သဖန်းဆိပ်ဆည်အား ဂျပန်နိုင်ငံမှ JICA ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် အကြီးစားပြင်ဆင် ဆောင်ရွက်သွားမည်

သဖန်းဆိပ်ဆည်အား ဂျပန်နိုင်ငံမှ JICA ၏ အကူအညီဖြင့် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် အကြီးစားပြင်ဆင် ဆောင်ရွက်သွားမည်
Published 26 December 2017

JICA မှ အကြီးစား ပြင်ဆင်ပေးမည့် စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်အတွင်းရှိ သဖန်းဆိပ်ဆည် တစ်နေရာအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်အား ဂျပန်နိုင်ငံမှ Japan International Cooperation Agency (JICA) ၏ အကူအညီဖြင့် အကြီးစားပြင်ဆင်မှုတစ်ခု လာမည့် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

JICA အနေဖြင့် သဖန်းဆိပ်ဆည်အား အကြီးစားပြုပြင်ခြင်းနှင့် ဆည်မှ ရေပေးဝေနေသည့် တူးမြောင်းများ အပါအဝင် ကွေးကောက်နေသည့် တူးမြောင်းများအား ပြန်လည် ပြုပြင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“သဖန်းဆိပ်ဆည်ကိုလည်း ပြန်ပြုပြင်မယ်။ တူးမြောင်းတွေ၊ ပျက်စီးနေတဲ့ ဟာတွေကော မဖြောင့်သေးတဲ့ မြောင်းတွေကို ပြုပြင်မယ်။ နှစ်သစ်ကူးအပြီးလောက်မှာ ပြုပြင်မယ်။ ဂျပန်နိုင်ငံက ဂျိုက်ကာရဲ့ အကူအညီနဲ့ ပြုပြင်သွားမှာပါ။ ရေစီးရေလာ မကောင်းတဲ့ နေရာတွေကိုလည်း ပြန်ပြီးပြုပြင်မယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး/မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

လက်ရှိ အခြေအနေတွင် သဖန်းဆိပ်မှ ရေပေးဝေနေသည့် ရေတူးမြောင်းမှာ ရေစီးရေလာ မကောင်းသည့်အတွက် ဆည်၏ ဧရိယာအတွင်း စိုက်ပျိုးလုပ်ကိုင်နေသည့် လယ်ယာမြေဧက သုံးသိန်းကျော်လောက်သာ ရေရရှိပြီး စိုက်ပျိုးနေရကြောင်း သဖန်ဆည်အား ပြုပြင်ပြီးပါက လယ်ယာမြေဧက ငါးသိန်းကျော်အတွက် စိုက်ပျိုးရေ ပေးဝေနိုင်မည်ဖြစ်ကြောင်း ဦးကမ်ဇာမုံက ပြောကြားသည်။
သဖန်းဆည် ပြုပြင်ခြင်းအတွက် JICA မှ ယန်းငွေ သန်းပေါင်း ၁၀၈၀၀ အကုန်ကျခံ ပြုပြင်သွားမည် ဖြစ်ကြောင်း သဖန်းဆိပ်ဆည်မှ လျှပ်စစ်ထုတ်လုပ်ရန် အစီအစဉ် မပါရှိသေးကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

လတ်တလောတွင် သဖန်းဆိပ်ဆည်ကနေ ခင်ဦးမြို့နယ်၊ ရွှေဘိုမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့နှင့် တန့်ဆည်မြို့အပါအဝင် မြို့နယ်ပေါင်း ၁၀ မြို့နယ်အတွင်းမှ လယ်ယာမြေဧက ရှစ်သိန်းကျော်အတွက် ရေပေးဝေနေကြောင်း သိရသည်။

Most Read

Most Recent