လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့်မှတ်တမ်းယူနေသည့် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား စွဲဆိုထားသည့်အမှုများ ရုပ်သိမ်းရန် တရားလိုများဘက်က တရားရုံးသို့လျှောက်ထား

လွှတ်တော်အဆောက်အအုံကို ဒရုန်းဖြင့်မှတ်တမ်းယူနေသည့် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား စွဲဆိုထားသည့်အမှုများ ရုပ်သိမ်းရန် တရားလိုများဘက်က တရားရုံးသို့လျှောက်ထား
Published 27 December 2017

တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား စွဲဆိုထားသည့်အမှု ရှစ်ကြိမ်မြောက်ရုံးချိန်းတွင် တွေ့ရစဉ်

လွှတ်တော်အဆောက်အအုံအား ဒရုန်းဖြင့် မှတ်တမ်းယူနေသည့် တူရကီအခြေစိုက် သတင်းထောက်ပါလေးဦးအား စွဲဆိုထားသည့်အမှုများအား ရှစ်ကြိမ်မြောက်ရုံးချိန်းတွင် တရားလိုများက အမှုရုပ်သိမ်းကြောင်း ဒီဇင်ဘာ ၂၆ ရက်က ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ လာရောက်လျှောက်ထားကြောင်း သိရသည်။

တူရကီအခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOYLIN  ၊ LAUHON MENG ၊ မြန်မာနိုင်ငံသား အောင်နိုင်စိုး (စကားပြန်) နှင့် ဦးလှတင် (ယာဉ်မောင်း) တို့အား စွဲဆိုထားသည့် ပို့ကုန်၊သွင်းကုန် ဥပဒေပုဒ်မ ၈ နှင့် မလေးရှား နိုင်ငံသူ MOK CHOYLIN နှင့် LAUHON MENG တို့နှစ်ဦးအား ထပ်မံစွဲဆိုထားသည့် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မ ၁၃ (၁) တို့အား ရုပ်သိမ်းကြောင်း သက်ဆိုင်ရာတရားလိုများက တရားရုံးသို့ လာရောက်လျှောက် ထားခဲ့ခြင်းဖြစ်သည်။

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က “အမှုတင်တဲ့ တရားလိုအဖြစ် ဆောင်ရွက်တဲ့ ရဲအုပ်ဦးထွန်းထွန်းဝင်းကနေပြီးတော့မှ ရုံးရှေ့မှာလာပြီး အမှုကိုရုပ်သိမ်းသွားပါတယ်။ ရုပ်သိမ်းဖို့လျှောက်သွားတယ်။ ဒက္ခိဏခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံလေးဦး၏ပြုလုပ်မှုသည် နိုင်ငံတော်၏လုံခြုံရေးကိုထိခိုက်စေမည့် ရည်ရွယ်ချက် မတွေ့ရှိရ၍လည်းကောင်း၊ မလေးရှားနိုင်ငံသူနှင့် စင်ကာပူနိုင်ငံသားတို့နှင့်ပတ်သက်၍ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှု၍လည်းကောင်း၊ ဖုန်းဖြင့်ညွှန်ကြား လာသဖြင့် ရည်ညွှန်းချက်ပါအမှုမှ တရားခံလေးဦးသို့ စွဲဆိုထားသောအမှုအား ရုပ်သိမ်းခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည်လို့ တရားရုံးမှာလာရောက်လျှောက်ပါတယ်” ဟု ပြောကြားသည်။

ယင်းကဲ့သို့ အမှုရုပ်သိမ်းကြောင်း သက်ဆိုင်ရာတရားလိုများက တရားရုံးသို့လျှောက်ထားခဲ့ပြီးနောက် ဥပဒေအရာရှိက ရဲတပ်ဖွဲ့ထံ သဘောထားမှတ်ချက်ယူပြီး ရဲတပ်ဖွဲ့မှ ကန့်ကွက်ခြင်း မရှိပါက တရာရုံးတော်သို့တင်၍ တရားသူကြီးက အမှုပိတ်သိမ်းကြောင်း အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ရဲကပဲရုပ်သိမ်းတာ။ သို့သော် ရဲတပ်ဖွဲ့ကို ထပ်ပြီးတော့ ဥပဒေအရာရှိက သဘောထားမှတ်ချက် ထပ်တောင်းရတယ်။ အမှုကို ရုပ်သိမ်းတဲ့အလုပ်က ဥပဒေအရာရှိအလုပ်။ ဥပဒေအရာရှိက ရဲသဘောထားမှတ်ချက်ကလည်း ရုပ်သိမ်းတာကို ကန့်ကွက်စရာမရှိပါဘူးဆိုရင် ဥပဒေအရာရှိက ရုံးတော်မှာတင်ပေးမယ်။ ၂၈ ရက်ကျရင်တော့ ဥပဒေအရာရှိက ရုပ်သိမ်းပြီးရင် အဲဒီနေ့မှာပဲ အမှုကိုပိတ်သိမ်းကြောင်း အမိန့်ချပါလိမ့်မယ်” ဟု တရား လွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဆက် လက်ပြောကြားသည်။

လက်ရှိတွင် လွှတ်တော်အဆောက်အအုံအား ဒရုန်းဖြင့်မှတ်တမ်းယူခဲ့သည်ကို ဝန်ခံခဲ့သည့်အတွက် တူရကီအခြေစိုက်သတင်းထောက်ပါ လေးဦးအား ၁၉၃၄ ခုနှစ် လေယာဉ် အက်ဥပဒေပုဒ်မ ၁၀ ဖြင့် ထောင်ဒဏ်နှစ်လ ချမှတ်ခံထားရပြီး လာမည့်ဇန်နဝါရီ ၁၀ ရက်တွင် ရက်ပြည့်မြောက်မည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံအား အောက်တိုဘာ ၂၇ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ် ၂၇ အနီးမှ ဒရုန်းဖြင့်မှတ်တမ်းယူရန် စတင်ချိန်  ပြည်သူ့လွှတ်တော်ဝင်း လုံခြုံရေးတာဝန်ကျ ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

Most Read

Most Recent