နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းတွင် လျှပ်စစ်မီးရရှိရေး၊ ရေးရရှိရေး၊ ပညာရေးနှင့် မြေယာပြဿနာများ ဖြေရှင်းပေးရေးတို့ကို အဓိကဆွေးနွေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းတွင် လျှပ်စစ်မီးရရှိရေး၊ ရေးရရှိရေး၊ ပညာရေးနှင့် မြေယာပြဿနာများ ဖြေရှင်းပေးရေးတို့ကို အဓိကဆွေးနွေး
Published 8 August 2017


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းကို သြဂုတ် ၇ ရက်က ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ၌ ပြုလုပ်စဉ် (ဓာတ်ပုံ - ဌေးလှအောင်)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းကို သြဂုတ် ၇ ရက် နံနက်ပိုင်းက မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး ငြိမ်းချမ်းရေးစကားဝိုင်းသို့ ကျေးရွာဒေသခံရှစ်ဦးတို့က တက်ရောက်ဆွေးနွေးခဲ့ကြကာ ဆွေးနွေးခဲ့သည့် အကြောင်းအရာများတွင် ငြိမ်းချမ်းရေး အကြောင်းအရာထက် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကိုသာ ဒေသခံများက အဓိကတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်ပြည်သူ ငြိမ်းချမ်းရေးစကားဝိုင်းတွင် အဆိုပါ ကျေးရွာဒေသခံဦးရဲစိန် (ကုန်ကားလုပ်ငန်းရှင်)၊ ဒေါ်ပိုးတီ (သီးနှံကုန်သည်ပွဲစား)၊ ဦးကျော်ဖုန်း (ဆန်စက်ပိုင်ရှင်) ဦးဝင်းဇော် (ရက်ကန်းရုံပိုင်ရှင်)၊ ဒေါ်ထက်ထက်အောင် (MBA ကျောင်းသူ)၊ ဦအောင်တင့် (တောင်သူ)၊ ဒေါ်ခင်ဆွေ (ကုန်မျိုးစုံဆိုင်ပိုင်ရှင်)၊ ဦးထွန်းဝင်း (ကျောင်းဆရာ) အစရှိသည့် ဒေသခံရှစ်ဦးတို့က တက်ရောက် ဆွေးနွေးခဲ့ကြသည်။ ထို့သို့ိဆွေးနွေးရာတွင် ဒေသခံများမှ ယင်းတို့ဒေသတွင်း လိုအပ်ချက်များဖြစ်သည့် ပညာရေး၊ စီးပွားရေး၊ လျှပ်စစ်မီးရရှိရေး၊ ကုန်သွယ်ရေး၊ ရေရရှိရေး၊ မြေယာပြဿနာများနှင့် ပတ်သက်၍ အစရှိသည့် အချက်များကို အဓိကတင်ပြ ဆွေးနွေးခဲ့ကြသည်။ သြဂုတ် ၇ ရက်က ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာသို့ ရောက်ရှိခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ကျေးရွာရှိ သက်ကြီးရွယ်အိုဘိုးဘွားများအား ကနဦးတွေ့ဆုံ ဂါရဝပြုခဲ့ပြီး ငြိမ်းချမ်းရေးစကားဝိုင်း ဆွေးနွေးပွဲသို့ နံနက် ၁၀ နာရီခွဲခန့်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

“ကျွန်မ ဒီကိုလာရတယ်ဆိုတာက တစ်ခုက ငြိမ်းချမ်းရေးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ လျှပ်စစ်မီးရရှိရေးပေါ့။ ဘာဖြစ်လို့ ဒီရွာကိုရွေးရလဲဆိုတော့ မကြာသေးခင် ကာလတုန်းက လျှပ်စစ်မီး ဒီရွာမှာသွယ်လိုက်ပါတယ်။ ဒီလိုလျှပ်စစ်မီး သွယ်လိုက်ခြင်းအားဖြင့် ရွာသူရွာသားတွေရဲ့ဘဝတွေ ဘယ်လိုပြောင်းလဲသွားလဲ။ လျှပ်စစ်မီးမရင်ခင်နဲ့ရပြီး အချိန်တွေမှာ ဘာတွေပြောင်းလဲသွားလဲဆိုတာ အဲဒါကို ကျွန်မတို့ သိချင်ပါတယ်။ ရွာတစ်ရွာရဲ့အခြေအနေဟာ တစ်နိုင်ငံလုံးရဲ့ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ရောင်ပြန်ဟပ်ပါတယ်။ ကျွန်မတို့တစ်နိုင်ငံလုံးမှာ လျှပ်စစ်မီးရရှိဖို့က အင်မတန်မှအရေးကြီးတဲ့ကိစ္စ တစ်ခုဖြစ်ပါတယ်။ အဲဒါနဲ့ တန်းတူအရေးကြီးတာက ငြိမ်းချမ်းရေးပါပဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ဒီမိတ္ထီလာမြို့နယ်ဘက်က၊ မန္တလေးတိုင်းဘက်က သိချင်မှသိကြမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာတွေက ငြိမ်းချမ်းရေး ရှိနေတာကြာပြီဆိုတော့ ငြိမ်းချမ်းရေး မရှိခြင်းရဲ့ အနိဋ္ဌာရုံကို သိပ်ပြီးမသိကြဘူး။ ငြိမ်းချမ်းရေးဟာ အားလုံးနဲ့ဆိုင်တယ်ဆိုတာ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ နှလုံးသွင်းစေချင်ပါတယ်။ အားလုံးဝိုင်းလုပ်မှ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းမှာပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အစိုးရအနေဖြင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေး ရရှိရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးမရရှိသေးသည်နှင့် ပတ်သက်၍ မည်သူ့ကိုမှ အပြစ်တင်ရန်မရှိကြောင်း ငြိမ်းချမ်းရေးဆိုသည်မှာ အားလုံးနှင့်သက်ဆိုင်ပြီး အားလုံးပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

“ဒီကနေ့ အမေစုနဲ့တွေ့ဆုံ ဆွေးနွေးခွင့်ရရှိတာ ဘယ်လိုပြောရမလဲဆိုတော့ အရမ်းပဲဝမ်းသာပါတယ်။ ကျွန်မတို့နိုင်ငံမှာက ဘွဲ့တစ်ခုရပြီးသွားရင် အသက်မွေးဝမ်းကျောင်းပညာရပ်နဲ့ ရပ်တည်နိုင်ဖို့ဆိုတာ ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် အသက်မွေးဝမ်းကျောင်း ပညာရပ်အနေနဲ့ ရပ်တည်လို့ရရှိနိုင်ဖို့အတွက် ဆွေးနွေးခဲ့ပါတယ်။ လက်ရှိ ပညာရေးစနစ်ကိုတော့ အရမ်းကြီးအားမရသေးပါဘူး။ ကျွန်မတို့ဒေသမှာက ဆင်းရဲလို့ ပညာမသင်နိုင်သေးတဲ့သူတွေ အများကြီးရှိနေသေးတယ်။ နောက်တစ်ခုကကျောင်းတွေမှာဆိုရင် မူးယစ်ဆေးဝါးတွေ ပျံ့နှံ့နေတယ်။ ဒါတွေကိုလည်း ထိန်းချုပ်ပေးစေချင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင်၊ မငြိမ်းချမ်းသေးတဲ့ဒေသတွေမှာ ငြိမ်းချမ်းစေချင်ပါတယ်။ ကျွန်မတို့က ဒီမှာအေးအေးဆေးဆေးနဲ့ ပညာသင်ကြားလို့ရတယ်။ သူတို့ဒေသမှာ အခက်အခဲတွေက အများကြီးဖြစ်နေတယ်။ အမေစုလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးက အောင်မြင်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်” ဟု မိတ္ထီလာစီးပွားရေး တက္ကသိုလ်ကျောင်းသူ မထက်ထက်အောင်က ပြောကြားသည်။

ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် ပြုလုပ်သည့် ကျေးလက်နေပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းသို့ ပါဝင်ဆွေးနွေးခွင့် ရရှိခဲ့ကြသည့် လူပုဂ္ဂိုလ်ရှစ်ဦးက ဆွေးနွေးခဲ့ရာတွင် ကျောင်းဆရာနေရာမှာ ပါဝင်ဆွေးနွေးမှု ပြုလုပ်ခဲ့သည့် ဦးထွန်းဝင်းက ပညာရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကာ မြေတိုင်ကန်ကျေးရွာ မူလွန်ကျောင်းအဆောက်အအုံ လုံလောက်မှု မရှိခြင်းကို ဆွေးနွေးတင်ပြခဲ့သည်။ မိတ္ထီလာစီးပွားရေးတက္ကသိုလ် ကျောင်းသူက ဆွေးနွေးရာတွင် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ထောက်ကူ ပစ္စည်းများ လုံလောက်စွာမရှိခြင်းနှင့် ဘွဲ့ရရှိပြီးပါက အလုပ်အကိုင်ရရှိရန် မလွယ်ကူသည့် အကြောင်းများကို တင်ပြဆွေးနွေးခဲ့သည်။ ကုန်ကားပိုင်ရှင်ဖြစ်သူ ဦးရဲစိန်က မော်တော်ကား အရစ်ကျဝယ်ယူရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ပေးဆပ်ရသည့် အတိုးနှုန်းများကို တင်ပြဆွေးနွေးခဲ့သည်။ ဆန်စက်ပိုင်ရှင်ဖြစ်သူ ဦးကျော်ဖုန်းက အသေးစားလုပ်ငန်းများ ချေးငွေရရှိမှု အခက်အခဲများနှင့် လုပ်ငန်းရပ်တည်ရန် အခက်အခဲများအား တင်ပြခဲ့ပြီး တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးရေးအတွက် အသီးသီး ဆွေးနွေးတင်ပြခဲ့ကြသည်။ ထိုသို့ ဆွေးနွေးတင်ပြချက်များအပေါ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သက်ဆိုင်ရာ အစိုးရအဖွဲ့များအား ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် ညွှန်ကြားပေးခဲ့ပြီး လတ်တလော ဆောင်ရွက်နိုင်သည့်အချက်များကို ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် အခမ်းအနားအပြီးတွင် ဒေသခံသုံးဦးကို မေးခွန်းမေးမြန်းခွင့်ပေးခဲ့ရာ ဒေသခံသုံးဦးက သိမ်းဆည်းခံမြေယာ ပြဿနာများအား ဖြေရှင်းပေးရန်၊ ကျေးရွာတွင် လျှပ်စစ်မီးလင်းရန်အတွက် ငွေပေးဆောင်ထားသော်လည်း မီးလင်းနိုင်ခြင်းမရှိသည့် အခြေအနေများ၊ လတ်တလော စိုက်ပျိုးချိန်တွင် ရေရရှိရေးများအတွက် တင်ပြမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ တင်ပြချက်များအပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့များက ဖြေရှင်းဆောင်ရွက်ပေးရန်အတွက် ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကျေးလက်နေပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ငြိမ်းချမ်းရေး အကြောင်းအရာများနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒေသခံများအား မေးမြန်းမှုပြုလုပ်ခဲ့ရာ ဒေသခံများက သိရှိမှုနည်းပါးကြောင်း ဖြေကြားခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အရေး ဆောင်ရွက်နေမှုများအား အစိုးရသတင်းဌာနများက ထုတ်ပြန်ပေးမှုများအား ပြည်သူများအနေဖြင့် ကြည်ရှုလေ့လာကြရန်အတွက် မှာကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်နေပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်း ပြုလုပ်သည့် မြေတိုင်ကန်ကျေးရွာမှာ ဝမ်းတွင်းမြို့နှင့် ခုနစ်မိုင်ခန့်ကွာဝေး၍ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးတွင် တည်ရှိပြီး အိမ်ခြေ ၂၇၀၊ လူဦးရေ ၁၂၀၀ ဝန်းကျင်ရှိကာ ငြိမ်းချမ်းသောဒေသဖြစ်ခြင်း၊ အရက်ဆိုင်လုံးဝမရှိခြင်း၊ ရွှေ့ပြောင်းလုပ်သားမရှိခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး သွားလာရလွယ်ကူခြင်းနှင့် မကြာခင်ကာလက လျှပ်စစ်မီးရရှိထားခြင်းတို့ကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေး စကားဝိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစကားဝိုင်းသို့ မြေတိုင်ကန်ကျေးရွာမှ ကုန်သည်၊ ပွဲစား၊ တောင်သူ၊ ကျောင်းဆရာနှင့် ကျောင်သားစသည့်အလွှာစုံမှ လူပုဂ္ဂိုလ်ရှစ်ဦးတို့က ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး ဒေသခံပြည်သူများကပညာရေး၊ လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေး၊ မြေယာပြဿနာများ ဖြေရှင်းပေးရေးတို့အား တင်ပြခဲ့ကြကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူရှစ်ဦးတို့ တွေ့ဆုံဆွေးနွေးပြီးချိန်တွင် နိုင်ငံတော်အတိုင်ပင်ခံရုံး Online စာမျက်နှာသို့ မေးခွန်းမေးမြန်းခဲ့ကြသည့် ပြည်သူများ၏ မေးခွန်းများကိုလည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားပေးခဲ့သည့်အပြင် အခမ်းအနားသို့ တက်ရောက်လာသည့် ပရိသတ်များထဲမှ မေးခွန်းမေးမြန်းလိုသူသုံးဦး၏ မေးခွန်းအား ပြန်လည်ဖြေကြားပေးခဲ့သည်။

Writter : ဌေးလှအောင်၊ ဝဏ္ဏ

Most Read

Most Recent