မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ကုန်ရထားတစ်စင်း နဘား-အင်းတော်ဘူတာကြားတွင် တိမ်းမှောက်မှုဖြစ်ပွား

မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ကုန်ရထားတစ်စင်း နဘား-အင်းတော်ဘူတာကြားတွင် တိမ်းမှောက်မှုဖြစ်ပွား
Published 25 December 2017

မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့မောင်းနှင်လာသည့် ကုန်ရထားတစ်စင်း နဘား-အင်းတော်ဘူတာကြားတွင် တိမ်းမှောက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ခင်ဆွေ)

နဘား-အင်းတော်ဘူတာကြားတွင် ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီခွဲက ကုန်ရထားတစ်စင်း တိမ်းမောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် မီးရထားစက်ခေါင်းအမှတ် DF 2059 ကုန်တွဲရထားသည် အင်းတော်မြို့အနီးတွင် ရထားကုန်တွဲလေးတွဲ တိမ်းမှောက်ခဲ့ပြီး ငါးတွဲမှာ တွဲချော်မှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အင်းတော်ဘူတာရုံ ရုံပိုင်လေး အောင်မင်းထက်က “လေးတွဲ တိမ်းမှောက်တယ်။ ငါးတွဲ တွဲချော်မှုဖြစ်တယ်။ လူထိခိုက်တာတွေ မရှိပါဘူး။ ပြင်တဲ့အဖွဲ့တွေလည်း ရောက်နေကြပြီ။ လုပ်နေကြတုန်း။ ရထားတွေက အခု ပိတ်တာ မဖြစ်သေးဘူး။ နောက်ထပ် နာရီဝက်ကြာရင်တော့ ရထားတွေ ပိတ်တော့မယ်။ အခု ကားခြောက်စီး ပြင်ဆင်ထားတယ်။ ခရီးသည် ရထားချိန်းဖို့ပေါ့” ဟု ပြောကြားသည်။

တိမ်းမှောက်ခဲ့သည့်ရထားမှ ရထားထိန်း ဦးတင်မောင်သန့်က “ဖြစ်တာက ၁၃ နာရီ ၁၀ မိနစ်မှာဖြစ်တာ။ ဘယ်လိုဖြစ်တာလဲဆိုတော့ လမ်းပေါ်မှာ ခုန်ပြီးကျသွားတာပေါ့။ ဝန်ထမ်းထိခိုက်မှု မရှိဘူး။ သုံးတွဲလဲတယ်။နှစ်တွဲ တိမ်းစောင်းသွားတယ်။ ထိခိုက်မှုတော့ မရှိသေးဘူး။ အတတ်နိုင်ဆုံးတော့ ရှောင်ကွင်းလမ်း လုပ်နေတယ်။ ခရီးသည်တွေကို ချိန်းပေးမှာပေါ့။ ကြာရင် တစ်ရက်ပါပဲ” ဟု ပြောကြားသည်။

မိုးကောင်းနှင့် နမ္မတီးဘူတာကြားတွင် ကုန်ရထားတစ်စင်းသည်လည်း ဒီဇင်ဘာ ၂၁ ရက် ည ၈ နာရီ ခွဲခန့်က တွဲချော်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကုန်တွဲသုံးတွဲ တိမ်းမှောက်ကာ နှစ်တွဲမှာ တိမ်းစောင်းသွားကြောင်း သတင်းရရှိသည်။

Most Read

Most Recent