ဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုသည့် ဦးတိုက် လျှောက်လွှာတွင် တရားလိုလက်မှတ် မမှန်ကန်မှုနှင့် ပတ်သက်ပြီး တရားလို အပါအဝင် ခြောက်ဦးအား စုံစမ်းဖော်ထုတ်ပေးရန် ဆရာတော်က တရားရုံးသို့ လျှောက်ထား

ဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုသည့် ဦးတိုက် လျှောက်လွှာတွင် တရားလိုလက်မှတ် မမှန်ကန်မှုနှင့် ပတ်သက်ပြီး တရားလို အပါအဝင် ခြောက်ဦးအား စုံစမ်းဖော်ထုတ်ပေးရန် ဆရာတော်က တရားရုံးသို့ လျှောက်ထား
Published 26 December 2017

ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆို ခံထားရသည့် ဆရာတော် ဦးပါမောက္ခအား ဒီဇင်ဘာ ၂၂ ရက်က ရုံးထုတ်လာစဉ်

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲဆိုသည့် ဦးတိုက်လျှောက်လွှာတွင် တရားလိုလက်မှတ် မမှန်ကန်မှုနှင့် ပတ်သက်ပြီး တရားလို အပါအဝင် ခြောက်ဦးအား စုံစမ်းဖော်ထုတ်ပေးရန် ဆရာတော်က တရားရုံးသို့ ပြန်လည်လျှောက်ထားကြောင်း ဆရာတော် ဦးပါမောက္ခအမှုအား ကူညီဆောင်ရွက်ပေးသူများအဖွဲ့မှ သိရသည်။

ဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုသည့် ဦးတိုက် လျှောက်ထားလွှာပေါ်မှ လက်မှတ် မမှန်ကန်မှုနှင့် ပတ်သက်ပြီး တရားလို ဦးသန်းထွန်းအောင်၊ ယခင် ကမာရွတ်မြို့နယ် တရားသူကြီးနှစ်ဦး၊ ဥပဒေအရာရှိ၊ ယခင် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့ကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၇၆ အရ စုံစမ်းဖော်ထုတ်ပေးရန် ဆရာတော်က ဒီဇင်ဘာ ၂၂ ရက် တွင် တရားရုံးတော်သို့ လျှောက်ထားခဲ့မှုကို တရားရုံးမှ လက်ခံခဲ့ကြောင်း သိရသည်။

“လက်မှတ် မမှန်မကန်လုပ်မှုကို ပြစ်မှုကြီးအမှတ်နဲ့ တရားစွဲဆိုဖို့ ပြင်ဆင်ခဲ့ပါတယ်။ တရားရုံးဘက်က ပြစ်မှုကြီးနဲ့ တရားစွဲဆိုလို့ မရဘူး။ အစိုးရဝန်ထမ်း၊ ပြည်သူ့ဝန်ထမ်း ဖြစ်နေလို့ တာဝန်အရ ဆောင်ရွက်တဲ့အပေါ်မှာ ဦးတိုက်လျှောက်လွှာနဲ့ တိုက်ရိုက် တရားစွဲဆိုလို့ မရဘူးဆိုပြီး ရှင်းပြပါတယ်။ အဲ့ဒီလို ရှင်းပြတော့ ဒီလက်မှတ်ကို ဘယ်သူ့လက်မှတ်လဲဆိုတာ အရင်ဆုံး ဖော်ထုတ်လုပ်လို့ရအောင် ရာဇဝတ် အထွေထွေအမှုနဲ့ စိစစ်ဖော်ထုတ်ရမယ်။ ဒါမှ လုပ်ထုံးလုပ်နည်းနဲ့ ညီတယ်ဆိုတာမျိုး တရားရုံးဘက်က ရှင်းပြတယ်။ ဦးတိုက် လျှောက်ထားလွှာပေါ်က လက်မှတ်က တရားလို ဦးသန်းထွန်းအောင် လက်မှတ် မဟုတ်ဘူးဆိုတော့ ဘယ်သူဘယ်ဝါ လက်မှတ်ဆိုတာကို စုံစမ်းဖော်ထုတ်ပေးဖို့ရာ ထွေအမှုမှတ် ၉၇/၂၀၁၇ နဲ့ လျှောက်ခဲ့ပါတယ်”ဟု ဦးပါမောက္ခအမှု ကူညီဆောင်ရွက်သူများအဖွဲ့မှ ဦးအောင်မြိုင်က ပြောကြားသည်။ အဆိုပါ စုံစမ်းစစ်ဆေးပေးရန် လျှောက်ထားမှုနှင့် ပတ်သက်ပြီး လာမည့် ဒီဇင်ဘာ ၂၈ ရက် ရုံးချိန်း၌ လျှောက်ထားသူ ဆရာတော် ဦးပါမောက္ခအား စတင်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

အမှုနှင့် ပတ်သက်၍ ပထမအကြိမ် ရုံးထုတ်၌ တရားလိုဖြစ်သူ ဦးသန်းထွန်းအောင် ကို စစ်ဆေးစဉ်က တရားလို ဦးသန်းထွန်းအောင်က ဦးတိုက်လျှောက်ထားလွှာအပေါ် က တရားလို လက်မှတ်သည် ၎င်း၏ လက်မှတ်မဟုတ်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။

မကွေးကျောင်း ဆရာတော် ဦးပါမောက္ခ အား ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်၊ ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမှုတွင် ပုဒ်မ ၁၉ အပေါ် ဝန်ခံသဖြင့် ထောင်ဒဏ် တစ်လ ချမှတ်ခဲ့ကြောင်း၊ ဒီဇင်ဘာ ၁၉ ရက်တွင် ပြစ်ဒဏ်ရက်ပြည့်ခဲ့သောကြောင့် လက်ရှိတွင် ဆရာတော်အား အချုပ်ဖြင့် ရုံးထုတ်စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent