ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် ကုန်စုံဆိုင်များကို FDA က ပထမဆုံးအကြိမ် ရှောင်တခင်စစ်ဆေးရာ မုန့်ဖတ်များတွင် ဖော်မလင်အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်နှင့် ကုန်စုံဆိုင်များကို FDA က ပထမဆုံးအကြိမ် ရှောင်တခင်စစ်ဆေးရာ မုန့်ဖတ်များတွင် ဖော်မလင်အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိ
Published 22 December 2017

ဒီဇင်ဘာ ၂၁ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဝင်းအတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်များကို ရှောင်တခင်စစ်ဆေးမှု ပြုလုပ်နေစဉ်

ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်း ရောင်းချနေသော စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် ကုန်စုံဆိုင်များရှိ အသင့်စားမုန့်ထုပ်များကို  မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ပထမဆုံးအကြိမ် ရှောင်တခင်စစ်ဆေးခဲ့ရာ မုန့်ဖတ်တွင် ဖော်မလင်အသုံးပြုထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဒီဇင်ဘာ ၂၁ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းရှိ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များတွင် ဖော်မလင်ထည့်သွင်း အသုံးပြုနိုင်သော အစားအသောက်များ (ပဲပြား၊ မုန့်ဖတ်)၊ ငါးပိ၊ လက်ဖက်၊ ယိုစုံ၊ အချိုရည်၊ စားသုံးဆီအစရှိသည့် အစားအသောက် နမူနာများတွင် ဖော်မလင်ပါဝင်မှု ရှိ၊ မရှိ ရှောင်တခင် ဝယ်ယူစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြည်ထောင်စုဝန်ကြီးကလည်း ညွှန်ကြားထားတာရှိပါတယ်။ ဆေးရုံကြီးမှာရှိတဲ့ စားသောက်ဆိုင်တွေမှာ ဆေးရုံမှာ တက်နေတဲ့လူနာတွေရော၊ လူနာစောင့်တွေရော စားသောက်နေကြတယ်။ ဒီမှာရောင်းချနေတဲ့ အစားအသောက်တွေက ဈေးလည်းသက်သာရမယ်။ လုံခြုံစိတ်ချမှုလည်း ရှိရမယ်။ ဒီအတွက် အစားအသောက် လုံခြုံစိတ်ချမှု ရှိ၊ မရှိ သိနိုင်အောင်စစ်ဆေးဖို့အတွက် ညွှန်ကြားထားတာ ရှိပါတယ်။ ဆေးရုံတွေစစ်တာ အခုပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ဆက်ပြီးတော့ တခြားဆေးရုံတွေကိုလည်း ဆက်ပြီးတော့ စစ်သွားမှာပါ။ ဒီလိုစစ်ဆေးမှုက စီမံချက်ကြီးတစ်ခုအနေနဲ့တော့ မဟုတ်ဘူး။ လစဉ်လစဉ် အလှည့်ကျစစ်သွားမယ်။ အခုဆေးရုံကြီးက ဆိုင်ခန်းပေါင်း၇၀ ကျော်မှာ ထမင်းဆိုင်၊ စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်တွေကို အဓိကထားစစ်ခဲ့တယ်။ လတ်တလော တွေ့ရှိမှုအနေနဲ့ ဆိုင်တော်တော်များများက သန့်ရှင်းရေးအားနည်းတယ်။ ပစ္စည်းတွေတင်ထားတယ်ဆိုလည်း သန့်ရှင်းရေးလုပ်ဖို့၊ ပစ္စည်းထားသိုတဲ့နေရာတွေ သန့်ရှင်းဖို့လိုတယ်။ အခု သန့်ရှင်းမှုမရှိဘူး။ နောက် အမှိုက်တွေထားတာလည်း အဆင်မပြေဘူး။ ကျွန်တော်တို့အနေနဲ့ တွေ့တဲ့ဆိုင်တွေအားလုံးကိုတော့ ပညာပေးတာတွေ လုပ်ခဲ့တယ်။ စားသောက်ကုန် ကုန်ကြမ်းပစ္စည်းတွေလည်း နမူနာယူပြီး စစ်တယ်” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါက်တာမင်းဝံက ပြောကြားခဲ့သည်။

ယင်းသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးရာတွင် မုန့်ဖတ်ကဲ့သို့သော အစားအသောက်များကို Mobile Lab ဖြင့် စစ်ဆေးခဲ့ရာ ဖော်မလင်များ ပါဝင်နေသည်ကို တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ကျန်သည့် အစားအသောက်များကို ဓာတ်ခွဲခန်းတွင် စစ်ဆေးပြီးပါက တွေ့ရှိချက်များကို ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အထူးကု ဆေးရုံပေါင်း ၁၄ ရုံ၊ သင်ကြားရေးဆေးရုံ သုံးရုံ၊ ခုတင် ၅၀၀ ဆံ့ နှစ်ရုံ၊ ခုတင်၂၀၀ ဆံ့လေးရုံ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံတစ်ရုံ၊ ခုတင် ၅၀ ဆံ့ နှင့်၂၅ခု တင်ဆံ့ဆေးရုံ ၁၁ ရုံစီ၊ ၁၆ ခုတင်ဆံ့ ဆေးရုံလေးရုံ၊ တိုက်နယ်ဆေးရုံ ၃၃ ရုံရှိပြီး စုစုပေါင်းဆေးရုံ ၈၃ ရုံရှိကြောင်း သိရသည်။

အစားအသောက်များတွင် သုံးစွဲခွင့်မပြုသော ဓာတုပစ္စည်းများဖြစ်သည့် Boric Acid (Borax) ၊ Sodium Hydrosulphite ၊ Salicylic Acid ၊ Formalin များကို အစားအသောက်များတွင် အသုံးပြုခြင်းကို  တားမြစ်ထားသော်လည်း လက်ရှိ၌ အစားအသောက်များတွင် ထည့်သွင်းအသုံးပြုနေကြကြောင်းနှင့် အစားအသောက်သုံးခွင့်ပြု ဓာတုပစ္စည်းများဖြစ်သည့် Benzoic Acid ၊ Benzoyl Peroxide ၊ Sorbic Acid ကို ဖော်မလင်အစား အစားအစာများတွင် ခွင့်ပြုပမာဏဖြင့် ထည့်သွင်းအသုံးပြုနိုင်ကြောင်းလည်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲမှ သိရသည်။

ဖော်မလင်အား အစားအသောက်များတွင် သုံးစွဲရန်ခွင့်မပြုကြောင်း၊ ပဲပြား၊ မုန့်ဖတ်၊ ပင်လယ်စာများ၊ နို့နှင့် နို့ထွက်ပစ္စည်းများတွင် ဖော်မလင်အား အလွဲသုံးတတ်ကြောင်း၊ ဖော်မလင်ပါဝင်သော အစားအသောက်များ ကို ရေရှည်အားဖြင့် သို့မဟုတ် ပမာဏများစွာ စားသုံးမိပါက ပြင်းထန်စွာ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ အော့အန်ခြင်း၊ သတိလစ်မေ့မြောခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းနှင့် အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ဖော်မလင်အသုံးပြုသော အချို့လုပ်ငန်းခွင်များတွင် ဖော်မလင်အား ကာလကြာရှည်စွာ ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ကြောင်း မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

Most Read

Most Recent