အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အစိုးရဝန်ထမ်းများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဟုဆို

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အစိုးရဝန်ထမ်းများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဟုဆို
Published 24 December 2017

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရာတွင် အစိုးရဝန်ထမ်းများအတွက်ပါ ထည့်သွင်းစဉ်းစားရမည်ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဒီဇင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။

ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေ ပြင်ဆင်သတ်မှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် သတင်းမီဒီယာများ၏ မေးမြန်းမှုများကိုဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“အနည်းဆုံးအခကြေးငွေ သတ်မှတ်တဲ့အခါမှာ ဆရာတို့က ဥပမာ-၂၀၁၅ မှာ ၃၆၀၀။ ဆရာတို့ အစိုးရသတ်မှတ်တာက ၄၀၀၀ ရှိတယ်။ အစိုးရပေးတဲ့နှုန်းကိုပါ စဉ်းစားရပြီ။ ရှင်းရှင်းပြောရရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက်ကိုပါကြည့်ရမှာ။ ဒါကြောင့် နိုင်ငံတော်အခြေအနေ စဉ်းစားဖို့လိုတယ်။ လက်ရှိအခြေအနေ စဉ်းစားဖို့လိုတယ်။ သင့်တင့်မျှတတဲ့နှုန်းပေါ့။ တစ်ခုသိထားဖို့က အစိုးရတစ်ခုတည်းသတ်မှတ်တာ မဟုတ်ဘူး။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ညှိနှိုင်းသတ်မှတ်တာ။ အစိုးရဝန်ထမ်းရဲ့ လစာပေါ်မှာ Balance ညှိပြီးတော့ ထည့်သွင်းစဉ်းစားရမယ့်အချက်ပဲ” ဟု အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ပြောကြားသည်။

၂၀၁၅ ခုနှစ်တွင် အနည်းဆုံးအခကြေးငွေအား တစ်နိုင်ငံလုံးတစ်ပြေးညီ တစ်ရက်လျှင် ကျပ် ၃၆၀၀ နှုန်းဖြင့် တစ်လလျှင် ကျပ် ၁၀၈၀၀၀ သတ်မှတ်ခဲ့ပြီး အစိုးရက တရားဝင်ခန့်အပ်သည့် နေစားဝန်ထမ်းများမှာ တစ်ရက်လျှင် ကျပ် ၄၀၀၀ နှုန်းရရှိကြောင်း သိရသည်။

လက်ရှိတွင် အနည်းဆုံးအခကြေးငွေ ပြန်လည်သတ်မှတ်ရေးအမျိုးသားအဆင့် ကော်မတီတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင်နှင့် အခြားအဖွဲ့အစည်းများ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

Most Read

Most Recent