လူမနေသော်လည်း ခြံစည်းရိုး ခတ်ထားသည့် ခြံဝင်းများတွင် လူအုပ်စုလိုက် ဝင်ရောက်ကျူးကျော်ပြီး ရက်ပိုင်းအတွင်း အဆောက်အအုံဆောက်သည့်ဖြစ်ရပ်များ မန္တလေး၌ ဖြစ်ပွားမှုများလာ

လူမနေသော်လည်း ခြံစည်းရိုး ခတ်ထားသည့် ခြံဝင်းများတွင် လူအုပ်စုလိုက် ဝင်ရောက်ကျူးကျော်ပြီး ရက်ပိုင်းအတွင်း အဆောက်အအုံဆောက်သည့်ဖြစ်ရပ်များ မန္တလေး၌ ဖြစ်ပွားမှုများလာ
Published 25 December 2017

ခြံဝင်းတစ်ခုအတွင်း ဆောက်လုပ်ဆဲ အဆောက်အအုံတစ်လုံးအား တွေ့ရစဉ်

လူမနေသော်လည်း ခြံစည်းရိုးခတ်ထားသည့် ခြံဝင်များတွင် လူအုပ်စုလိုက်လာရောက် ကျူးကျော်ကာ ရက်ပိုင်းအတွင်း အဆောက်အအုံ ဆောက်သည့်ဖြစ်ရပ်များ မန္တလေးတွင် များပြားလာကြောင်း သိရသည်။

ဒီဇင်ဘာ ၂၃ ရက်က မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက် သိပ္ပံလမ်း ၅၂ လမ်းရှိ အုတ်တံတိုင်း လေးဘက်လေးတန် ကာရံထားသည့် မိမိတို့မြေကွက်တွင် လူအုပ်စုလိုက် လာရောက်ကျူးကျော်နေကြောင်း အသိမိတ်ဆွေများက ဖုန်းဆက်ပြောကြားသဖြင့် သွားရောက်ကြည့်ရှုရာ အုတ်တံတိုင်းအား ဘူဒိုဇာဖြင့်ဖြိုဖျက်ပြီး ဘက်ဟိုးကားဖြင့် မြေညှိကာ မြေသယ်ကားကြီးများဖြင့် ခြံဝင်းကို မြေဖို့နေသည်ကို တွေ့ရကြောင်း၊ ထို့ပြင် ပေ ၂၀ x ၃၀ ရှိ အိမ်တစ်လုံးကိုလည်း တစ်ရက်ခွဲအချိန်အတွင်း တည်ဆောက်ထားသည်ကို တွေ့ရှိရကြောင်း မြေပိုင်ရှင်ဦးသန်းဝင်းမောင်က ပြောကြားသည်။

“အဲဒီမြေကွက်က ပေ ၂၀၀၊ ၂၅၀ ကျယ်ဝန်းပါတယ်။ ကျွန်တော့်အမေနာမည်နဲ့ ၁၉၉၄ ခုနှစ်ကတည်းက နှစ် ၃၀ ဂရန်ရထားပြီးသား မြေကွက်ပါ။ အမေတို့ သွားကြည့်တော့ သူတို့ က လူအုပ်စုလိုက် မြေသယ်၊ မြေဖို့လုပ်နေကြတာနဲ့ ဘာမှမပြောဘဲ ပြန်လာခဲ့ရပြီး ဒီနေ့ နံနက်မှာ စည်ပင်၊ ထွေအုပ်၊ ရဲစခန်းတို့ကို အကြောင်းကြားတဲ့အခါ တာဝန်ရှိသူတွေပါဝင်တဲ့ အဖွဲ့က ဒီနေ့ပဲ သွားရောက်စစ်ဆေး ပါတယ်။ ပိုင်ရှင်ကလည်း ဖားကန့်မှာနေတာ လိုလို၊ တောင်ကြီးမှာနေတာလိုလို၊ မန္တလေးမှာ နေတာလိုလိုနဲ့ ရေရေရာရာ ပြောကြားခြင်း မရှိသလို တာဝန်ရှိသူတွေကိုတောင်မှ အဲဒီ ကျူးကျော်တဲ့သူတွေက ခြံဝင်းထဲ ဝင်ခွင့်မပေးပါဘူး။ တိုင်ချင်ရာတိုင်..ဘယ်သူ့မှ ဂရုမစိုက်ဘူး။ ဒါ ကျုပ်တု့ိပိုင်တဲ့ မြေကွက်လို့ ကျူးကျော်သူတွေက ပြောပါတယ်။ အဲဒါကြောင့် အခု အမှတ် (၉) ရဲစခန်းမှာ ပိုင်နက်ကျူးလွန်မှုရယ်၊ ဒီ ၂၀၁၇ ကမှ ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုပုဒ်မများနဲ့ တရားစွဲဆိုသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့တွေ အစကထင်တာက ရောင်းမှားဝယ်မှားဖြစ်သလားပေါ့။ ဒါပေမဲ့ အခုပုံစံက ရောင်းမှားဝယ်မှားဆိုတာထက် ပိုင်ရှင်ဆီက ငွေညှစ်ချင်တဲ့ပုံစံကို တွေ့ရပါတယ်”ဟု ဦးသန်းဝင်းမောင်က ပြောကြားသည်။

ပုံမှန်အားဖြင့် မြို့သစ်ချောင်ကျသည့်  နေရာများရှိ ပိုင်ရှင်လာရောက်နေထိုင်ခြင်း မရှိသော မြေကွက်များတွင် တဲငယ်များ၊ အိမ်ငယ်များဆောက်ကာ ဝင်ရောက်နေထိုင်တတ်ကြပြီး ပိုင်ရှင်က ဖယ်ရှားလိုပါက သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ တောင်းယူကာ လုပ်စားသည့် ကျူးကျော်များ အုပ်စုလိုက်ရှိကြောင်း၊ ပိုင်ရှင်များကလည်း တရားရုံးတွင် အမှုရင်ဆိုင်ရပါက တရားမမှုသာဖြစ်သောကြောင့် နှစ်ရှည်လများ ရင်ဆိုင်ရသည့်အတွက် ကျူး ကျော်များတောင်းခံသည့် ငွေကြေးကို ညှိနှိုင်းဈေးဖြင့်ပေးလေ့ရှိကြောင်း မြို့သစ်အိမ်ခြံမြေ အကျိုးဆောင် ဦးအောင်ရဲမင်းက ပြောကြားသည်။

“ဒီလိုမျိုး ခြံစည်းရိုးအခိုင်အမာခတ်ထားတဲ့ မြေကွက်ကို ကျူးကျော်တာကတော့ တော်တော်ရှားပေမယ့် ကျွန်တော်တို့ သတင်းကြားရတာ ဒီလထဲမှာကို သုံးကြိမ်ရှိပါပြီ။ လူလိမ်တွေ ပိုအတင့်ရဲလာတဲ့ သဘောပဲ။ ပုံမှန်အားဖြင့် သူတို့လုပ်နေကျက အစောင့်မရှိတဲ့၊ ခြံစည်းရိုး မခတ်ထားတဲ့ မြေကွက်တွေကိုပဲ ပစ်မှတ်ထားနေကျပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပိုပြီးကြပ်ကြပ်မတ်မတ် စစ်ဆေး အရေးယူစေချင်ပါတယ်။ ကျွန်တော်တို့ သာမန်လူတွေ ကိုယ်နေတဲ့အိမ်လေး ပြင်ချင်ရင်၊ ဆောက်ချင်ရင်ကျ အိမ်ဆောက်မိန့်ကို အဆင့်ဆင့်တင်ပြရတာပါ။ အဲဒီအိမ်ဆောက်မိန့်ကိုက လချီပြီးစောင့်ရတာပါ။ လူမိုက်တွေကျ ဘယ်သူ့ခွင့်ပြုမိန့်မှလည်း တင်စရာမလိုဘဲ ဝုန်းဒိုင်း..ဝုန်းဒိုင်း ဝင်ဆောက်။ ပြီးရင် ငွေညှစ်တယ်။ ထိထိရောက်ရောက် အရေးယူပြမှ ဒါမျိုးဖြစ်စဉ်တွေ ပျောက်ကွယ်သွားမှာဖြစ်ပါတယ်”ဟု ဦးအောင်ရဲမင်းက ပြောကြားသည်။

မန္တလေးမြို့ မင်္ဂလာမြို့သစ်အိမ်ရာအနီး၊ ငုရွှေဝါလမ်း ၇၂-၇၃ ကြားရှိ ဦးမင်းနိုင်အမည်ပေါက် အိမ်အမှတ် ဆ၁/၁၀ အား ပိုင်ရှင်က မြေဖို့ခိုင်း၍ဆိုကာ ကားများဖြင့်လာရောက်မြေဖို့နေသည့်အတွက် မည်သူကခိုင်းစေသလဲ ဟု မေးမြန်းရာ ပိုင်ရှင်က ၎င်းတို့ဖြစ်ကြောင်း ပြောသဖြင့် စာရွက်စာတမ်းများပြခိုင်းရာ ညနေ ၄ နာရီလာပြမည်ဆိုပြီး ပြန်သွားပြီး နောက် ဖုန်းပါပိတ်သွားကြောင်း၊ ထိုလူများအား သက်ဆိုင်ရာသို့ တိုင်တန်းထားပြီး လူမရှိသော အိမ်၊ ခြံများအား လိမ်လည်ပြီး ငှားစားမည့် သူခိုးများဖြစ်နိုင်ကြောင်း၊ ခြံဝင်းပိုင်ရှင်များအနေဖြင့် မိမိတို့ခြံများ၊ မြေကွက်များအား ပစ်မထားဘဲ ဂရုစိုက်ရန်လိုကြောင်း လှလှမြင့် ဆိုသည့် Facebook အကောင့်ပိုင်ရှင်က ရေးသားထားကြောင်း သိရသည်။

Most Read

Most Recent