ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ်တွင် ဧက ၁၄၀၀ ကျော်ရှိ Eco Green City အိမ်ရာစီမံကိန်း စတင်အကောင်အထည်ဖော်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ်တွင် ဧက ၁၄၀၀ ကျော်ရှိ Eco Green City အိမ်ရာစီမံကိန်း စတင်အကောင်အထည်ဖော်
Published 24 December 2017

ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်သော လှည်းကူးမြို့နယ်အတွင်း Eco Green City အိမ်ရာစီမံကိန်း မန္နက်တင်မင်္ဂလာနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲတွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (Photo - Yangon Region Government)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ မဲဆန္ဒနယ်ဖြစ်သည့် လှည်းကူးမြို့နယ်တွင် ဧက ၁၄၀၀ ကျော်ရှိ Eco Green City အိမ်ရာစီမံကိန်း ပန္နက်တင်မင်္ဂလာနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်းပွဲအား ဒီဇင်ဘာ ၂၃ ရက် တွင် ပြုလုပ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါစီမံကိန်းသည် လှည်းကူးမြို့၏ အလားအလာကောင်းပေါင်းများစွာ ရှိနေသည့် မြို့တစ်မြို့ဖြစ်ပြီး အစိုးရအဖွဲ့သစ်၏ ပထမဦးဆုံး တည်ဆောက်မည့် အကြီးမားဆုံး မြို့သစ်စီမံကိန်းကြီး တစ်ခုဖြစ်ကြောင်း၊ လှည်းကူးမြို့တွင် ယင်းကဲ့သို့ စီမံကိန်းကြီးတစ်ရပ်ကို တည်ဆောက်နိုင်သည့်အတွက် မြို့၏ ဖွံ့ဖြိုးတိုးတက်မှုများကို များစွာ အထောက်အကူဖြစ်သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းသည် ဧရိယာဧက ၁၄၀၀ ကျော်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အနီးကပ် ကြီးကြပ်ကွပ်ကဲသွားမည်ဖြစ်ကြောင်း ပန္နက်တင် မင်္ဂလာနှင့် စီမံကိန်းဆိုင်ရာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မြို့ကို ရှေးဟောင်းယဉ်ကျေးမှုများနဲ့ စိမ်းလန်းပြီး နေချင်စဖွယ်မြို့ဖြစ်စေရန် အနာဂတ်အလားအလာများကို ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါတယ်။ အစိုးရအဖွဲ့တာဝန်ယူခဲ့တဲ့ ကာလအတွင်း ရန်ကုန်မြို့ရဲ မာစတာပလန် တစ်ခုလုံးကိုပြန်လည်စမ်းစစ်ခဲ့ပါတယ်။ ရန်ကုန်မြို့ဟောင်းဧရိယာကို ရှေးဟောင်းအမွေအနှစ်တွေနဲ့ တင်ကျန်ရစ်နေနိုင်ဖို့အတွက်လည်း ကြိုးစားနေပါတယ်။ ရန်ကုန်မြို့ဟာ အလယ်ခေါင်မှာစုပြီး ရန်ကုန်မြို့လယ်ခေါင်မှာပဲ လူဦးရေသိပ်သည်းမှုနှုန်းဟာ တိုးမြင့်လာတဲ့အတွက် ကားတွေရဲ့သွားနိုင်တဲ့အခြေအနေတွေ လူတွေရဲ့နေထိုင်နိုင်တဲ့ အခြေအနေတွေဟာ ရန်ကုန်မြို့ဟောင်း ဧရိယာမှာပဲ မွန်းကြပ်နေတဲ့အခြေအနေမျိုးမှာ ကြုံနေရပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Eco Green City အိမ်ရာစီမံကိန်း ပန္နက်တင်မင်္ဂလာနှင့် စီမံကိန်းဆိုင်ရာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် မိန့်ခွန်းပြောကြားစဉ် (Photo: Yangon Region Government)

ထို့ပြင် ရန်ကုန်မြစ်ကို အလယ်တွင်ထားပြီး နှစ်ဖက်ဖွံ့ဖြိုးရန်အတွက် စီမံကိန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ရန်ကုန်ဆိပ်ကမ်းများကို တဖြည်းဖြည်းဖြင့် ပင်လယ်ဝဘက်ကို ရွှေ့သွားနိုင်ရန်နှင့် ရန်ကုန်မြို့လယ်ကောင်တွင် ယာဉ်ကျပ်တည်းမှုဖြစ်နေသည့် ကုန်သေတ္တာကားများကို ရပ်တန့်ပြီး ရန်ကုန်မြို့၏ အပြင်ပတ်လမ်းမှ ကုန်သေတ္တာများ ဝင်၊ ထွက်နိုင်ရန်အတွက် အလားအလာများ မျှော်မှန်းပြီး ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆက်လက်ပြောကြားသည်။

ဆက်လက်ပြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရှေးဟောင်းအဆောက်အအုံများသည် အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ရန် ဖြိုဖျက်ခံနေရသည့် အခြေအနေမျိုးအား အစိုးရသစ် စတင်တာဝန်ယူလာသည့်အချိန်တွင် ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းနိုင်ရန်အတွက် အီတလီ နိုင်ငံနှင့် ပူးပေါင်းပြီး ရှေးဟောင်းအဆောက်အအုံများ ထိန်းသိမ်းရေးအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း၊ အီတလီနိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့အတွင်းရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများကို မြို့ပြအမွေအနှစ် အဆောက်အအုံများကို ထိန်းသိမ်းရန် ကြိုးပမ်းလျက်ရှိကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးအဖွဲ့ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် Alliance Stars Group of Companies တို့ အကျိုးတူပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းတည်နေရာသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး သုံးမိုင်- တစ်ဖာလုံအနီးတွင်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအကောင်အထည်ဖော်ရန် စီမံကိန်းမြေဧရိယာအတွင်း ကျူးကျော် နေထိုင်သည့် အိမ်ခြေ ၄၀၀၀ ကျော်ကို ၂၀၁၇ ခုနှစ် ဇွန် ၁၂ ရက်တွင် ရဲတပ်ဖွဲ့နှင့် အရပ်သား အလုပ်သမားအင်အား နှစ်ထောင်ခန့်ဖြင့် နေအိမ်များကို ရှင်းလင်း ဖယ်ရှားခဲ့သည်။

Most Read

Most Recent