၂၀၁၈ ခုနှစ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲတွင် စပွန်ဆာပေးထားသည့် Golden Elephant ‘ရွှေဆင်စီးပြီးအောင်ပွဲခံ’ အမည်ဖြင့် ကြော်ငြာထားမှုမှာ ဆေးလိပ်ကြော်ငြာဖြစ်နေပါက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေနှင့် ငြိစွန်းနိုင်သဖြင့် ဝေဖန်မှုများထွက်ပေါ်

၂၀၁၈ ခုနှစ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲတွင် စပွန်ဆာပေးထားသည့် Golden Elephant ‘ရွှေဆင်စီးပြီးအောင်ပွဲခံ’ အမည်ဖြင့် ကြော်ငြာထားမှုမှာ ဆေးလိပ်ကြော်ငြာဖြစ်နေပါက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေနှင့် ငြိစွန်းနိုင်သဖြင့် ဝေဖန်မှုများထွက်ပေါ်
Published 30 December 2017

၂၀၁၈ ခုနှစ် မန္တလေးမြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲတွင် Golden Elephant “ရွှေဆင်စီးပြီး အောင်ပွဲခံ” အမည်ဖြင့် ကြော်ငြာထားသည်ကို မန္တလေးမြို့လယ်တွင် တွေ့ရစဉ်

၂၀၁၈ ခုနှစ် မန္တလေးမြို့တော်ဝန် မီနီ မာရသွန်ပြိုင်ပွဲအတွက် အဓိကစပွန်ဆာပေးထားသည့် ကုမ္ပဏီများထဲတွင် Golden Elephant “ရွှေဆင်စီးပြီးအောင်ပွဲခံ”အမည်ဖြင့် ဝင်ရောက်ကြော်ငြာထားမှုမှာ ဆေးလိပ်ကုမ္ပဏီတစ်ခု၏ ကြော်ငြာဖြစ်နေပါက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေးဥပဒေဖြင့် ငြိစွန်းနိုင်သည်ဟုဆိုကာ မြို့ခံများအကြား ဝေဖန်မှုများထွက် ပေါ်လျက်ရှိကြောင်း သိရသည်။

နှစ် (၇၀) ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်မည့် ၂၀၁၈ ခုနှစ် မန္တလေး မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့) တွင် ပြုလုပ်မည်ဖြစ်ရာ အဆိုပါပြိုင်ပွဲအတွက် အဓိကစပွန်ဆာပေးထားသည့် ကုမ္ပဏီများအနက် အဆိုပါ ဆေးလိပ်ကုမ္ပဏီတစ်ခု၏ ကြော်ငြာဟုဆိုကာ ဒီဇင်ဘာ ၂၈ ရက်က Facebook စာမျက်နှာများတွင် အဆိုပါကြော်ငြာမှာ ဆေးလိပ်ကြော်ငြာဖြစ်ကြောင်း ဝေဖန်ရေးသားမှုများ ထွက်ပေါ်လာရာမှတစ်ဆင့် ဝေဖန်မှုများ ယခုလို ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“အဲဒီ ရွှေဆင်စီးပြီးအောင်ပွဲခံဆိုတဲ့ စာသားနဲ့ကြော်ငြာကို ကျွန်တော်လည်း တွေ့တယ်။ ဒါပေမဲ့ ဘာကို ကြော်ငြာထားလဲဆိုတာ မသိဘူး။ သူကြော်ငြာထားတာက ဆေးလိပ်ဆိုတဲ့ အကြောင်းအရာလည်း မပါဘူး။ အခုမှ စီးကရက် ကြော်ငြာဆိုတာ သိရတာ။ ဒါက ဆေးလိပ်ကြော်ငြာတာဆိုရင်တော့ ဆေးလိပ်ဆေးရွက်ကြီးဥပဒေနဲ့ တိုက်ရိုက်ထိတယ်ဗျ။ အခုလို ကျန်းမာရေးအတွက်လုပ်တဲ့ မီနီ မာရသွန်လိုပြိုင်ပွဲမှာ ဒါမျိုးကြော်ငြာတာမျိုးက မကောင်းဘူးပေါ့။ ဒါပေမဲ့ အခုဟာက ဆေးလိပ်ဆိုတဲ့ စကားက မပါလာဘူး။ ဥပမာ ရွှေဆင်စီးကရက်နဲ့ အောင်ပွဲခံပါလို့ သူက ပြောမထားတော့ နည်းနည်းတော့ ပြောရခက်တယ်။ ပြောချင်တာက ဆေးလိပ်ကြော်ငြာတာဆိုရင် တော့ ဒါဟာ မဖြစ်သင့်ဘူးပေါ့ဗျာ။ အခုဟာ ဆေးလိပ်လို့ မပါဘူးဖြစ်နေတယ်။ တကယ် ဆေးလိပ်ကြော်ငြာတာဆိုရင်တော့ ဒါက ဆေးလိပ်ဆေးရွက်ကြီးဥပဒေနဲ့ တိုက်ရိုက်ထိတယ် လို့ ပြောလို့ရတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

“ဒါက မဖြစ်သင့်တဲ့ကိစ္စရပ်ဗျ။ ကျွန်တော်တို့လည်း အဲဒီ ရွှေဆင်စီးပြီး အောင်ပွဲခံဆိုတဲ့ ကြော်ငြာကိုတွေ့ပါတယ်။ အစပိုင်းက ဘိလပ်မြေကြော်ငြာ၊ ဓာတ်မြေသြဇာကြော်ငြာတွေ လို့ပဲ ထင်မိတာ။ အခုမှ ဆေးလိပ်ကြော်ငြာဖြစ်နေတယ်ဆိုတာ သိလိုက်ရတာ။ မဖြစ်သင့်ဘူးထက် မလုပ်သင့်ဘူးပေါ့။ ကျွန်တော့်အနေနဲ့ လည်း လက်မခံပါဘူး။ ဆေးလိပ်ကြော်ငြာ ဖြစ်နေတာကို”ဟု မန္တလေးမြို့မှ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

“ဒါက ဆေးလိပ်နဲ့ ဆေးရွက်ကြီးဥပဒေနဲ့ လည်း မညီသလို ၂၀၁၅ ခုနှစ်က ပြဋ္ဌာန်းထားတဲ့ ယှဉ်ပြိုင်မှုဥပဒေနဲ့လည်း မညီညွတ်ပါဘူး။ နိုင်ငံတော်ကနေ တားမြစ်ထားတဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးနဲ့ပတ်သက်တဲ့ ကြော်ငြာတွေကို နိုင်ငံတော်ကနေပြုလုပ်တဲ့ ပြိုင်ပွဲတွေမှာ ဝင်ပြီးတော့ ကြော်ငြာတာကိုက ဒါဟာ ဥပဒေ နဲ့ မညီညွတ်ဘူး။ ဒါကြောင့် ဒီကိစ္စဟာ ဥပဒေ နဲ့မညီဘူး။ မလွတ်ဘူးပေါ့” ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်ပြောကြားသည်။

ဒီဇင်ဘာ ၂၈ ရက်က Kyaw Naing Win Facebook အကောင့်ပိုင်ရှင်၏ စာမျက်နှာထက်တွင် “ဒေါက်တာဝန်ကြီးချုပ်နဲ့ ဒေါက်တာမြို့တော်ဝန်ခင်ဗျာ… ဟု အစချီကာ ဒီပွဲအတွက် (မန္တလေးမြို့တော်ဝန် မီနီမာရသွန် ပြိုင်ပွဲ) စပွန်ဆာယူထားတာက လူသားအားလုံးရဲ့ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေတဲ့ ဆေးလိပ်ကြော်ငြာဖြစ်နေတာ အံ့အားသင့်စွာ တွေ့မြင်ရပါတယ်။ ကမ္ဘာပေါ်မှာ ဒီဆေးလိပ်ကြောင့် လူသားတွေဟာ တစ်မိနစ်ကို တစ်ယောက်နှုန်း သေဆုံးနေပါတယ်။ ဒါကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆေးလိပ်သောက် သုံးမှုလျော့ကျရေး အထူးအလေးပေးဆောင် ရွက်နေပါတယ်။ ယခုအခါ ကျွန်တော်တို့နိုင်ငံ အစိုးရကလည်း ဆေးလိပ်နဲ့ပတ်သက်ပြီး အထူးတင်းကျပ်မှုတွေ လုပ်နေတာ အားလုံးအသိပါ။ သတင်းစာ၊ ဂျာနယ် ရုပ်မြင်သံကြားတွေမှာ ဆေးလိပ်ကို လုံးဝကြော်ငြာခွင့် မပြုတော့ပါ ဘူး။ ဆေးလိပ်ဘူးတွေပေါ်မှာလဲ သတိပေးစာများ၊ ပုံများထည့်သွင်းပြီး ဆေးလိပ်သောက် သုံးမှုလျော့ကျအောင် လုပ်ဆောင်နေတာ တွေ့ကြရမှာပါ။… ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ အားကစားအတွက် အစိုးရက ဦးဆောင်ကျင်းပပေးတဲ့ အပြေးပြိုင်ပွဲ လမ်းလျှောက်ပွဲတွေမှာ ဆေးလိပ်ကုမ္ပဏီဆီက စပွန်ဆာယူပြီး ဆေးလိပ်ကြော်ငြာတွေ လက်ခံလိုက်တာဟာ အင်မတန်မှားယွင်းတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ သာမန်ပြည်သူတစ်ယောက်တောင် အလွယ်တကူ တွေးမြင်သိနိုင်တဲ့ကိစ္စကို ကျန်းမာရေးအသိပညာ မြင့်မားပါတယ်ဆိုတဲ့ ဒေါက်တာကြီးတွေဖြစ်တဲ့ တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ မြို့တော်ဝန် ဒေါက်တာရဲလွင်က မသိဘူးလား၊ ဖြစ်သင့် မဖြစ်သင့် မတွေးမိဘူးလားဆိုတာ စဉ်းစားစရာဖြစ်နေပါတယ်။ စပွန်ဆာငွေ ဘယ်လောက်အထိရလို့ ခုလိုလက်ခံလိုက်ရတာလဲ။ ယခုလို လုပ်ဆောင်မှုဟာ ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက် အလွန်လွဲမှားနေပြီး မြန်မာ့ယဉ်ကျေးမှုမြို့တော် မန္တလေးမြို့ရဲ့ ရှေးဟောင်းသမိုင်းဝင် ကျုံးမြို့ရိုးပတ်ပတ်လည်ကို အခုလို ဆေးလိပ်ကြော်ငြာတွေကပ်ထားတာ အင်မတန်ရုပ်ဆိုးလွန်းတဲ့ကိစ္စဖြစ်သည့်အတွက် အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ဖို့ အကြံပြုလိုက်ရပါတယ်” ဟု ရေးသားထားသည်ကိုတွေ့ရပြီး အဆိုပါ ပို့စ်အောက်တွင် မန္တလေးမြို့ခံအချို့က ဆေးလိပ်ကြော်ငြာဟု ယခုမှသိရကြောင်း၊ အခြားလုပ်ငန်းကြော်ငြာဟု ထင်မြင်မိကြောင်း၊ ယခုကဲ့သို့ ဆေးလိပ်ကြော်ငြာမှာ လုံးဝမဖြစ်သင့်ကြောင်း ဝေဖန်ရေးသားခဲ့ကြသည်။ ထို့ပြင် မန္တလေးမြို့ခံများမှလည်း ၎င်းတို့၏ Facebook လူမှုကွန်ရက် စာမျက်နှာများထက်တွင် တစ်ဆင့်ပြန်လည်၍ အဆိုပါ ဆေးလိပ်ကြော်ငြာကိစ္စ ဝေဖန်ရေးသားမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ကျန်းမာရေးအတွက် ပြုလုပ်တဲ့ပြိုင်ပွဲ မှာ ဆေးလိပ်ကြော်ငြာနဲ့ဖြစ်နေတာက လုံး၀ မဖြစ်သင့်ဘူးပေါ့ဗျာ။ နောက်တစ်ချက်က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ မန္တလေး မြို့တော်ဝန်တို့က ပြည်သူတွေထက် ကျန်းမာရေးအသိ ပိုရှိကြတဲ့ ဆရာဝန်တွေပါ။ ဒါကြောင့် ဒီဆေးလိပ်ကြော်ငြာကို စပွန်ဆာပေး ထားတာက မဖြစ်သင့်ဘူး။ ဆေးလိပ်ကြော်ငြာဖြစ်တဲ့အတွက် ဆေးလိပ်နဲ့ဆေးရွက်ကြီးဥပဒေကိုလည်း ချိုးဖောက်တဲ့ပုံစံလို ဖြစ်နေတယ်။ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်”ဟု ဝေဖန်ရေး ဆောင်းပါးများ ရေးသားနေသည့် ကျော်ကြီး (MDY) က ပြောကြားသည်။

ယင်းကဲ့သို့ ဝေဖန်မှုများထွက်ပေါ်နေမှုအပေါ် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက အခမ်းအနားတစ်ခုသို့ တက်ရောက်ရာတွင် သတင်းထောက်များက အဆိုပါ ဆေးလိပ်ကြော်ငြာကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာ “အခု ခင်ဗျားတို့ ပြောနေကြတဲ့ကုမ္ပဏီက စီးကရက်တစ်မျိုးတည်း ထုတ်နေတဲ့ ကုမ္ပဏီမဟုတ်ပါဘူး။ ထုတ်ကုန်အများကြီး ထုတ်နေတဲ့ ကုမ္ပဏီလို့ သိတယ်။ ဒီကုမ္ပဏီက မန္တလေးတိုင်းဒေသကြီး အစိုးရကပြုလုပ်တဲ့ လူထုလမ်းလျှောက်ပွဲတွေမှာလည်း သူတို့က စပွန်ဆာပေးတာတွေရှိပါတယ်။ အားလုံးလည်း လာကြတာပဲ အဲဒီပွဲတွေမှာ။ စိတ်အပေါ်မှာပဲ မူတည်တာပေါ့။ စီးပွားရေးသမားကတော့ ကြော်ငြာမှာပေါ့ဗျာ။ တီဗွီတွေထဲမှာ ပရီမီးယားလိဂ်ပွဲတွေမလာခင်မှာ ဟေးဟေးနဲ့ အော်နေတာကိုကျတော့ ခင်ဗျားတို့တစ်ခွန်းမှ မပြောဘူး” ဟု တုံ့ပြန်ပြောကြားသည်။

ထို့ပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က “ကျွန်တော်တို့နဲ့ Golden Elephant ကုမ္ပဏီတို့အကြား စာချုပ်ချုပ်ဆိုစဉ်တုန်းက သူတို့က ရေသန့်ကုမ္ပဏီအနေနဲ့ စာချုပ်ချုပ်ဆိုခဲ့တာ။ သူတို့ကုမ္ပဏီက ဆေးလိပ်တစ်မျိုးတည်း ထုတ်လုပ်တဲ့ကုမ္ပဏီမဟုတ်ဘူး။ တခြားထုတ်ကုန်တွေလည်း ထုတ်လုပ်တယ်။ ကျွန်တော်တို့နဲ့ စာချုပ်ချုပ်ဆိုစဉ်ကတည်းက ရေသန့်ကုမ္ပဏီ အနေနဲ့ ချုပ်ဆိုထားတာဖြစ်တဲ့အတွက် စပွန်ဆာပေးထားတဲ့ကိစ္စကို ဖျက်သိမ်းပေးဖို့ မလိုအပ်ဘူးလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းထားသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ အခန်း (၈) ပြစ်မှုနှင့် ပြစ်ဒဏ်များ ဥပဒေပုဒ်မ (၁၁) တွင် မည်သူမဆို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းကို တွင်ကျယ်စွာ ဖြန့်ဖြူးရောင်းနိုင်ရေးအတွက် လူအများသိရှိစေရန် အောက်ပါပြုလုပ်မှုတစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ပထမအကြိမ် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပါက ထိုသူအား ငွေဒဏ် ကျပ် ၂၀၀၀၀ မှ အများဆုံး ကျပ် ၅၀၀၀၀ အထိလည်းကောင်း၊ ဒုတိယအကြိမ်နှင့်အထက် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ပါက ထိုသူအား နှစ်နှစ်အထက်မပိုသော ထောင်ဒဏ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ် အနည်းဆုံး ကျပ် ၅၀၀၀၀ မှ အများဆုံး ကျပ် ၂၀၀၀၀၀ အထိလည်းကောင်း ချမှတ်ရမည်။

(က) ကြော်ငြာဆိုင်းဘုတ် စိုက်ထူခြင်း၊ ရေးဆွဲဖော်ပြ၍ ကြော်ငြာခြင်း၊ ကြော်ငြာချိန် ဆွဲခြင်း၊ ကြော်ငြာကပ်ခြင်း၊ ကြော်ငြာလက်ကမ်း စာရွက်ဝေငှခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကြော်ငြာခြင်း၊ (ခ) ရေဒီယို၊ ရုပ်ရှင်၊ ရုပ်မြင်သံကြားနှင့် ဗီဒီယိုတို့ဖြင့်ဖြစ် စေ၊ အဆင့်မြင့်နည်းပညာသုံး ဆက်သွယ်ရေး စနစ်ဖြင့်ဖြစ်စေ၊ လူထုဆက်သွယ်ရေးလမ်းကြောင်းမှ ထုတ်လွှင့်ခြင်း သို့မဟုတ် ပြသခြင်း၊ (ဂ) သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းနှင့် လက်ကမ်းစာစောင်များတွင် ဖော်ပြခြင်း သို့မဟုတ် ယင်းတို့ကို ဖြန့်ချိခြင်း၊ (ဃ) ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း၏ အမှတ်တံဆိပ်ပါသော ပစ္စည်းကို အခမဲ့ဖြန့်ဖြူးခြင်း၊ ဝေငှခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်း၊ (င) အားကစားပွဲ၊ ပျော်ပွဲရွှင်ပွဲ သို့မဟုတ် ပြပွဲကျင်းပနိုင်ရန် ဖြစ်စေ၊ အကျိုးပြုလုပ်ငန်းတစ်ခုခုကို ပြုလုပ်နိုင်ရန်ဖြစ်စေ၊ အထောက်အပံ့ပေးခြင်း သို့ မဟုတ် ဝန်ဆောင်မှုပေးခြင်း၊ (စ) လူ့အသုံးအဆောင်ပစ္စည်းတစ်ခုခုတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း၏ အမှတ်တံဆိပ်ကို ဖော်ပြခြင်း၊ (ဆ) အခြားတစ်နည်းနည်းဖြင့် ဆောင်ရွက်ခြင်းဟု အစရှိသဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဥပဒေတွင်ဖော်ပြထားသည်။ ထို့ပြင် အခန်း (၉) အထွေထွေကဏ္ဍတွင် ပုဒ်မ ၁၈ (က)တွင် ဤဥပဒေ အခန်း (၈) ပါ ပြစ်မှုများ ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့်ရှိ သော ပြစ်မှုများအဖြစ် သတ်မှတ်သည်ဟု ပြဋ္ဌာန်းဖော်ပြထားသည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်ရေးဥပဒေတွင် ဆေးရွက်ကြီးပါသော ကုန်ပစ္စည်းများ၊ အရောင်းမြှင့်တင်ရန်စည်းရုံးမှု၊ ကြော်ငြာမျိုးစုံပြုလုပ်ခြင်း၊ လူမှုရေး၊ ပညာရေး၊ အားကစား၊ ကျန်းမာရေးစသည်တို့အား ပံ့ပိုးပေးခြင်းများအား တားမြစ်ရန် အစီအစဉ်များပါဝင်ကြောင်း၊ ကွန်ဗင်းရှင်းသဘောတူပြီး ငါးနှစ်အတွင်း ဥပဒေပါအချက်များကို မိမိတို့နိုင်ငံ၏ ဥပဒေများ၊ အမိန့် ကြော်ငြာစာများ ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ဥပဒေအရ အရောင်းမြှင့်တင်ရန်စည်းရုံးမှု၊  ကြော်ငြာမျိုးစုံပြုလုပ်ခြင်း၊ လူမှုရေး၊ ပညာရေး၊ အားကစား၊ ကျန်းမာရေး စသည်တို့အား ပံ့ပိုးမှု ပေးခြင်းများအားလုံးကို လုံးဝတားမြစ်ရန် ဆိုထားသော်လည်း အချို့နိုင်ငံများသည် တားမြစ်ချက်အချို့ကိုသာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ၂၀၀၆ ဥပဒေအရ  အရောင်းမြှင့်တင်ရန်စည်းရုံးမှု၊ ကြော်ငြာမျိုးစုံ ပြုလုပ်ခြင်း၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား စသည်တို့အား ပံ့ပိုးမှုပေးခြင်းများ အားလုံးကို လုံးဝတားမြစ်ထားကြောင်း၊ သို့ရာတွင် နည်းဥပဒေ အမိန့်ကြော်ငြာစာများ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိခြင်းကို အခွင့်ကောင်းယူ၍ အရောင်းမြှင့်တင်ရန် စည်းရုံးမှု၊ ကြော်ငြာမျိုးစုံပြုလုပ်ခြင်း၊ ပံ့ပိုးမှုပေးခြင်း များကို နည်းမျိုးစုံသုံးပြီး ဆောင်ရွက်နေသည်ကိုတွေ့ရကြောင်း သိရသည်။

Most Read

Most Recent