ချုပ် ဇောင်းဘုတ်ထန်းက KIC ဒုတိယဥက္ကဋ္ဌ (၂) အဖြစ်ပြောင်းလဲခဲ့ပါတယ်။ တခြားတွေကတော့ ဘာမှအပြောင်းအလဲမရှိပါဘူး။ ဒီနေ့ဘာသာရေးခေါင်းဆောင်တွေလာပြီး လွှဲပြောင်းဆုတောင်းပေးပါတယ်။ အပြောင်းအလဲက သာမန်ပြောင်းလဲတာပါ။ ခေါင်းဆောင်ပိုင်းအပြောင်းအလဲကြောင့် ကေအိုင်အို/ကေအိုင်အေအဖွဲ့ရဲ့ မူဝါဒတွေ ပြောင်းလဲမှုကြီးကြီးမားမား မရှိနိုင်ပါဘူး” ဟုပြောကြားသည်။

ဗိုလ်ချုပ်ကြီးအင်ဘန်လသည် ဒုတိယဥက္ကဋ္ဌ (၁) တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကေအိုင်အေလက်နက်ကိုင်အဖွဲ့သည် ၁၉၆၂ ခုနှစ်တွင်စတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၉၄ ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့ကာ ၁၇ နှစ်ကြာမြင့်ခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ တာပိန်ရေအားလျှပ်စစ်အနီး နှစ်ဖက်အငြင်းပွားမှုများဖြစ်ပွားကာ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည်မှာ ခြောက်နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့သည် ကချင်ပြည်နယ် တနိုင်းဒေသနှင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ပြင်းထန်သော ပစ်ခတ်မှုများဖြစ်ပွားနေသည်။ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့ (NDAA)၊ တအာင်းလက်နက်ကိုင်အဖွဲ့ (PSLF/TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့ဖွဲ့စည်းထားသော FPNCC ကော်မတီတွင် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA) လည်းပါဝင်သည်။

အဆိုပါ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များသည် NCA စာချုပ်အားလက်မခံဘဲ NCA စာချုပ်နှင့်အလားတူ အပစ်အခတ်ရပ်စဲရေး စာချုပ်တစ်စောင်အား အစိုးရထံပေးပို့ထားပြီး အစိုးရနှင့်တွေ့ဆုံဆွေးနွေးရာတွင် FPNCC ကော်မတီအနေဖြင့် တွေ့ဆုံမည်ဖြစ်ကြောင်း ကြေညာထားသော်လည်း အစိုးရဘက်က ယင်းကော်မတီအား အသိအမှတ်မပြုပေ။