NLD ပါတီမှ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ တိုင်ကြားမှု ၄၀၀ ခန့်ရှိပြီး စုံစမ်းစစ်ဆေးရန် လိုအပ်သည့် တိုင်ကြားစာ ၂၀၀ ခန့်ရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောကြား

NLD ပါတီမှ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ တိုင်ကြားမှု ၄၀၀ ခန့်ရှိပြီး စုံစမ်းစစ်ဆေးရန် လိုအပ်သည့် တိုင်ကြားစာ ၂၀၀ ခန့်ရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောကြား
Published 1 January 2018

ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုရုံးချုပ်တွင် ပြုလုပ်သည့် NLD ပါတီ ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၃၁ ရက်က တွေ့ရစဉ်

NLD ပါတီမှ အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပတ်သက်၍ ပါတီတိုင်ကြားစာ လက်ခံသည့်ဌာနသို့ တိုင်ကြားမှု ၄၀၀ ခန့်ရှိပြီး အမှန်တကယ် စုံစမ်းစစ်ဆေးရန် လိုအပ်သည့် တိုင်ကြားစာ ၂၀၀ ခန့် ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုရုံးချုပ်တွင် ပြုလုပ်သည့် NLD ပါတီ ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ပြောကြားခြင်း ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားထားသည့်အတိုင်း မမှန်မကန် လုပ်နေသည့် ဝန်ကြီးများအား အရေးယူမှု ပြုလုပ်သွားမည်ဆိုခြင်းနှင့် ပတ်သက်၍ NLD ပါတီတွင်လည်း ပါတီ CEC ထံ တိုင်ကြားထားသည့် တိုင်ကြားစာများအရ ယင်းကဲ့သို့ အရေးယူခံရနိုင်သည့် NLD ပါတီမှ အစိုးရအဖွဲ့ဝန်ကြီး များ၊ အစိုးရပိုင်းမှ ပုဂ္ဂိုလ်များ ရှိ၊ မရှိ ဆိုသည့် သတင်းထောက်တစ်ဦး မေးမြန်းသော မေးခွန်းအပေါ် ဦးဉာဏ်ဝင်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးဉာဏ်ဝင်းက “တိုင်ကြားတဲ့သူတွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ဆိုတာ သူတု့ိအကုန်လုံးက အရွေးချယ်ခံတွေပါ။ အရွေးချယ်ခံတွေဆိုရင် ဒေါက်တာမျိုးညွန့်နဲ့ ဆိုင်ပါတယ်။ သူ့ကော်မတီကကနေမှ CEC ကို တက်တာပါ။ လောလောဆယ် CEC မှာတော့ မရှိဘူး။ သူ့ဆီမှာတော့ ရှိနိုင်တယ်။ ကျွန်တော်ကြားထားတာတော့ တိုင်ကြားစာ ၄၀၀ လောက် ရှိတယ်။ တကယ်အရေးယူဖို့က တကယ်စုံစမ်းစစ်ဆေးဖို့ လိုအပ်တာက ၂၀၀ လောက်ရှိတယ်။ လောလောဆယ် အကြမ်းဖျင်းပြောရရင်တော့ ၂၀၀ လောက် ရှိပါတယ်” ဟု ပြောကြားသည်။

တိုင်းကြားစာများနှင့် ပတ်သက်၍ မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်ဆိုခြင်းကို အမှန်တကယ် စုံစမ်းစစ်ဆေးပြီးမှာသာ ဆုံးဖြတ်ချက်ချရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် NLD ပါတီ ပထမဗဟိုကော်မတီ အဋ္ဌမအကြိမ် အစည်းအဝေးတွင်လည်း ပါတီစည်းကမ်းထိန်းသိမ်းရေး အဖွဲ့အဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းမည် ဆိုသည့်အချက် အပါအဝင် အချက်ခြောက်ချက်ကို ဆုံးဖြတ်ခဲ့သည်။

အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံး ဖြတ်ချက်များမှာ (၁) အဆင့်ဆင့်သော အလုပ်အမှုဆောင်အဖွဲ့များကို အစားထိုးဖြည့်ဆည်းမည်။ (၂) ပါတီစည်းရုံးရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်။ (၃) ပါတီ၊ အစိုးရ၊ လွှတ်တော် ဟန်ချက်ညီညီ ဆောင်ရွက်မည်။ (၄) ပါတီ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ အဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းမည်။ (၅) ဗဟိုက ဖွဲ့စည်းသော လုပ်ငန်းအဖွဲ့များကို ပြန်လည် သုံးသပ်ပြီး ဖြည်းဆည်းမည်။ (၆) စစ်ဘေးရှောင် ပြည်သူတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးမည်ဆိုသည့် အချက်များဖြစ်သည်။

ချမ်းဝေစိုး၊ မောင်ထူး