နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကယားပြည်နယ် လူထုကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်း လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ယနေ့ ကျင်းပမည်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကယားပြည်နယ် လူထုကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်း လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ယနေ့ ကျင်းပမည်
Published 29 December 2017

ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်မည့် ပြည်နယ်ခန်းမအား ဒီဇင်ဘာ၂၈ ရက် မွန်းလွဲ ၁ နာရီကတွေ့ရစဉ် (ဓာတ်ပုံ-မခိုင်)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကယားပြည်နယ် လူထုကိုယ်စားလှယ်များ၏ ငြိမ်းချမ်းရေးစကားဝိုင်းအား လွိုင်ကော်မြို့ ပြည်နယ်ခန်းမတွင် ဒီဇင်ဘာ ၂၉ ရက် (ယနေ့) နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဦးတီရယ်ထံမှ သိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လွိုင်ကော်သို့ လေကြောင်းခရီးဖြင့် နေ့ချင်းပြန် လာရောက်မည်ဖြစ်ပြီး တွေ့ဆုံပွဲပြုလုပ်ပြီးနောက် ကယန်းကြေးကွင်းစွပ် တိုင်းရင်းသားများနေထိုင်ရာ ဒေါဆန်းဘွန်းကျေးရွာသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးစကားဝိုင်း ပထမပိုင်းကို အသက် ၃၀ အောက် လူငယ်များဖြင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဒုတိယပိုင်းကို မွန်းတည့် ၁၂ နာရီတိတိတွင် ပြည်နယ်အစိုးရရုံး ခန်းမတွင် အရပ်ဘက်အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်းသိရသည်။

“ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို မေးခွန်းတွေ မေးမလဲ ကြည့်ရမယ်။ ကျွန်မတို့ကတော့ တစ်ပြည်နယ်လုံးဆိုင်ရာကို ပြောမယ်။ နောက်တော့ ကျွန်မတို့ မော်ချီးဒေသအကြောင်း ပြောမယ်။ ကျွန်မတို့ဆီမှာ မေးခွန်းတွေ အဆင်သင့်ရှိသလို ဒေါ်စုမေးလာရင်လည်း အဖြေအဆင်သင့်ပဲ။ စာဖတ်ထားတာ၊ ကျက်ထားတာ တစ်ခုမှ မရှိဘူး။ ကျွန်မကို ဒီဇင်ဘာ ၂၇ ရက်ကမှ ဆွေးနွေးပွဲတက်ဖို့ ဖိတ်တာ။ ထွေအုပ်ရုံးက ဖိတ်တာ။ ဒီရက်ထဲ ခရီးမသွားနဲ့လို့ မှာတယ်လေ” ဟု မော်ချီးဒေသ ဒေါကလူအမျိုးသမီးအဖွဲ့ခေါင်းဆောင် နော်မာဂရက်စိန်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ငါးကြိမ်မြောက် ငြိမ်းချမ်းရေးစကားဝိုင်းအဖြစ် လွိုင်ကော်မြို့တွင် ပြုလုပ်ခြင်းဖြစ်ပြီး လူငယ်များ၊ ကျေးလက်နေပြည်သူများ၊ တိုင်းရင်းသား လူမျိုးနှင့် နေပြည်တော်တွင် နှစ်ကြိမ်၊ ပင်လုံမြို့တွင် တစ်ကြိမ်၊ ဝမ်းတွင်းမြို့နယ်တွင် တစ်ကြိမ် ပြုလုပ်ခဲ့သည်ဟု သိရသည်။

ကယားပြည်နယ်တွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် ပဏာမ သဘောတူညီချက်ကို ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ၂၀၁၂ ခုနှစ် မတ် ၇ ရက်က လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် KNPP နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲမှ သဘောတူညီချက် ခုနစ်ချက်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်က ရရှိခဲ့သည်။

ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင်ဖြစ်ပြီး လက်ရှိတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရန် အစိုးရနှင့် ညှိနှိုင်းဆွေးနွေးလျက် ရှိသည်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ၊ ရခိုင်ပြည် အမျိုးသားကောင်စီ (ANC) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့ဖြစ်ကြပြီး ၎င်းတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် အစိုးရနှင့် ညှိနှိုင်းလျက် ရှိသည်။

Most Read

Most Recent