ဖားကန့်မြို့နယ် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌအား ကားဂိတ်အတွင်း သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား

ဖားကန့်မြို့နယ် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌအား ကားဂိတ်အတွင်း သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား
Published 20 December 2017

သေနတ်ဖြင့် ပတ်သတ်မှု ဖြစ်ပွားခဲ့သော ရတနာဖားကန့် ကားဂိတ်အား တွေ့ရစဉ်

ဖားကန့်မြို့နယ် ပုဂ္ဂလိကပိုင်မော်တော် ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးခင်စိုးအား ကားဂိတ်အတွင်း အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် လာရောက်ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်ခန့်တွင် ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ အိမ်အမှတ် (B/23) တွင် ဖွင့်လှစ်ထားသော ရတနာဖားကန့် ကားဂိတ်အတွင်း ဂိတ်မှူးဖြစ်သူ ဦးခင်စိုးထိုင်နေစဉ် ၁၂၅ အမျိုးအစား ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ လူလေးဦး ရောက်ရှိလာပြီး နှစ်ဦးမှာ ဆိုင်ကယ်စက်နှိုး၍ အသင့်အနေအထား စောင့်နေကာ ကျန်နှစ်ဦးမှာ ကားဂိတ်အတွင်း ဝင်ရောက်လာခဲ့ကြောင်း၊ ထို့နောက် အဆိုပါ အမည်မသိ သေနတ်သမား နှစ်ဦးက ကားဂိတ်အတွင်း ထိုင်နေသော ဦးခင်စိုး၏ နောက်သို့သွား၍ လွယ်အိတ်အတွင်းမှ သေနတ်ထုတ်ကာ ဦးခေါင်းနောက်စေ့နှင့် နောက်ကျောဘက်သို့ ပစ်ခတ်ခဲ့ကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင့် ဦးခင်စိုးမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဦးခင်စိုးမှာ ရတနာဖားကန့် ကားဂိတ်၏ ပိုင်ရှင်ဂိတ်မှူးဖြစ်သည့်အပြင် ဖားကန့်မြို့နယ် ပုဂ္ဂလိကပိုင် မော်တော်ယာဉ်လုပ်ငန်း ယာဉ်များကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်ကြုံတွေ့ခဲ့သူ ဦးခင်စိုး၏ သမီးဖြစ်သူ မယုနန္ဒာက “ဆိုင်ကယ်နဲ့ ကျွန်တော်တို့ ကားဂိတ်ကိုဝင်လာတယ်။ ဝင်လာတဲ့ အခါကျတော့ ကျွန်တော့်အဖေက နောက်ကျောပေးပြီး ထိုင်နေတာ။ ဆိုင်ကယ်က နှစ်စီး၊ လူကလေးယောက် ဆင်းလာပြီးတော့ ကျွန်တော့်ဂိတ်က တပည့်လေး တွေက ဘယ်လဲလို့ မေးတဲ့အခါကျတော့ ကာမိုင်း ကာမိုင်းလို့ ဖြေတယ်။ ပြီးတော့ ဝင်လာပြီးတော့ လွယ်အိတ်ထဲကနေ ပစ္စတိုထုတ်ပြီး ပစ်သွားတာ။ လေးချက်ပစ်ပါတယ်။ မျက်နှာမှာတော့ ဖုန်ကာ (Mask) တွေ မတပ်ထားဘူး။ ရုပ်ကို မြင်ရင်မှတ်မိတယ်။ လူငယ်တွေပဲ။ အသက် ၂၀၊ ၂၅ နှစ် ပတ်ချာလည်လောက်ပဲ ရှိဦးမယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာမှတော့ မပြောချင်ပါဘူး။ ဘာလို့လဲဆိုတော့ သက်သက်မဲ့ ပစ်ခိုင်းတာပါ။ ရန်ငြိုးရန်စရှိလို့။ တခြားပြောရမယ်ဆိုရင် အာဏာကြောင့်ပါ။ ကျွန်တော့်အဖေက လက်ရှိ ယကတ ဥက္ကဋ္ဌဆိုတော့ အာဏာလိုချင်လို့ပါ။ တခြားတော့ မရှိပါဘူး” ဟု ပြောကြားသည်။

ဦးခင်စိုး (၅၇ နှစ်)၊ (ဘ) ဦးလူဒင်အား သေနတ်သမားများက သေနတ်ဖြင့် လေးချက်ပစ်ခတ်ခဲ့ရာ တစ်ချက်လွဲချော် ခဲ့သည့်အတွက် သေနတ်ဒဏ်ရာ သုံးချက် ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းနောက်စေ့တွင် တစ်ချက်၊ နောက်ကျော အလယ်ဘက်အပေါ်တွင် တစ်ချက်၊ နောက်ကျော ညာဘက်တွင် တစ်ချက် စသည့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“သူတို့ ဝင်လာတဲ့အချိန် ကားဂိတ်မှာ လူတွေလည်း အများကြီး ရှိပါတယ်။ ဦးခင်စိုးနဲ့ သူ့သမီးက မျက်နှာချင်းဆိုင် ထိုင်နေကြတာ။ အဲဒီမှာ သေနတ်သမားတွေ ဝင်လာပြီး စသလို နောက်သလိုနဲ့ အိတ်ထဲက သေနတ်ထုတ်ပြီး ပစ်သွားတာ။ လေးယောက်မှာ နှစ်ယောက်က ဆိုင်ကယ်ပေါ်မှာ အသင့်စက်နှိုးပြီး စောင့်နေတယ်။ နှစ်ယောက်ဆင်းလာပြီး ပစ်တာ။ နှစ်ယောက်စလုံးဆီမှာ သေနတ်ပါတယ်။ ကျွန်တော်တို့ အားလုံးက ကြောင်ပြီး ကြည့်နေမိတာ။ အဲဒီလို ပစ်ပြီးတာနဲ့ သူတို့က ထွက်သွားတော့တာပဲ” ဟု မျက်မြင်ကြုံတွေ့ခဲ့သူ ကားဆရာတစ်ဦးက ပြောကြားသည်။

ဖားကန့် မြို့မိ မြို့ဖ တစ်ဦးက “သူတို့က ကြေးစားတွေ ဖြစ်နိုင်တယ်။ ကျည်ဆန်အမျိုးအစားကို ရဲမှူးဆီမှာ ကြည့်လိုက်တော့ သူတို့သုံးတဲ့သေနတ်က ဆုံလည်ခြောက်လုံးပြူး သေနတ်အတိုဖြစ်မယ်။ ဒါမျိုးသေနတ်က တော်ရုံလူတွေ မကိုင်ဘူး။ ကြေးစား သေနတ်သမားတွေပဲ ဖြစ်မယ်” ဟု ပြောကြားသည်။

ဦးခင်စိုး၏ ရုပ်အလောင်းအား ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားစဉ် တပ်မ (၁၀၁) မှ တပ်မမှူး ဗိုလ်မှူးချုပ် မောင်မောင်ဇံ အပါအဝင် တပ်မတော်သားများ၊ ရဲအရာရှိများ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ ဦးခင်စိုး၏ ရုပ်အလောင်းအား မိသားစုဝင်များက မန္တလေးသို့ နေ့တွင်းချင်း သယ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဦးခင်စိုးအား ပစ်သတ်ခဲ့သည့် သေနတ်သမားများမှာ အခင်းဖြစ်ပွားပြီးနောက် ယူမာကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့သဖြင့် သေနတ်သမားများအား ဖမ်းမိနိုင်ရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့အပြင် တပ်မတော် တပ်ဖွဲ့ဝင်များပါ လိုက်လံစုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent