<

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ရှဒူဇွပ်ကျေးရွာအခြေစိုက် ခလရ (၂၉၇) နောက်တန်း အခြေချစခန်းကို ကေအိုင်အေ လက်နက်ကိုင်များ တိုက်ခိုက်

ကေအိုင်အေ လက်နက်ကိုင်များ တိုက်ခိုက်ခဲ့သော ခလ၇ (၂၉၇) နောက်တန်းအခြေချစခန်းရှိရာ ရှဒူဇွပ်ကျေးရွာမြင်ကွင်းအား ဒီဇင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ပုံကြီး)၊ ကျေးရွာအတွင်း ကျရောက်သည့် လက်နက်ကြီးကျည် အပိုင်းအစတစ်ခု (ပုံသေး)

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လီဒိုလမ်းမပေါ်ရှိ ရှဒူဇွပ်ကျေးရွာအခြေစိုက် ခလရ (၂၉၇) နောက်တန်း အခြေချစခန်းကို ကေအိုင်အေ လက်နက်ကိုင်များက ဒီဇင်ဘာ ၃၀ ရက် နံနက်အစောပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်းနှင့် နံနက် ၁၀ နာရီခန့်တွင် ပြန်လည် ဆုတ်ခွာသွားကြောင်း ဒေသခံများက ပြောကြားမှုများအရ သိရသည်။

ရှဒူဇွပ်ဒေသခံ တစ်ဦးက “မနက်စောစောပဲ။ ၆ နာရီ မထိုးခင်ပေါ့။ ရှဒူဇွပ် စခန်းကုန်းကို ကေအိုင်အေအဖွဲ့တွေ လာပစ်တာ။ မနက် ၉ နာရီခွဲကျော်မှ ပစ်ခတ်သံ တိတ်သွားတာ။ တပ်မတော်ဘက်က တစ်ယောက် ကျတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ တပ်မတော်က စစ်သားမိန်းမတွေ အားလုံးက လက်နက်ကိုင်ကြတာကိုး။ သူတို့လည်း ၀င်တိုက်ကြတာလို့ ပြောတယ်။ ပြောမယ်ဆိုရင် ကေအိုင်အေအဖွဲ့က ၀င်စီးတာပေါ့။ ကေအိုင်အေဘက်ကလည်း ထိတယ်။ တပ်က သူတို့နေရာကိုး။ လက်နက်ကြီးတွေ ရွာထဲဘက် ကျသေးတယ်။ အရပ်သားတော့ မထိဘူး။ ညနေပိုင်း ငြိမ်နေတယ်” ဟု ပြောကြားသည်။

အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ရှဒူဇွပ်ကျေးရွာအခြေစိုက် ခလရ (၂၉၇) စခန်း တိုက်ခိုက်ခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုသော်လည်း အခြားမည်သည့် သတင်းအချက်အလက်ကိုမျှ အတည်မပြုနိုင်သေးကြောင်း ပြောကြားသည်။

ထို့ပြင် ကေအိုင်အေအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်တောင်က “ဒီမနက် တနိုင်းလမ်း (လီဒို) ရှဒူဇွပ်မှာ ဖြစ်တာ ဟုတ်ပါတယ်။ မနက် ၅ နာရီခန့်ကနေ မနက် ၉ နာရီကျော်အထိ ဖြစ်တယ်လို့ သိရတယ်။ အသေးစိတ်ကတော့ မသိရသေးဘူး။ ကေအိုင်အေ တပ်မဟာ (၂)၊ ရင်း (၁၄)၊ ရင်း (၂၀) ဘက်မှာ ဖြစ်တာကြာပါပြီ။ လေယာဉ်တွေနဲ့ ပစ်နေကြတဲ့အထိပါပဲ။ တပ်ရင်းတွေလည်း မူလနေရာမှာ မနေရတော့ လမ်းပေါ်ထွက်လာတဲ့ သဘောပါပဲ။ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်နယ်စပ် မန်ဝိန်းကြီးဘက်က လွယ်ဂျောင်ဘွမ် စခန်းကိုလည်း လေကြောင်းတွေနဲ့ ပစ်နေတာ ဖြစ်ပါတယ်။ မရမနေ တိုက်နေတဲ့ သဘောပါပဲ။ ဒီဇင်ဘာ ၃၀ ရက် နေ့လယ်ပိုင်းမှာလည်း လိုင်ဇာမြို့ရဲ့ ရှေ့တန်းကင်းစခန်းတွေဘက် လက်နက်ကြီးတွေ ပစ်နေတယ်”ဟု ဆိုသည်။

ထို့ပြင် ကျန်တင်း အချက်အလက်များမှာ ဗဟိုကော်မတီမှ အတည်ပြုထုတ်ပြန်မှသာ သိရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနိုင်းဒေသ ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံ ရင်း (၁၄) နယ်မြေနှင့် မန်စီမြို့နယ်ထဲမှ တပ်ရင်း (၂၉) နေရာများကို တိုက်လေယာဉ်ဖြင့် လာရောက် ပစ်ခတ်မှုများ ဖြစ်နေကြောင်း ကေအိုင်အေပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဒီဇင်ဘာ ၂၉ ရက်က ပြောကြားသည်။

ဗိုလ်မှူးကြီးနော်ဘူက တိုက်ပွဲများပြင်းထန်နေခြင်းမှာ ကေအိုင်အို/ကေအိုင်အေ၏ စီးပွားရေး ကျဆင်းစေရန်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်၏ နယ်မြေစိုးမိုးမှုရှိသော နယ်မြေများကို တိုးချဲ့တင်ပြနိုင်ရန်၊ တရုတ်နိုင်ငံ၏ စီးပွားရေး လမ်းကြောင်းများကို ကာကွယ်နိုင်ရန်အတွက်ဟု ထင်မြင်ကြောင်း သုံးသပ်ထားသည်။

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ဒေသနှင့် တနိုင်းဒေသကို လွန်ခဲ့သော ရက်ပိုင်းကလည်း တပ်မတော်က လေယာဉ်ဖြင့် ပစ်ခတ်မှုများ ရှိခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ငြိမ်းချမ်းရေးညီလာခံ နီးလာသည့်အတွက် တိုက်ပွဲဖြစ်ခြင်း မဟုတ်ဘဲ နိုင်ငံ၏ မြေပေါ်မြေအောက် သယံဇာတကို ကာကွယ်ရန် တာဝန်ရှိကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကာကွယ်ခြင်းဖြစ်ကြောင်း RFA သတင်းဌာနသို့ လွန်ခဲ့သည့်ရက်ပိုင်းက ပြောကြားထားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တနိုင်းဒေသတွင် တရားမ၀င် ရွှေမှော်၊ ပယင်းမှော်များကို အကြောင်းပြု၍ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်မှာ ဇွန်လဆန်းပိုင်းမှ ဒီဇင်ဘာလအထိ ခုနစ်လနီးပါး ကြာမြင့်ခဲ့ ပြီဖြစ်သည်။
နှစ်ဖက်ပစ်ခတ်မှုများကြားတွင် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း၊ မိုင်းနင်းဒဏ်ရာရခြင်း၊ မသင်္ကာသူများ ဖမ်းဆီးခံရခြင်းများ ရှိခဲ့သည်။

December 31, 2017














Copy Protected by Chetan's WP-Copyprotect.