ခြောက်လအတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာ ကျပ် ၁၃၀ မှ ၁၃၅ ကျပ်ကြား ဈေးတက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်နှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း၂၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်

ခြောက်လအတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာ ကျပ် ၁၃၀ မှ ၁၃၅ ကျပ်ကြား ဈေးတက်ခဲ့ပြီး ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်နှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း၂၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်
Published 2 January 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖွင့်လှစ်ထားသည့် စက်သုံးဆီ လက်လီအရောင်းဆိုင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ကမ္ဘာ့ရေနံဈေး ဆက်လက်မြင့်တက်မှုကြောင့် ခြောက်လအတွင်း ပြည်တွင်းစက်သုံးဆီဈေး တစ်လီတာ ကျပ် ၁၃၀ မှ ၁၃၅ ကျပ်ကြားဈေးတက်ခဲ့ကာ ၂၀၁၇ ခုနှစ် သြ ဂုတ် ၁ ရက်နှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း ၂၀ ဝန်းကျင် ဈေးနှုန်းမြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။

၂၀၁၇ ခုနှစ်အစောပိုင်းတွင် ကမ္ဘာ့ဈေးကွက်အတွင်း ရေနံဈေးအတက်အကျ နည်းပါးလျက်ရှိသော်လည်း အောက်တိုဘာ ဒုတိယပတ်မှစတင်ကာ ကမ္ဘာ့ရေနံဈေးနှုန်း သိသိသာသာစတင်မြင့်တက်ခဲ့သည်။ ပြီးခဲ့သည့် သြဂုတ်လဆန်းပိုင်းက ၄၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရေနံဈေးနှုန်းသည် အောက် တိုဘာဆန်းပိုင်းတွင် ၅၁ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်တွင် ၅၅ ဒေါ်လာ၊ ဒီဇင်ဘာ ၂ ရက်တွင် ၅၈ ဒေါ်လာဝန်းကျင်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ဒေါ်လာ ၆၀ ဝန်းကျင် အထိ ဆက်လက်မြင့်တက်ခဲ့ကာ သြဂုတ်လဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၂၂ ရာ ခိုင်နှုန်းဝန်းကျင်မြင့်တက်ခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင်ဖြစ်ပေါ်သော စက်သုံးဆီလက်လီဈေးများမှာ ဒီဇယ်တစ်လီတာ ကျပ် ၈၀၀ (တစ်ဂါလန် ၃၆၃၂ ကျပ်) ပရီမီယံဒီ ဇယ်တစ်လီတာ  ကျပ် ၈၂၀ (တစ်ဂါလန် ၃၇၂၂ ကျပ်)၊ အောက်တိန်း 92 Ron တစ်လီတာ  ကျပ် ၈၀၀ (တစ်ဂါလန် ၃၆၃၂ကျပ်) အောက်တိန်း 95 Ron တစ်လီတာ ၈၄၅ ကျပ် (တစ်ဂါလန် ၃၈၃၆ ကျပ်) ဖြစ်သည်။

ပြီးခဲ့သော ၂၀၁၇ ခုနှစ် သြဂုတ် ၁ ရက်တွင်ဖြစ်ပေါ်သည့် ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ဒီဇယ်တစ်လီတာ ၁၃၀ ကျပ် (၁၉ ဒသမ ၄  ရာခိုင်နှုန်း)၊ ပရီမီယံဒီဇယ် တစ်လီတာ ၁၃၅ ကျပ် (၁၉ ဒသမ ၇ ရာခိုင်နှုန်း)၊ အောက်တိန်း 92 Ron တစ်လီတာ ၁၃၀ ကျပ် (၁၉ ဒသမ ၄ ရာခိုင်နှုန်း)၊ အောက်တိန်း  95 Ron တစ် လီတာ ၁၃၀ ကျပ် (၁၈ ဒသမ ၈  ရာခိုင်နှုန်း) ခြောက်လအတွင်းမြင့်တက်ခဲ့ခြင်းဖြစ်သည်။

“စက်သုံးဆီဈေးက သိသိသာသာတက်လာတာ သုံးလလောက်ရှိလာပြီ၊ အဓိက,ကတော့ ကမ္ဘာ့ဈေးတက်လို့ ဒီမှာလိုက်တက်တာပါ။ ပြီးခဲ့တဲ့ ခြောက်လ ၂၀၁၇ သြဂုတ်လမှာ ဒီဇယ်ဝယ်ဈေး တစ်စည် ၆၆ ဒေါ်လာ၊ ပရီမီယံဒီဇယ်တစ်စည် ၆၇  ဒေါ်လာ၊ 92 က တစ်စည် ၆၄ ဒေါ်လာ၊ 95က တစ်စည် ၆၈ ဒေါ်လာ ဝန်းကျင်ရှိရာကနေ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ဒီဇယ်ဝယ်ဈေး တစ်စည် ၇၈ ဒေါ်လာ၊ ပရီမီယံဒီဇယ်တစ်စည် ၇၉ ဒေါ်လာ၊ 92 က တစ်စည်  ၇၅ ဒေါ်လာ၊ 95 က တစ်စည် ၇၇ ဒေါ်လာ အထိရှိလာတယ်။ ခြောက်လအတွင်း ပျမ်းမျှ ၁၈ ရာခိုင်နှုန်းလောက် တက်လာတာဖြစ်ပါတယ်” ဟု စက်သုံးဆီ တင်သွင်းရောင်းချနေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြည်တွင်းဈေးကွက်၌ဖြစ်ပေါ်ခဲ့သော စက်သုံးဆီ လက်လီ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ်  ကျပ် ၇၁၀၊ ပရီမီယံဒီဇယ် ကျပ် ၇၃၀၊ 92 Ron ၇၁၀ ကျပ်၊ 95 Ron ၇၅၅ ကျပ်တို့ဖြစ်ပြီး တစ်နှစ်အတွင်း ဒီဇယ် ၁၂ ဒသမ ၆  ရာ ခိုင်နှုန်း၊ ပရီမီယံဒီဇယ် ၁၂ ဒသမ ၃ ရာခိုင်နှုန်း၊ 92 Ron ၁၂ ဒသမ ၆ ရာခိုင်နှုန်း၊ 95 Ron ၁၁ ဒသမ ၉  ရာခိုင်နှုန်း ဈေးနှုန်းမြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလဆန်းတွင် ကမ္ဘာ့ရေနံဈေး ၅၁ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး လက်ရှိဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ကိုးဒေါ်လာခန့်ကွာဟကြောင်း သိရသည်။

 

 

Most Read

Most Recent