ပန်းတောင်းမြို့နယ် ညောင်ကျိုးရဲကင်းတွင် စစ်ဆေးမှုမခံဘဲ မောင်းနှင်ထွက်ပြေးသည့် ယာဉ်ပေါ်မှ အစိုးရပိုင် ကြေးမုံသတင်းစာ သတင်းထောက်တစ်ဦးနှင့်အတူ ၎င်းခေါ်ဆောင်လာသော ဘင်္ဂါလီခြောက်ဦးအား ဖမ်းဆီးရမိ

ပန်းတောင်းမြို့နယ် ညောင်ကျိုးရဲကင်းတွင် စစ်ဆေးမှုမခံဘဲ မောင်းနှင်ထွက်ပြေးသည့် ယာဉ်ပေါ်မှ အစိုးရပိုင် ကြေးမုံသတင်းစာ သတင်းထောက်တစ်ဦးနှင့်အတူ ၎င်းခေါ်ဆောင်လာသော ဘင်္ဂါလီခြောက်ဦးအား ဖမ်းဆီးရမိ
Published 29 December 2017

ကြေးမုံသတင်းထောက်ကတ် ကိုင်ဆောင်ထားသူအား တွေ့ရစဉ်

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်ခရိုင် ပန်းတောင်းမြို့နယ် ညောင်ကျိုးရဲကင်းတွင် စစ်ဆေးမှုမခံဘဲ မောင်းနှင်ထွက်ပြေးသွားသည့် ယာဉ်ပေါ်မှ အစိုးရပိုင် ကြေးမုံသတင်းစာ သတင်းထောက်တစ်ဦးအား ၎င်းခေါ်ဆောင်လာသော ဘင်္ဂါလီခြောက်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး နယ်စပ်ခြားဂိတ်များ ဖြစ်သော ညောင်ကျိုး ရဲကင်းစစ်ဆေးရေးဂိတ်တွင် စစ်ဆေးပိတ်ဆို့မှုများ ဆောင်ရွက်နေစဉ် တောင်ကုတ်ဘက်မှ ပြည်ဘက်သို့ YGN-(....) ၊ TOYOTA MARK 2 အမျိုးအစား ခဲရောင်မော်တော်ယာဉ်မှာ အစစ်ဆေးမခံဘဲ မောင်းနှင် ထွက်ပြေးသွားကြောင်း သတင်းပေးပို့ချက်များအရ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ဥသျှစ်ပင်မြို့၊ မကဖဂိတ်တွင် မောင်းနှင် ထွက်ပြေးသွားသော အဆိုပါယာဉ်ကို ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။

“ဘင်္ဂါလီဖြစ် မဖြစ်ကိုတော့ ကျွန်တော်တို့ စိစစ်ဆေးနေတုန်းပါ။ ကြေးမုံသတင်းထောက်ကတ် ယူလာသူကတော့ အကြမ်းဖျင်းသိရတာက သူက ကယ်ရီ လုပ်လာတယ်လို့ သိရတယ်။ ဘင်္ဂါလီဆိုတာကို အတည်ပြုဖို့ စိစစ်နေဆဲပါပဲ။ မေးရတုန်းပါပဲ” ဟု ဥသျှစ်ပင်ရဲစခန်းမှူး ရဲအုပ်ဦးဝင်းဆန်းက ပြောကြားသည်။

ကြေးမုံသတင်းထောက်ကတ် ကိုင်ဆောင်ထားသူ ခေါ်ဆောင်လာသောသူများအား တွေ့ရစဉ်

အဆိုပါ ကြေးမုံသတင်းထောက်ဟုဆိုသူမှာ ကျောက်ဖြူမြို့နယ် အစိုးရရပ်ကွက် ဗိုလ်ချုပ်လမ်းနေ ဦးစောမိုးကျော် (၅၀ နှစ်) ဖြစ်ပြီး ၎င်းကိုယ်တိုင် မောင်းနှင်လာသော ကားဖြစ်ကြောင်း သိရသည်။

“ကျွန်တော်ကတော့ ရခိုင်မှာ စရောက်တုန်းက သတင်းထောက်ဆိုပြီး စသိတယ်။ သူရေးတဲ့ သတင်းကတော့ မတွေ့ခဲ့ဘူး။ ဒါပေမဲ့ သူက ဌာနဆိုင်ရာ တော်တော်များများမှာ သတင်းထောက်ဆိုတဲ့ နာမည်နဲ့ သူတို့ပြောတဲ့ စကားတွေနဲ့ သတင်းထောက်ဆိုပြီး သွားလာလှုပ်ရှားတာ တွေ့တယ်။ သတင်းတော့ ဘာမှရေးတာ မရှိဘူး။ ဌာနဆိုင်တွေ သွားရင် သူက ထိပ်ဆုံးကနေ လုပ်တာလေးတွေ ရှိတယ်။ အဲဒါမျိုးလေးတွေ ရှိတယ်။ ကြေးမုံကလို့ ပြောတယ်။ ပြန်ကြားရေးက ပေးထားတဲ့ တရားဝင်ကတ် ရှိတယ်လို့ပြောတယ်” ဟု ကျောက်ဖြူဒေသခံ သတင်းထောက်လုပ်ခဲ့ဖူးသူ သတင်းထောက်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိသည့် ကြေးမုံသတင်းစာ သတင်းထောက် ဦးစောမိုးကျော်နှင့်အတူ ၎င်းခေါ်ဆောင်လာသည့် ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီခြောက်ဦးအား ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent