အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တွေ့ရှိခဲ့သော အင်းဒင်ကျေးရွာမှ ဖမ်းဆီးခံရသူ ခြောက်ဦးအထိရှိနေရာ ဆက်လက်ဖမ်းဆီးမှုရှိမည်ကို ကျေးရွာသားများ စိုးရိမ်လျက်ရှိနေ

အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တွေ့ရှိခဲ့သော အင်းဒင်ကျေးရွာမှ ဖမ်းဆီးခံရသူ ခြောက်ဦးအထိရှိနေရာ ဆက်လက်ဖမ်းဆီးမှုရှိမည်ကို ကျေးရွာသားများ စိုးရိမ်လျက်ရှိနေ
Published 21 December 2017

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာဝန်းကျင်နှင့် အင်းဒင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ကို တွေ့ရစဉ်

အမည်မသိ ရုပ်အလောင်း ၁၀ လောင်း တွေ့ရှိခဲ့သော အင်းဒင်ကျေးရွာမှ ကျေးရွာသားများအနက် ဖမ်းဆီးခံရသူ ခြောက်ဦးအထိ ရှိနေသည့်အတွက် ဆက်လက်ဖမ်းဆီးခံရမည်ကို ကျေးရွာသားများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။

ဒီဇင်ဘာ ၁၅ ရက် မွန်းတည့် ၁၂ နာရီတွင် အင်းဒင်ပဲရုံကျေးရွာမှ ဦးမောင်သိန်းဖြူနှင့် ညနေပိုင်းတွင် ကျောင်းဆရာ ညီအစ်ကို နှစ်ဦးဖြစ်သော ဦးထွန်းအေး (၃၄ နှစ်) (ဘ) ဦးမောင်နီ၊ ဦးထွန်းနိုင်(၂၆ နှစ်) (ဘ) ဦးမောင်နီတို့ ဖမ်းဆီးခံရကြောင်းနှင့် လက်ရှိအချိန်အထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။

အလားတူ ဒီဇင်ဘာ ၁၆ ရက် နံနက်တွင် အင်းဒင်ကျေးရွာမှ လက်ထောက်ပညာရေးမှူး ဦးမြင့်စိုးနှင့် အင်းဒင်ခွဆုံကျေးရွာ မူလတန်း ကျောင်းအုပ်ဆရာကြီး ဦးအောင်သိန်းဖြူတို့အား စစ်တွေမြို့သို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်းနှင့် ၎င်းတို့နှစ်ဦး ပြန်လာသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း လက်ရှိအချိန်အထိ ကျေးရွာသို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီတွင် အင်းဒင်ကျေးရွာနေ ဦးမောင်ဝင်းဖြူ (၄၈ နှစ်) (ဘ) ဦးချစ်ထွန်း ဖမ်းဆီးခံရသည်ဟု သိရသည်။ အဆိုပါ ဖမ်းဆီးခံထားရသူ ဦးမောင်ဝင်းဖြူ၏ ဇနီးဖြစ်သူ ဒေါ်အေးနွယ်က “ကျွန်မက သူ့ကိုဘာကြောင့် ဖမ်းသွားလဲ ဆိုတာကို မသိပါ။ ဘယ်မှာရှိလဲ၊ ဘယ်မှာထားလဲ ဆိုတာကို သိချင်တယ်။ ကျွန်မယောက်ျားနဲ့လည်း တွေ့ချင်တယ်။ ဖမ်းတဲ့အခါ ရဲတွေက လာဖမ်းသွားတာပါ။ ဘယ်ကရဲလဲ ဘယ်သူတွေလဲလို့လ ဲမသိပါ။ အခု ကျွန်မယောက်ျား ဖမ်းဆီးခံရတာကို ဘာကြောင့်လဲဆိုတာ ကျွန်မဘာတစ်ခုမှ မသိပါ။ ကျွန်မယောက်ျားကို ဘာကြောင့်ဖမ်းလဲ သိချင်ပါတယ်။ ကျွန်မအိမ်ရှင်နဲ့လည်း တွေ့ချင်ပါတယ်။ ကျွန်မတို့ လယ်လုပ်ကိုင် စားသောက်ပါတယ်။ သားသမီးလေးယောက် ရှိပါတယ်။ သမီးတစ်ယောက်၊ သားတစ်ယောက်က ဝန်ထမ်းပါ။ နောက်တစ်ယောက်ကတော့ ပညာရေးကောလိပ် တက်နေပါတယ်။ ကျွန်မယောက်ျား ဘယ်မှာရှိလဲ ဆိုတာကို သွားစုံစမ်းချင်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ အခက်အခဲတွေ ရှိနေပါတယ်။ အိမ်မှာက ကျွန်မ တစ်ယောက်တည်းပါ။ နွားလည်းကျောင်းရပါတယ်။ ကျွန်မသွားချင်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် အင်းဒင်ကျေးရွာသားများ ဆက်လက်ဖမ်းဆီးခံရမည်ကို အထူးစိုးရိမ်နေကြကြောင်း သိရသည်။

အင်းဒင်ကျေးရွာ ရပ်မိရပ်ဖ ဦးသိန်းထွန်းက “ကျွန်တော်သိသလောက်ကတော့ ဒီဇင်ဘာ ၁၅ ရက်က အင်းဒင်ပဲရုံကျေးရွာက ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမောင်သိန်းဖြူကို မွန်းတည့် ၁၂ နာရီမှာ အလယ်သံကျော်က လူတစ်ယောက်က လာခေါ်သွားတယ်လို့ ကြားရပါတယ်။ အဲဒီနေ့ညပိုင်းမှာ အင်းဒင်ရွာက ကျောင်းဆရာ ညီအစ်ကို နှစ်ယောက်ကို ဖမ်းသွားတာ သိရပါတယ်။ နံနက် မိုးလင်းတော့ ၁၀ နာရီလောက်မှာ ကျောင်းဆရာကြီး ဦးမြင့်စိုးနဲ့ ကျောင်းဆရာ ဦးအောင်သိန်းဖြူတို့ကို ဖမ်းပြီးတော့ စစ်တွေကို ခေါ်သွားတယ်လို့ သိရပါတယ်။ ကျောင်းဆရာနှစ်ယောက် လွတ်လာတယ်လို့တော့ ကြားပါတယ်။ ဒါပေမဲ့ ရွာကိုမရောက်သေးပါဘူး။ အဲဒီနောက်ပိုင်းမှာ အင်းဒင်ကျေးရွာက ဦးမောင်ဝင်းဖြူကို ၁၈ ရက် ည ၈ နာရီလောက်မှာ ဖမ်းသွားတာပါ။ ဖမ်းဖို့လာတော့ ဒေသခံရဲတွေ ပါပါတယ်။ ဒါပေမဲ့ ရဲကလည်း ဘယ်အမှုနဲ့ဖမ်းလဲ ဆိုတာကို မသိပါဘူး။ ကျွန်တော်တို့ ထင်တာကတော့ ဗျာတာဆိုလား၊ ရာတာဆိုလား သတင်းထောက် နှစ်ယောက်နဲ့ ဆက်စပ်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကျေးရွာသားတွေက အခုဆိုရင် ဖမ်းဆီးခံရမှာကိုတော့ ကြောက်လန့်စိုးရိမ် နေရပါတယ်” ဟု ၎င်းက ပြောကြားသည်။

“ဖမ်းခံရသူတွေ အခုဆိုရင် ကျွန်တော့်ရွာက ခြောက်ဦးရှိသွားပြီ။ မနေ့က ရွာသုသာန်မှာ အလောင်းတွေကို မောင်တောက ဌာနဆိုင်ရာတွေလာပြီး တူးဖော်ကြတာ ရှိပါတယ်။ ကျွန်တော်တို့တော့ သွားလို့မရပါဘူး။ ညဘက်ဆိုရင် ရွာသားတွေ စိုးရိမ်ထိတ်လန့် နေကြရတယ်။ ဘယ်သူထပ် အဖမ်းခံရမလဲ ဆိုပြီးတော့ပေါ့။ ကျွန်တော်တို့ကတော့ ဘာမှမသိပါဘူး။ ဘာကြောင့်ဖမ်းလဲ ဆိုတာလဲ မသိပါဘူး” ဟု အင်းဒင်ကျေးရွာသား တစ်ဦးက ပြောကြားသည်။

ဒီဇင်ဘာ ၁၈ ရက်က မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုသာန်၌ အမည်မသိ ရုပ်အလောင်းများ တွေ့ရှိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုသာန်၌ လူများကို သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော်လိုသူ တစ်ဦးက သတင်းပေးပို့ တိုင်ကြားသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ကနဦးသွားရောက် စုံစမ်းစစ်ဆေးခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးချက်များအရ အင်းဒင်ကျေးရွာ သုသာန်၌ အမည်မသိ ရုပ်အလောင်းများ ရှာဖွေတွေ့ရှိခဲ့ရပြီး ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေးအတွက် အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက်အကြမ်း ဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ရသဖြင့် နယ်မြေဒေသ ပြန်လည်တည်ငြိမ် အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များဖြင့် ထိန်းသိမ်းဆောင်ရွက် ခဲ့ရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ (Rules of Engagement) နှင့်အညီ ဆောင်ရွက်သွားရန်နှင့် ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း အောက်ခြေအဆင့်အထိ အသိပေး ညွှန်ကြားခဲ့ပြီး ဖြစ်ကြောင်းနှင့် အထက်ပါဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် တစ်စုံတစ်ရာ ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါက တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ထို့ပြင် မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်၌ အမည်မသိ ရုပ်အလောင်း ၁၀ လောင်းရရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက  ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

သတင်းထုတ်ပြန်ချက်တွင် ဒီဇင်ဘာ ၁၉ ရက်က မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ဦးဆောင်ပြီး မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ အင်းဒင်ရဲစခန်းမှ ရဲအုပ်အေးမင်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာမြတ်ထွန်းခိုင်တို့ ပါဝင်သော အဖွဲ့ဖြင့် စစ်ဆေးဖော်ထုတ်ရာ မည်သူမည်ဝါ မခွဲခြားနိုင်သော ရုပ်အလောင်း ၁၀ လောင်း တွေ့ရှိခဲ့ကြောင်းနှင့် အဆိုပါအဖွဲ့ အနေဖြင့် ရုပ်အလောင်းများ၏ စိစစ်ဖော်ထုတ်ချက်နှင့် ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent