နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် ဆွန်းကော့ရှန်တို့ နေပြည်တော်၌ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် ဆွန်းကော့ရှန်တို့ နေပြည်တော်၌ တွေ့ဆုံ
Published 20 December 2017

Photo : MOFA Myanmar

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်အား ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် ၎င်း၏ခရီးစဉ်အတွင်း အမေရိကန်ဒေါ်လာ တစ်သန်းပေးအပ်ခဲ့သည့်ကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး၊ ရခိုင်ပြည်နယ်အရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံမှု၌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရေးအပါအဝင် မြန်မာအစိုးရနှင့် မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအကြား ညှိနှိုင်းဆွေးနွေးမှုများအတွက် ကြားဝင်ဆောင်ရွက်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာဆွန်းကော့ရှန်အား တာဝန်ပေးထားသည်။

လတ်တလောတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က မစ္စတာဆွန်းကော့ရှန်၏ ကြားဝင်ဆောင်ရွက်မှုဖြင့် ငြိမ်းချမ်းရေးကော်မရှင်မှတာဝန်ရှိသူ အချို့နှင့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တို့ သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ထားကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

မစ္စတာဆွန်းကော့ရှန်သည် မြန်မာနိုင်ငံသို့ မကြာခဏလာရောက်လေ့ရှိပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံလေ့ရှိသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အမေရိကန်ဒေါ်လာ သုံးသန်း လှူဒါန်းမည်ဖြစ်ကြောင်း ကတိပြုထားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနသို့ အမေရိကန်ဒေါ်လာ ငါးသိန်းအလှူငွေပေးအပ်ပွဲကို ဒီဇင်ဘာ ၁၇ ရက်က နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ကျင်းပခဲ့ပြီး မစ္စတာဆွန်းကော့ရှန် ကိုယ်တိုင်တက်ရောက်ကာ အလှူငွေပေးအပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်နိုင်ငံသို့ ဒီဇင်ဘာလဆန်းပိုင်းက သွားရောက်ထားသည်။

အဆိုပါခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် တရုတ်သမ္မတ ရှီကျင်ပင်းနှင့်တွေ့ဆုံခြင်း၊ တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များဆွေးနွေးပွဲတွင် တရုတ်အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်နိုင်ငံသို့မသွားရောက်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် Gen.Li.Zuocheng ၏ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၂၁ ရက်မှ ၂၆ ရက်ထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်တာဝန်ရှိသူများအပြင် တရုတ်နိုင်ငံသမ္မတ ရှီကျင်ပင်းကိုယ်တိုင် လက်ခံတွေ့ဆုံခဲ့သည်။

Most Read

Most Recent