ငြိမ်းချမ်းရေး ရရှိခြင်းအားဖြင့် အားလုံးအတွက် အကျိုးအမြတ်ရှိနိုင်သည်ကို ထင်ရှားစေရန် ပြည်သူများက ဝိုင်းဝန်းလုပ်ပေးရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ငြိမ်းချမ်းရေး ရရှိခြင်းအားဖြင့် အားလုံးအတွက် အကျိုးအမြတ်ရှိနိုင်သည်ကို ထင်ရှားစေရန် ပြည်သူများက ဝိုင်းဝန်းလုပ်ပေးရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 30 December 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံလူငယ်များ၏ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk) ကို ဒီဇင်ဘာ ၂၉ ရက်က လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်စဉ် (ဓာတ်ပုံ-စိုးမင်းထိုက်)

ငြိမ်းချမ်းရေးကို မလိုလားသည့်လူများ၏ အဓိကပြဿနာသည် ငြိမ်းချမ်းရေး၏တန်ဖိုးကို မသိသေး၍ဖြစ်ကြောင်းနှင့် ငြိမ်း ချမ်းရေးရရှိခြင်းအားဖြင့် အားလုံးအတွက် အကျိုးအမြတ်ရှိနိုင်သည်ကို ထင်ရှားစေရန် ပြည်သူများက ဝိုင်းဝန်းလုပ်ပေးရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောကြားသည်။

ဒီဇင်ဘာ ၂၉ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ဒေသခံလူ ငယ်များနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံပွဲတွင် နန္ဒာမင်းလွင်အမည်ဖြင့် အွန်လိုင်းမေးမြန်းသူတစ်ဦးက “အမေစုခင်ဗျာ။ ပြည်တွင်းစစ်ကြာရှည်နေတာဟာ မြန်မာပြည်မှာ ငြိမ်းချမ်းရေးကို မလိုလားတဲ့လူတွေ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်တဲ့။ ဒီလို ငြိမ်းချမ်းရေးကို မလိုလားတဲ့ အဖွဲ့အစည်းတွေ လူတွေကို ဘယ်လိုနည်းနဲ့ စည်းရုံးမှ အဆင်ပြေမယ်လို့ ယူဆပါသလဲ ခင်ဗျ”ဟု မေးမြန်းသည်။

အဆိုပါမေးမြန်းမှုအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ပြည်သူတွေပဲ စည်းရုံးကြ။ ဒါပြည်သူတွေနဲ့ အဓိကဆိုင်တဲ့ကိစ္စဖြစ်တယ်။ ငြိမ်းချမ်းရေးကို မလိုလားတဲ့လူတွေက အဓိက ပြဿနာက ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို မသိသေးလို့ပဲ။ ငြိမ်းချမ်းရေးရတယ်ဆိုလို့ရှိရင် မိမိတို့ အပါအဝင် အားလုံးအတွက် ဘယ်လိုအကျိုးအမြတ်တွေရှိနိုင်လဲဆိုတာကို သဘောမပေါက်သေးလို့ပဲ။ အခုအခြေအနေနဲ့ စာလို့ရှိရင် ငြိမ်းချမ်းရေးရရင် ပိုကောင်းမယ်ဆိုတာကို နှလုံးမသွင်းနိုင်သေးလို့ ငြိမ်းချမ်းရေးကို မလိုလားတာပေါ့။ တကယ်ပဲ ငြိမ်းချမ်းရေးရလို့ ရှိလို့ရှိရင် ပိုပြီးတော့ အကျိုးအမြတ်တွေ အသီးအပွင့်တွေဟာ တခြားလူတွေအတွက်တင်မဟုတ်ဘူး မိမိတို့အတွက် ပိုပြီးတော့ များလာမယ်ဆိုတာကို သဘောပေါက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးလိုလားမှာပဲ။ ဒါကြောင့် အားလုံးကနေ ပြည်သူတွေက ဝိုင်းကြိုးစားရမယ်ဆိုတာ ငြိမ်းချမ်းရေးရခြင်းအားဖြင့် အားလုံးအတွက် အကျိုးအမြတ်ရှိနိုင် တယ်ဆိုတာ ထင်ရှားအောင်လို့ ပြည်သူတွေကလည်း ဝိုင်းပြီးတော့လုပ်ပေးရမယ်။ ငြိမ်းချမ်းရေးမလိုချင်တာက ပြည်သူတွေရဲ့တစ်စိတ်တစ်ပိုင်းပါပဲ”ဟု ပြန်လည်ဖြေကြားသည်။

ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး တိုးတက်အောင် ထိန်းသိမ်းထားရန် အစိုးရမှာ တာဝန်ရှိကြောင်း၊ တစ်တိုင်းပြည်လုံး စီးပွားရေး တိုးတက်လာသည်နှင့်အမျှ  ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို ခံစားရမည်ဖြစ်ကြောင်း၊  ယင်းသို့ ခံစားရသည်နှင့်အမျှ ယဉ်ကျေးမှု၊ ဘာသာစကား ထိန်းသိမ်းလာတာ အားပေးလာတာ ပိုပြီးများလာမည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သိပ်ပြီးစိတ်မပူရန်နှင့်အလေးထား ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုရာမှာ ငြိမ်းချမ်းရေးကို တရားဥပဒေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ထိန်းထားတယ်ပေါ့။အဲ့ဒါလည်း လက်တွေ့ကျကျစဉ်းစားရမှာပေါ့။ ဒီလိုမထိန်းထားလို့မရဘူး။ ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲဖို့ဆိုတာ တရားဥပဒေ စိုးမိုးရေး ရှိရမယ်။ အများလက်ခံနိုင်တဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေတစ်ခုရှိရမယ်။ အဲဒါမှလည်း ငြိမ်းချမ်းရေးဆိုတာ တည်မြဲမယ်။ ရေတိုမှာ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်တွေကို ခံစားရမှာ။အစောက ပညာရေးနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးမရှိလို့ ပညာရေးမရှိဘူးဆိုတာ။ ပညာရေးနဲ့ပတ်သက်လို့ ဒီနိုင်ငံမှာ နိမ့်ကျသွားတာက တစ်ခုက ပညာရေးစနစ်ကြောင့်ပါ။ ပညာရေးစနစ်မကောင်းလို့ သိပ်ကိုနိမ့်သွားတယ်။ တစ်ခုကတော့ မငြိမ်းချမ်းလို့ နယ်စွန်နယ်ဖျားတွေ မှာပေါ့။ မငြိမ်းချမ်းတဲ့ဒေသတွေမှာ မှန်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

ဒီဇင်ဘာ ၂၉ ရက်က ကယားပြည်နယ်လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူငယ်များ ငြိမ်းချမ်းရေးစကားဝိုင်းကို တွေ့ရစဉ်(ဓာတ်ပုံ-စိုးမင်းထိုက်)

အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတိုင်းရင်းသား လူငယ်ရှစ်ဦးက နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနှင့်သက်ဆိုင်သည့်ကိစ္စများ၊ ဒေသအခက်အခဲများ၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့်ပတ်သက်ပြီး ဆွေးနွေးတင်ပြခဲ့သည်။

ဦးမာရီးယိုက “ကျွန်တော်တို့ မြန်မာနိုင်ငံက ဘာသာတရား အရမ်းကိုင်းရှိုင်းတဲ့ နိုင်ငံတစ်နိုင်ငံပါ။ ဒါကြောင့်မို့ ဘုရားကျောင်းတက်မယ် ကားတိုင်တောင်ပေါ် တက်မယ် ဆိုပြီး တက်ပြန်တော့လည်း အပေါ်မှာ စစ်သားက သေနတ်တွေနဲ့ ချိန်ထားနေတယ်။ အဲဒါ ကျွန်တော်တို့က တောင်ပြန်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျွန်တော်တို့  ဘာသာတရား ခရစ်ယာန်ဘာသာ ကိုးကွယ်ကြတဲ့ ခရော့တောင်ကို သိမ်းပိုက်ထားတာကို တွေ့ရပါတယ်။ အဲဒါလည်း အခက်အခဲတစ်ခုပါပဲ။ အစိုးရဝန်ကြီးချုပ်ကိုလည်း ပြောချင်ပါတယ်။ ကျွန်တော်တို့ ပြည်သူက တိုင်ထားတဲ့စာကိုလည်း ထိရောက်စွာ အရေးယူပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ဟုတ်ကဲ့ ကြည့်လိုက်ပါမယ်။ ဘယ်တုန်းက စသိမ်းပိုက်ထားတာလဲ။၂၀၀၈ ဆို ၁၀ နှစ်တောင်ကြာပြီ ကြည့်လိုက်ပါ့မယ်။ ဘာကြောင့်မို့လို့ ဒီလို ကိုးကွယ်ဖို့ဟာ အခက်အခဲရှိနေလဲဆိုတာ။ ဝန်ကြီးချုပ်က တိုင်တဲ့ဟာတွေကို သေသေ ချာချာ ဖတ်ရလိမ့်မယ်။ကိုယ်တိုင်မဖတ်နိုင်ရင်တောင် ဖတ်တဲ့အဖွဲ့တွေ ဖွဲ့ထားရပါလိမ့်မယ်။ ဖတ်တဲ့အဖွဲ့တွေကလည်း နည်းနည်း ဖြောင့်မတ်ဖို့လိုတယ်။ သူတို့ အကြောင်းတိုင်တာပါလို့ရှိရင် တင်မပြမှာလည်း စိုးရိမ်ရတယ်။ အဲဒီတော့ အဲဒါကို သေချာမှာခဲ့ပါတယ်”ဟု ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားအားလုံးက အခုအချိန်ထိ ကြောက်စိတ်ကို အမြစ်တွယ်နေသေးကြောင်း၊ ယင်းအလေ့အကျင့်ကို ဖျက်ရလိမ့်မည်ဖြစ်ကြောင်း၊ သိမ်ငယ်သည့်လူများကို ဦးစားပေးရမည်ဖြစ်ကြောင်း အဆိုပါတွေ့ဆုံပွဲတွင် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲအဖွင့်မိန့်ခွန်းအဖြစ် “အခုဆိုရင် လူငယ်တွေ နဲ့ငြိမ်းချမ်းရေးစကားဝိုင်းတွေ ကျင်းပခဲ့တာ လေးငါးခြောက်ခါရှိပါပြီ။ နေရာအသီးသီးမှာပေါ့ လူငယ်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျင်းပတဲ့နေရာမှာ တိုက်ပွဲတွေမဖြစ်ခဲ့တဲ့ ဒေသတွေမှာဆိုရင် ငြိမ်းချမ်းရေးနဲ့ပတ်သက် ပြီး နားလည်မှု ဗဟုသုတပေါ့နော် စိတ်ဝင်စားမှု နည်းတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ ပြည်နယ်တွေတိုင်းတွေ နောက်ပြီးတော့ အရင်တုန်းက မငြိမ်းချမ်းဘဲ အခု ငြိမ်းချမ်းသွားတဲ့ နေရာတွေမှာ ဘယ်လိုအပြောင်းအလဲတွေရှိတယ်ဆိုတာကို ပိုပြီးတော့ နားလည်တယ်ဆိုတာကို သတိပြုမိပါတယ်။ပိုပြီးတော့ နားလည်တဲ့ ဒေသတွေမှာဆိုလို့ ရှိရင် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးရတာ ပိုပြီးတော့ ထဲထဲဝင်ဝင်ရှိပါတယ်။ ဒါကြောင့်မို့ ဒီကယားပြည်နယ်မှာလည်း လူငယ်တွေနဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အခါမှာ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဒီက လူငယ်တွေရဲ့ အသံကို တစ်တိုင်းပြည်လုံးက နားထောင်ပြီးတော့ စိတ်ဝင်စားလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အခုဒီထဲမှာ ဝန်ထမ်းတွေလည်းပါတယ်။ ဝန်ထမ်းမဟုတ်တာတွေလည်းပါတယ်။ ဝန်ထမ်းတွေရဲ့အနေအထားနဲ့ ဝန်ထမ်းမဟုတ်တဲ့သူတွေရဲ့ အယူအဆကတော့ မတူပါဘူး။ မတူပေမဲ့လည်း အားလုံးကတော့ အတူတူတွဲပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ဆွေးနွေးဖို့ပြင်ဆင်လာတာလည်း ကောင်းပါတယ်။စိတ်ထဲမှာပေါ်လာတာကိုလည်း ဆွေးနွေးနိုင်ပါတယ်။ အဲဒါက ပိုကောင်းတတ်ပါတယ်”ဟု ဆွေးနွေးပွဲတက်ရောက်လာသူများအား ပြောကြားသည်။

“ဒီလို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပြည်သူလူထုကနေ ပါဝင်ပြီးတော့ စိတ်ပါဝင်စားစွာ နားထောင်တယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှကောင်းတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေ လုပ်တိုင်းလုပ်တိုင်း လူငယ်တွေဟာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လောက်အားသန်တယ်ဆိုတာ ကျွန်မတို့ တွေ့ရပါတယ်။ လူငယ်တွေ ငြိမ်းချမ်းရေးအတွက် အားသန်တယ်ဆိုတာ ကျွန်မတို့ အနာဂတ်အတွက် အင်မတန်မှ ကောင်းပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ရရုံနဲ့ မပြီးသေးဘူး။ ထိန်းသိမ်းထားရမယ်။ ဒါကြောင့် နောင်မျိုးဆက်တွေက ငြိမ်းချမ်းရေးရဲ့ တန်ဖိုးကို သိတယ်ဆိုလို့ရှိရင် ကျွန်မတို့ မျိုးဆက်မှာရအောင်ယူပြီး နောင်မျိုးဆက်တွေမှာ ဆက်ပြီးထိန်းသိမ်းပြီးတော့ ဒီငြိမ်းချမ်းရေးအပေါ် အခြေခံပြီး ကျွန်မတို့နိုင်ငံ ဖွံ့ဖြိုး တိုးတက်အောင်လို့ ကျွန်မတို့နိုင်ငံကို အင်အားခိုင်မာအောင်လုပ်ရမယ်။ နိုင်ငံတစ်နိုင်ငံဆိုတာ အင်အားခိုင်မာမှ ကမ္ဘာကလည်း လေးစားတယ်။ အင်အားမခိုင်မာတဲ့ နိုင်ငံဆိုရင် ကမ္ဘာက အထင်သေးချင်တယ်။ ဒါကလည်း လူ့သဘာဝပါပဲ။ အားလုံးဟာ ကိုယ့် နိုင်ငံကို တိုးတက်အောင်လို့ အင်အားခိုင်မာအောင်လို့ လုပ်နိုင်တဲ့ အခွင့်အရေးတွေရှိတယ်။ ဒီအခွင့်အရေးတွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက်သုံးကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါတယ်။ ကျေးဇူးတင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က အပိတ်မိန့်ခွန်းအဖြစ်ပြောကြားသည်။

အဆိုပါငြိမ်းချမ်းရေးလူငယ်စကားဝိုင်းသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကယားပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး တက်ရောက်သူဦးရေ ၂၀၀၀ ခန့်ရှိကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငါးကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းအဖြစ် လွိုင်ကော်မြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး လူငယ်များ၊ ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသားလူမျိုးနှင့် နေပြည်တော်တွင် နှစ်ကြိမ်၊ ပင်လုံမြို့တွင် တစ်ကြိမ်၊ ဝမ်းတွင်းမြို့နယ်တွင်တစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

Most Read

Most Recent