နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Foreign Secretary တွေ့ဆုံပြီး နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Foreign Secretary တွေ့ဆုံပြီး နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Published 21 December 2017

ဒီဇင်ဘာ ၂၀ ရက်က နေပြည်တော်၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Foreign Secretary တွေ့ဆုံစဉ် (Photo: MOFA Myanmar)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန Foreign Secretary ဖြစ်သူ Dr.Subrahmanyam Jaishankar ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တွေ့ဆုံစဉ် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ကိစ္စရပ်များကိုလည်းကောင်း၊ အိန္ဒိယအစိုးရမှ ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် အထောက်အပံ့အဖြစ် ငါးနှစ်တာကာလအတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းထောက်ပံ့မည့် “မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” အား နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့်ကိစ္စနှင့်ပတ်သက်၍လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါနေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် အိန္ဒိယနိုင်ငံ Foreign Secretary, Dr. S.Jaishankar နှင့် အဖွဲ့တို့ တွေ့ဆုံခဲ့ကြပြီး အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရတို့အကြား ရခိုင်ပြည်နယ်တွင် နေထိုင်သော ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ပေးခြင်းများ၊ ထောက်ပံ့မှု၏ အရေးပါမှုများ၊ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေး မြှင့်တင်ခြင်းများအား ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ ရေးထိုးမည့် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံအစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတွင်ပါဝင်သော ကိစ္စရပ်များအား ဆွေး နွေးခဲ့ကြကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအား ဆက်လက်ကျင်းပရာ မြန်မာအစိုးရကိုယ်စား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် အိန္ဒိယအစိုးရကိုယ်စား အိန္ဒိယနိုင်ငံ၊ Foreign Secretary, Dr.S.Jaishankar က အတည်ပြု လက်မှတ် ရေးထိုးခဲ့ကြသည်။

နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ အခြေခံအဆောက်အအုံနှင့် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်မှုအတွက် အိန္ဒိယအစိုးရမှ မြန်မာအစိုးရအား ထောက်ပံ့ငွေအဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးသန်းဖြင့် ငါးနှစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ သန်း ထောက်ပံ့သွားမည်ဖြစ်ပြီး ဆောင်ရွက်မည့် စီမံကိန်းများသည် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်မှုနှင့် သက်ဆိုင်သော ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် ဆက်စပ်လုပ် ငန်းများ၊ အခြေခံအဆောက်အအုံ ဖန်တီးပေးခြင်းများ၊ တံတားငယ်များ ဆောက်လုပ်ခြင်း၊ လမ်းများ ပြုပြင်မွမ်းမံခြင်း၊ အသေးစား စွမ်းအင်စီမံကိန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာလုပ်ငန်းများ၊ လေ့ကျင့်ရေး စင်တာတည်ထောင်ပေးခြင်းများ၊ ပတ်ဝန်း ကျင်နှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များ အား ထိန်းသိမ်းခြင်းများ၊ အမျိုးသမီးများစွမ်း ဆောင်ရည်မြှင့်တင်ခြင်းနှင့် ကလေးသူငယ် များ ပြုစုစောင့်ရှောက်ခြင်း စသည့်လုပ်ငန်းများ ပါဝင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent