<

တောင်တန်းများကို စွန့်ခွာလာကြသူများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်တန်းဒေသများတွင် နေထိုင်လေ့ရှိသော မြိုတိုင်းရင်းသားမိသားစုအချို့ကို တွေ့ရစဉ်

တောင်တန်းတွေပေါ်မှာ မွေး၊ တောင်တန်းများပေါ်မှာ ကြီးပြင်း၊ တောင်တန်းတွေပေါ်မှာ ပျော်မွေ့ပြီး တောင်တန်းတွေနဲ့ တစ်သားတည်းရှိခဲ့တဲ့ တောင်ပေါ်နေ မြိုတိုင်းရင်းသားတွေဟာ အခုအခါ တစ်စတစ်စ တောင်တန်းတွေကို စွန့်ခွာနေကြပြီဖြစ်ပါတယ်။

တောင်တန်းတွေ၊ မြစ်ချောင်းတွေဟာ  နယ်မြေပိုင်းခြား သတ်မှတ်ချက်တွေလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ နယ်နိမိတ်ခြားထားတဲ့ တောင်တန်းတွေပေါ်မှာ ပြည်ပ ရန်စွယ်တွေကို တောင်တန်းတွေနဲ့အတူ ကာကွယ်နေလာခဲ့တဲ့ မြိုတိုင်းရင်းသားတွေဟာ အခုအခါမှာတော့ မြို့ပြနဲ့အနီးဆုံး လမ်းမကြီးတွေ အနီးဆုံးနေရာတွေကို ရွှေ့လာခဲ့ကြပါပြီ။

တကယ်တော့ မြိုတိုင်းရင်းသားတွေဟာ  ရှေးကတည်းက ရခိုင်မြေမှာ အခြေချနေလာခဲ့တဲ့ ဌာနေတိုင်းရင်းသားတွေပဲဖြစ်ပါတယ်။  ဒါပေမဲ့ တောင်တန်းတွေမှာ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ပြီး တစ်တောင်ကနေ တစ်တောင် ပြောင်းရွှေ့နေလာသူတွေလည်း ဖြစ်ပါတယ် ။ ဒါပေမဲ့  သူတို့ဘ၀ ကျင်လည်ရာဟာ တောင်တန်းပေါ်မှာပဲဖြစ်ပါတယ်။ မြေပြန့်မှာ မပျော်၊ မြေပြန့်ကို မခင်တွယ်တဲ့ သူတို့ရဲ့စရိုက်၊  တောင်ယာခင်းနဲ့ ဆက်နွှယ်တဲ့ သူတို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့တွေ၊ တောဘူးသီးကို တူရိယာ လုပ်ပြီး သူတို့သီဆိုတဲ့ ရိုးရာသီချင်းတွေဟာ  မြိုလူမျိုးတို့ရဲ့ သီးခြားယဉ်ကျေးမှုပဲ ဖြစ်ပါတယ်။

အခုတော့ သူတို့ တောင်တန်းတွေကို တစ်စတစ်စ စွန့်ခွာလာနေရာကစလို့ သူတို့ရဲ့ နေထိုင်မှု၊ ဓလေ့စရိုက်တွေဟာလည်း တစ်စတစ်စ ပြောင်းလဲလာနေကြပါပြီ။ အားသာချက်တွေ၊ အားနည်းချက်တွေ ဒွန်တွဲနေပေမယ့် သူတို့ရဲ့ ကိုယ်ပိုင်ရိုးရာလက္ခဏာတွေ  ပျောက်ပျက်သွားမှာကိုတော့ စိုးရိမ်စရာ ဖြစ် လာခဲ့ပါပြီ။

 

သူတို့ ဘာကြောင့်တောင်တန်းတွေကို  စွန့်ခွာလာကြသလဲ

မြိုတိုင်းရင်းသားတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း တောင်တန်းတွေနှင့် ယခင် ရခိုင်ပိုင်နက်ဖြစ်ခဲ့တဲ့ ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်တန်းဒေသတွေမှာ  နေထိုင်ကြတာများပါတယ်။ ဒါပေမဲ့ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်တွေနောက်ပိုင်းမှာ ဘင်္ဂါလီတွေရဲ့ ရန်မူတိုက် ခိုက်တာကိုခံလာရတဲ့အတွက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကနေ မြိုလူမျိုးတွေ မေယုတောင်တန်းအတိုင်း မြန်မာနိုင်ငံထဲကို ၀င်လာကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ယခင်က မြိုလူမျိုးတွေ သီးသန့်နေထိုင်လာခဲ့တဲ့ တောင်တန်းဒေသကို ဘင်္ဂါလီတွေ နယ်မြေတိုးချဲ့လာမှု၊ ရိုးသားတဲ့ တောင်ပေါ်နေ မြိုလူမျိုးတွေကို အကြမ်းဖက်မှု၊ ရန်မူမှု၊ စီးပွားရေးအရ နှိပ် ကွပ်မှုနဲ့ မြိုလူမျိုးတွေ မိဘဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခဲ့တဲ့ တောင်တန်းတွေမှာ ယာခင်းတွေ သိမ်းဆည်းခံလာရမှု၊  တောင်ယာစိုက်ခင်းတွေ ဖျက်ဆီးခံလာရမှုတွေကြောင့်  သူတို့ မြန်မာနိုင်ငံထဲကို ၀င်လာကြတာလည်း ဖြစ်ပါတယ်။

နယ်စပ်တောင်တန်းတွေပေါ်က သူတို့ရဲ့ မျိုးနွယ်တွေဖြစ်တဲ့ မြိုလူမျိုးတွေရဲ့ ရွာတွေကနေတစ်ဆင့် ၀င်ရောက်လာတာဖြစ်လို့ အဲဒီ နယ်စပ်တောင်တန်းပေါ်က မြိုအိမ်ထောင်စုတချို့ဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၀င်လာတဲ့ မြိုလူမျိုးတွေနဲ့အတူ တောင်တန်းတွေကို ကျောခိုင်းပြီး  မောင်တောမြို့နဲ့ အနီးဆုံးက အစိုးရမှ အသစ်တည်ပေးတဲ့ တိုင်းရင်းသား ကျေးရွာတွေကိုရွှေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် မောင်တောဒေသမှာ လူများစုဖြစ်နေတဲ့ ဘင်္ဂါလီတွေဟာ မေယုတောင်တန်းကို အခြေပြုပြီး အကြမ်းဖက်စခန်းတွေ  လုပ်လာကြတဲ့အခါ တောင်တန်းတွေပေါ်မှာ ကျင်လည်ကျက်စားတဲ့ မြိုလူမျိုးတွေနဲ့ ထိပ်တိုက်တိုးမှုတွေ ရှိလာခဲ့ပါတယ်။ တောင်တန်းတွေရဲ့အခြေအနေ ၊ တောင်တန်းတွေရဲ့ သဘာဝကို နားလည်တဲ့ မြိုလူမျိုးတွေဟာ တောင်တန်းတွေရဲ့ လျှို့ဝှက်ချက်တွေကို သိနေလေတော့  ဘင်္ဂါလီ အကြမ်းဖက်သမားတွေဟာ မြိုလူမျိုးတွေကို သုတ်သင်မှုတွေ၊ သတ်ဖြတ်တာတွေ ဖြစ်လာပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်းမှာ တောင်ပေါ်နေ တိုင်းရင်းသားတွေဟာ အကြမ်းဖက်တာကို ဆက်တိုက်ကြုံလာရပါတယ်။၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၅ ရက်က ကံသာယာအထက် မြိုတိုင်းရင်းသားကျေးရွာမှ ရွာခန့် ကျောင်းဆရာတစ်ဦးဟာ  တောထဲသို့ ၀ါးခုတ်သွားရာ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားပြီးနောက် တစ်ရွာလုံး ပြောင်းရွှေ့လာကြတာ စတင်ဖြစ်လာပါတယ်။

အဲဒီနောက်ပိုင်းမှာ ၂၀၁၇ ခုနှစ် မြိုတိုင်းရင်းသားများ သေဆုံးဒဏ်ရာရ ပျောက်ဆုံးမှုတွေ ဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ မေလ ၉ ရက်က မောင်တောမြို့နယ် မြောက်ပိုင်း နတ်ချောင်းအုပ်စု သံဖြာ မြိုရွာမှ ရွာသားနှစ်ဦးဟာ  ရွာသားပိုင် ၀ါးစိုက်ခင်းမှာ ၀ါးခိုးခုတ်နေတဲ့ ဘင်္ဂါလီတွေကို ဟန့်တားလို့  ဘင်္ဂါလီတွေက ဓားနဲ့ ၀ိုင်းခုတ်လို့ ဒဏ်ရာရရှိတာတွေ ဖြစ်ခဲ့ပြန်ပါတယ်။

သံဖြာကျေးရွာဟာ  ကြိမ်ချောင်းအထက်ပိုင်း မေယုတောထဲတွင် တည်ရှိပြီး အိမ်ထောင်စု ၁၅ စု သာရှိတဲ့ မြိုတိုင်းရင်းသားသီးသန့် နေထိုင်တဲ့ ရွာဖြစ်သလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲပါတယ်။

ဇွန် ၂၅ ရက် နံနက်ပိုင်းကတည်းက နေအိမ်ကနေ  တစ်ညအိပ်ခရီးထွက်သွားသူ မောင်တောမြို့နယ် ဂြစ်ချောင်း (မြိုရွာ) နေ မြိုတိုင်းရင်းသားတစ်ဦးဟာ လက်ရှိအချိန်အထိ နေအိမ်ပြန်မရောက်တော့ဘဲ ပျောက်ဆုံးခဲ့ပြန်ပါတယ်။ သြဂုတ် ၃ ရက်က မေယုတောင်ပေါ် ယာခင်းဆီကိုသွားကြတဲ့ မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးရွာက ရွာသားရှစ်ဦးဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ရက်ရက်စက်စက် သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပါတယ်။ ဖြစ်စဉ်မှ ခုနစ်ဦးကို အသေတွေ့ပေးမယ့် တစ်ဦးကတော့ ပျောက်ဆုံးခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သြဂုတ် ၂၅ ရက်မှာ မောင်တောနယ်စပ်ရှိ လုံခြုံရေးစခန်း ၃၀ ကျော်ကို  ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားတွေက တစ်ပြိုင်တည်း ၀င်ရောက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်စဉ်အပြီး သုံးရက်အကြာ သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းမှာတော့ မောင်တောမြို့နယ် မြောက်ပိုင်း ပဒကားရွာသစ် ခုံတိုင် (မြို) တိုင်းရင်းသားကျေးရွာကို  ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်က ၀ိုင်းဝန်းမီးရှို့ဖျက်ဆီးပြီး ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ပြန်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ခုံတိုင် ကျေးရွာသားအားလုံး မေယုတောင်ပေါ်ကို  ထွက်ပြေးကြပေမယ့် ထွက်မပြေးနိုင်ဘဲ ရွာမှာ ကျန်နေခဲ့တဲ့ ငါးနှစ်အရွယ်ကလေးတစ်ဦး၊ အမျိုးသားသုံးဦးနဲ့  အသက်ကြီးအမျိုးသမီးနှစ်ဦးသတ်ဖြတ်ခံခဲ့ရပြန်ပါတယ်။ ဒါအပြင်  ကျေးရွာသားခုနစ်ဦး ဓားခုတ်ဒဏ်ရာတွေရရှိခဲ့ပါတယ်။  ခုံတိုင်မြိုရွာဟာ အိမ်ခြေ ၄၀ ရှိပြီး  လူဦးရေ ၂၄၇ ဦး နေထိုင်ကြတဲ့ ရွာဖြစ်ပါတယ်။ ရွာသားတွေဟာ  တောင်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူတွေလည်း ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှာတော့ ဘူးသီးတောင်မြို့နယ် တောင်ဘဇာနယ်မြေရဲစခန်းအပိုင်   ဘဒကားကျေးရွာအုပ်စု ဘိုကလေရွာဟောင်းနေ တောင်ယာလုပ်ကိုင်သူ မြိုတိုင်းရင်းသားတစ်ဦးဟာ ၎င်း၏ဇနီး မနန်းလီနဲ့အတူ ခမောင်းချောင်းအုပ်စု ကုလားသေရွာရှိ ဆွေမျိုးများထံ အလည်သွားရောက်ခဲ့ပြီး အပြန်မှာ စိုင်းဒင်တောင်ကြောမှာ မိုင်းတစ်လုံး ပေါက်ကွဲပြီး  မိုင်းထိမှန်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့ပါတယ်။

တောင်တန်းတွေဟာ မြိုလူမျိုးတွေရဲ့ဘ၀ ၊ မြိုလူမျိုးတွေရဲ့ ပျော်စံရာဖြစ်ခဲ့ပေမယ့်  အခုအချိန်မှာတော့ မြိုလူမျိုးတွေရဲ့ ကြမ္မာငင်ရာ ဖြစ်လာခဲ့ပါပြီ။ တောင်တန်းတွေကို  ကြောက်လာပြီး တောင်တန်းတွေကို ကျောခိုင်းလာရတာတွေ ဖြစ်လာခဲ့ပါပြီ။ ဒါ့အပြင် ဒီဇင်ဘာလထဲမှာပဲ ဘူးသီးတောင်မြို့နယ်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကျောက်တော်မြို့နယ်အစပ် စိုင်းဒင်တောင်တန်းပေါ်က မြိုတိုင်းရင်းသား  ၅၀၀ ကျော်ဟာ စစ်ပွဲတွေကို ကြောက်လန့်ပြီး မောင်တောသုံးမိုင် ကျောင်းဘေးနားကို စုပြုံရောက်ရှိနေခဲ့ကြပါပြီ။ သူတို့ဟာ တောင်ယာစိုက်ခင်းတွေကို စွန့်ခွာခဲ့ပြီ။ ရိတ်သိမ်းပြီး စပါးတွေကို တောင်ယာမှာ ထားပစ်ခဲ့ရပြီ။ ခူးဆွတ်ဖို့ အသင့်ဖြစ်နေတဲ့ တောင်ယာသီးနှံတွေကို စွန့်လာရပြီ။ သေနတ်သံ ၊ အမြောက်သံတွေနဲ့ ဝေးရာဆီကို တောင်တန်းတွေကို စွန့်ခွာလာခဲ့ကြသူတွေဖြစ်ပါတယ်။ ရွာသားရှစ်ဦး အသတ်ခံရတဲ့ ကိုင်းကြီးကျေးရွာက ရွာလူကြီး ဦးစံထွန်းက“ကျွန်တော်တို့ဟာ ဘိုးဘွားစဉ်ဆက် တောင်ယာ လုပ်ကိုင်စားသောက်လာသူတွေဖြစ်တယ်။ တောထဲတောင်ထဲမှာပဲနေခဲ့တဲ့သူတွေဖြစ်တယ်။ဘယ်လူမျိုးနဲ့မှ ရန်ငြိုးရန်စမရှိဘူး။ ကိုယ့်တောင်ယာကို ကိုယ်လုပ်ပြီး အေးအေးချမ်းချမ်း နေထိုင်လာသူတွေဖြစ်တယ်။ ကျွန်တော်တို့ဟာ ရိုးအကြသူတွေဖြစ်တယ်။  ဒါပေမဲ့ အခု ဘာသာခြားတွေက ကျွန်တော်တို့ ကိုင်းကြီးရွာသား ရှစ်ဦးကို သတ်လိုက်တယ်။ ကျွန်တော့်သားလည်း အသတ်ခံရတယ်။ ကျွန်တော့်ညီလည်း အသတ်ခံရတယ်။ ကျွန်တော်တို့ တောထဲတောင်ထဲမှာ မနေရဲတော့ပါ။ ဘာသာခြားတွေဟာ ကျွန်တော်တို့ မြိုလူမျိုးတွေကို အငြိုးထားတယ်။ သူတို့က တောင်ထဲမှာ အကြမ်းဖက်စခန်းတွေ လုပ်လာတာကို ကျွန်တော်တို့က အစိုးရကိုပြောတယ်လို့ထင်လို့ သူတို့လုပ်တာ။ ဒါကြောင့် ကျွန်တော်တို့ လုံခြုံရေးရဲ့ အဝေးမှာ မနေရဲတော့ဘူး။ လုံခြုံရေးရှိတဲ့ လမ်းဘေးမှာ တဲထိုးပြီးတော့နေတော့မယ်။ တောထဲကို မသွားတော့ဘူး”လို့ သူတို့ရဲ့တောင်တန်းကို ကျောခိုင်းခဲ့ရပုံကို ပြောပါတယ်။

ကျေးရွာသား ခြောက်ဦး သတ်ဖြတ်ခံရပြီး ရွာသားခုနစ်ဦး ဒဏ်ရာရရှိကာ ရွာကိုမီးရှို့ခံရပြီး တစ်ရွာလုံး ထွက်ပြေးခဲ့ရတဲ့ ခုံတိုင် မြိုရွာက အုပ်ချုပ်ရေးမှူး ဦးမောင်လှက “ကျွန်တော်တို့ရွာဟာ မေယုတောင်ခြေမှာရှိတယ်။ ကားလမ်းကိုသွားဖို့ဆိုရင်တောင် ဘင်္ဂါလီရွာကိုဖြတ်ပြီးမှ ရောက်တယ်။ ကျွန်တော်တို့ရွာကို အနီးအနားရွာတွေက ဘင်္ဂါလီတွေကပဲ လာရောက်တိုက်ခိုက်တာပါ။ ရွာသားတွေကို သတ်တာ။ ရွာကိုမီးရှို့တာဟာ သူတို့တွေပါ။ ကျွန်တော်တို့ရွာက အိမ်ခြေလည်းနည်းတယ်။ သူတို့ဘင်္ဂါလီရွာတွေက အိမ်ခြေ ထောင်ချီရှိတယ်။ ကျွန်တော်တို့ အိမ်ခြေနည်းနည်းနဲ့ မနေတော့ဘူး။ လမ်းပန်းဆက်သွယ်ရေးခက်တဲ့ နေရာမှာ မနေရဲတော့ဘူး။ ကားလမ်းဘေးက အိမ်ခြေ ၁၀၀ ကျော်လောက် ရှိတဲ့ရွာတည်ပြီးမှ နေမယ်”လို့ ပြောခဲ့ပါတယ်။

အခုအချိန်မှာတော့ တောင်ပေါ်ကနေ ပြောင်းရွှေ့လာကြတဲ့ မြိုတိုင်းရင်းသားတွေအတွက် အစိုးရကနေ ရွာသစ်တွေ၊ အိမ်သစ်တွေ ဆောက်လုပ်ပေးနေပြီလည်းဖြစ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးခက်တဲ့ မောင်တော မြို့နယ်မြောက်ပိုင်း မေယုတောင်ပေါ်မှ မြိုတိုင်းရင်းသားရွာတွေဖြစ်တဲ့ မျောက်ခေါင်းတောင်၊ ပန်းချောင်း ၊ ခရုချောင်း ၊ အောက်အင်းချောင်းကျေးရွာတွေကို စုပေါင်းပြီး မောင်တော-ဗန္ဓုလ ကားလမ်းဘေး သစ်တုံး နားခွဆုံကျေးရွာမှာ စုပေါင်းကျေးရွာအဖြစ် နေအိမ် ၈၆ လုံးကို ဆောက်လုပ်နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပဒကားကျေးရွာမှာ ခုံတိုင်၊  ရေနောက်ငါးသား၊လဘော၊ သံပုရာ၊ ပဒကား တောင်ရွာတွေကို စုပြီး အိမ်ခြေ ၁၄၀ ရှိတဲ့ ရွာကိုတည်ဆောက်နေပြီလည်းဖြစ်ပါတယ်။ ဒါ့အပြင် မောင်တောတောင်ပိုင်းမှာ ကိုင်းကြီး၊ စိန်ပန်းမြိုင်၊ သုံးမိုင်စတဲ့ကျေးရွာတွေက မြိုတိုင်းရင်းသားတွေအတွက် ဇော်မတက် ကျေးရွာအုပ်စုမှာ နေအိမ် ၁၁၄ လုံးကို ဆောက်လုပ်ပေးနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

မောင်တောမြို့နယ်အတွင်းရှိ သစ်တုံး နားခွဆုံကျေးရွာအုပ်စု၊ ပဒကားရွာသစ်ကျေးရွာအုပ်စု၊ ဇော်မတက်ကျေးရွာအုပ်စု၊မင်းကြီးကျေးရွာအုပ်စု၊ လောင်းဒုံကျေးရွာအုပ်စု၊ အိုးထိန်းကျေးရွာအုပ်စု၊ မြို့မအရှေ့ ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအုပ်စု၊ ရဲဘော်ကျ ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာအုပ်စု၊ မြို့မိချောင်းကျေးရွာအုပ်စု၊ အင်းဒင်ကျေးရွာအုပ်စု၊ ပန်းတောပြင်ကျေးရွာအုပ်စု၊ ဘဒကား ရွာသစ်ကျေးရွာအုပ်စု၊ ကွမ်းသီးပင်ကျေးရွာ အုပ်စုနှင့် သက်ကိုင်ညာကျေးရွာအုပ်စုအတွင်း ရှိ ကျေးရွာပေါင်း ၂၆ ရွာတွင် နေထိုင်ခဲ့တဲ့ အိမ်ထောင်စု ၇၉၈ စု၊ လူဦးရေ ၃၅၁၀ အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပုဂ္ဂလိက ကုမ္ပဏီတို့ကနေ အိမ် ၇၉၈ လုံး ဆောက်လုပ်ပေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် မြိုတိုင်းရင်းသားကျေးရွာ ၁၆ ရွာရှိပြီး အကြမ်းဖက်ဖြစ်စဉ်ကြောင့် သူတို့ရဲ့ မူရင်းဒေသကို စွန့်ခွာလာရတဲ့ ကျေးရွာတွေလည်း ရှိလာခဲ့ပါပြီ။

 

■ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစဉ်များကို ဆက်လက်ထိန်းသိမ်းနိုင်မလား

မြိုတိုင်းရင်းသားတွေဟာ တောင်တန်းတွေပေါ်က ယာခင်းတွေမှာ ယာတစ်ယာ တဲတစ်လုံးအနေနဲ့ နေထိုင်ခဲ့ကြပေမဲ့ အခုအချိန်မှာ နေရာသစ်မှာ နေအိမ်အပြောင်းအလဲဖြစ်လာတဲ့အခါ သူတို့ရဲ့ ရိုးရာဝါးရွက် မိုး ၀ါးတဲအိမ်တွေ မဟုတ်တော့သလို သောက်ရေအတွက် ဘူးခါးသီးလည်း မဟုတ်တော့ပါဘူး။ ကျင်လည်ရာ ကျက်စားရာပြောင်းလာသလို ဓလေ့စရိုက်တွေ ပြောဆိုနေထိုင်ပုံတွေ ဟာလည်း ပြောင်းလဲလာနေကြပါပြီ။ သူတို့ရဲ့ ရိုးသားတဲ့ စိတ်၊ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစဉ်တွေကို ဆက်လက်ထိန်းသိမ်းနိုင်တော့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါပြီ။

အောက်တိုဘာ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့  ကိုင်းကြီး (မြို) ကျေးရွာကို နေရာသစ်၌ ပြောင်းရွှေ့ ပန္နက်ရိုက်ခြင်း အခမ်းအနားမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက “မောင်နှမတွေကို အထူးအလေးပေး ပြောချင်တာကတော့ အခု အပြောင်းအလဲဖြစ်လာပြီ။ နေရာတွေ ပြောင်းလဲလာပြီ။ အိုးအိမ်တွေ ပြောင်းလဲ လာပြီ။ လူတွေရဲ့အနေအထိုင်လည်း ပြောင်းလဲလာပြီ။ အဲဒီလို ပြောင်းလဲလာတဲ့အခါ ကိုယ့်လူမျိုး၊ ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစဉ် ဒါတွေကိုတော့ ဆက်လက်ပြီးတော့ ထိန်းသိမ်းစေချင်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်မှာ မြိုတိုင်းရင်းသားတွေ အပါအ၀င် တိုင်းရင်းသားတွေ အများကြီးရှိပါတယ်။ ဒါတွေဟာ ဒါတွေပြောင်းလဲလာတာနဲ့အတူ ခုနကပြောခဲ့တဲ့ ကိုယ့်ရိုးရာ ဓလေ့ထုံးစဉ် တွေ ပျောက်ပျက်မသွားစေချင်ပါဘူး။ ဆက်လက်ပြီးတော့ ထိန်းသိမ်းရမယ်ဆိုတာ လူတိုင်းလူတိုင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်တွေတင် မဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ နောင်လာနောက်သားတွေကလည်းပဲ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစဉ်တွေကို ဆက်လက်ပြီးတော့ ထိန်းသိမ်းဖို့လိုပါတယ်။ ကျွန်တော်တို့ တာဝန်ရှိတဲ့ အစိုးရပိုင်းအနေနဲ့လည်း အခုနက နေရေး ထိုင်ရေး စားရေးသောက်ရေး တွေအပြင် ဖွံ့ဖြိုရေး ကဏ္ဍတွေအပါအ၀င် ဒီယဉ်ကျေးမှုတွေ ဓလေ့ထုံးစဉ်တွေကိုလည်းပဲ ကျွန်တော်တို့ တတ်နိုင်သလောက် ဦးစားပေပြီးတော့ ထိန်းသိမ်းစောင့်ရှောက်သွားဖို့၊ ကျွန်တော်တို့အနေနဲ့ ပံ့ပိုးသွားဖို့ရှိပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ ဘင်္ဂါလီတွေနဲ့အတူ တိုင်းရင်းသားတွေဟာ အတူနေထိုင်လို့ မဖြစ်တော့သလို လူနည်းစုဖြစ်နေတဲ့ ကမ္ဘာပေါ်မှာ လူဦးရေ သိန်းဂဏန်းလောက်သာ ရှိတော့တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေ ဆက်လက်ရှင်သန်ပြီး ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်တွေ ဆက်လက်ရှင် သန်ဖို့နဲ့ ဘ၀လုံခြုံမှုတွေ၊ ရည်ရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုတာက အစိုးရရဲ့ တာဝန်သာဖြစ်ပါကြောင်း။

 

December 24, 2017














Copy Protected by Chetan's WP-Copyprotect.