ဈေးတွေကို အဆင့်မြှင့်ရမှာလား၊ လမ်းတွေကို ချဲ့ရမှာလား . . .

ဈေးတွေကို အဆင့်မြှင့်ရမှာလား၊ လမ်းတွေကို ချဲ့ရမှာလား . . .
Published 18 December 2017

နိုင်ငံခြားသားခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းဈေးအား ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

 

“ယခု ရန်ကုန်မြို့ကို ကြည့်မယ်ဆိုရင် ပြဿနာတွေ တော်တော်များများကို တွေ့ပါလိမ့်မယ်။ ရေကြီးရေလျှံမှု၊ ရေဆိုးစွန့်ပစ်မှု၊ အညစ်အကြေးစွန့်ပစ်မှု၊ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ သယ်ယူပို့ဆောင်ရေး အားလုံးပါပဲ” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ သန်းမြင့်အောင်က ပြောကြားသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးမြို့ကြီးများတွင် ကြုံတွေ့ကြရသည့် ယင်းကဲ့သို့ ပြဿနာများသည်လည်း ရန်ကုန်မြို့တွင် ကြုံတွေ့နေကြရသည်။ ရန်ကုန်မြို့တွင် ကြုံတွေ့နေရသည့် ပြဿနာအရပ်ရပ်ကို ဖြေရှင်းရာတွင် အဓိကဖြေရှင်းရန် လိုအပ်နေသည့် ကိစ္စရပ်များကို ပိုမိုဦးစားပေးဆောင်ရွက်ရန် လိုအပ်နေသည်။

နှစ်စဉ် မိုးတွင်းကာလတွင် ကြုံတွေ့လေ့ရှိသော ရေကြီးရေလျှံမှု ပြဿနာ၊ ယခုတာဝန်ယူထားသည့် အစိုးရအထိ အဆက်ဆက် ယင်းပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါ။ ထို့ပြင် ရန်ကုန်မြို့ရှိ လူတန်းစား အသီးသီး နေ့စဉ်ရင်ဆိုင်နေရသည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ၊ ကားပါကင် အခက်အခဲများကဲ့သို့သော အဓိကဖြေရှင်းရန် လိုအပ်သည့် ကိစ္စရပ်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပြီး ပိုမိုဦးစားပေးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့တွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ခြောက်လအတွက် ရသုံးခန့်မှန်း ခြေငွေစာရင်း (လျာထားချက်) နှင့် စပ်လျဉ်း၍ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ သုံးသပ်ချက် အစီရင်ခံစာအရ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာနနှင့် အင်ဂျင်နီယာ (အဆောက်အအုံ) ဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ငွေလုံးငွေ ရင်းအသုံးစရိတ်လျာထားချက်တွင် ဗိုလ်ချုပ်အောင်ဆန်းဈေးမှ အဆောက်အအုံ ၁၄ လုံး၊ သိမ်ကြီးဈေး အေရုံ၊ ဘီရုံပြုခြင်း၊ ပြင်ခြင်း၊ အင်းစိန်ဈေးကြီးများပြုခြင်း၊ ပြင်ခြင်းနှင့် မြို့နယ်အသီးသီးရှိ ဈေးဟောင်းလေးခုကို အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ဈေးက ခြောက်လအတွင်း ပြင်နိုင်ပါ့မလား။ တချို့အင်းစိန်ဈေးဆိုရင် အကြီးစားကြီးပြင်မှာ။ ဈေးသူဈေးသားတွေနဲ့ ဘယ်လိုလုပ်မှာတုန်း။ အဲဒီစီမံချက်တွေ ဆွဲပြီးပြီလား။ စီမံချက်လည်း စည်ပင်က ပီပီပြင်ပြင် မရှိသေးဘူး။ ငွေသာတင်တာ” ဟု ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ယင်းအစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်မှ ချေးငွေယူထားသော ဗိုလ်ချုပ်အောင်ဆန်းဈေးအတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ လုပ်ဆောင်သင့်၊ မသင့်ကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်း အကြံပြုထားသည်။

“ဗိုလ်ချုပ်ဈေးကလည်း စည်ပင်ကနေ ဒီဇိုင်းခတွေ တင်တဲ့သဘော။ မလုပ်သေးဘူးပေါ့။ အစိုးရ အဖွဲ့ကလည်း ဒါလေးတော့ မကန့်ကွက်ပါနဲ့။ အပြင်မှာ ညှိနှိုင်းလိုက်တဲ့ အခါမှာ မထတော့ဘူး ဖြစ်သွားတာ။ အတည်ပြုလိုက်ရတာပေါ့။ ဒီခြောက်လကတော့ ဒီဇိုင်း၊ ကမ္ဘာ့ဘဏ်ကိုလည်း တင်ပြထားပြီးပြီပေါ့။ အသုတ်လိုက်၊ အသုတ်လိုက် အကန့်လိုက်လုပ်မယ်ဆိုတာကို ဖြစ်တဲ့အတွက် ဒီဇိုင်းခတို့၊ အကြံပြုခတို့ ဒီခြောက်လမှာ သုံးမှာ။ တကယ်လုပ်ဖို့ဟာ တားထားတယ်။ အင်းစိန်ဈေး အကြီးစားပြင်တာကတော့ တကယ်လုပ်မှာ” ဟု အတွင်းရေးမှူး ဦးကျော်ဇေယျက ဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးတွင် ရန်ကုန်မြို့ပြ အမွေအနှစ်စောင့်ရှောက်ရေးအဖွဲ့ (YHT) ၏ ရန်ကုန်မြို့ပြ အမွေအနှစ်အထိမ်းအမှတ် ၁၆ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို ဇန်နဝါရီ ၂၀ ရက်က တပ်ဆင်ခဲ့သည်။

“ဒီဈေးကြီးဟာ အထူးအောင်မြင်တဲ့ အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။ ဈေးကြီးရဲ့ အနှစ်သာရနဲ့ သဟဇာတဖြစ်အောင် ထိန်းသိမ်းနိုင်ပါတယ်။ ဗိုလ်ချုပ်ဈေးကြီးဟာ လာရောက်လည်ပတ်သူတွေအတွက် ရွှေတိဂုံဘုရားပြီးလျှင် ဒုတိယမြောက် အရေးကြီးဆုံးဆွဲဆောင်မှုတစ်ခု ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ မြို့နေပြည်သူတွေအတွက် အရေးကြီးတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မြို့လယ်ပြန်လည် သက်ဝင်လှုပ်ရှားလာစေရေးအတွက် မှီခိုအားထားရာ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ဒီအမွေအနှစ်နေရာကို မသင့်လျော်တဲ့ ပြန်လည်ပြင်ဆင်မှုတွေ၊ အနီးအနားဝန်းကျင်မှာလည်း မဆီလျော်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ (ဥပမာပြောရရင် လမ်းချဲ့တာမျိုး) ဒါ့အပြင် မီးနဲ့အခြား ဘေးအန္တရာယ်တွေကနေ သတိရှိရှိ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်” ဟု ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေးအဖွဲ့ (YHT) ဥက္ကဋ္ဌ ဦးသန့်မြင့်ဦးက ပြောကြားသည်။

ဗိုလ်ချုပ်ဈေးကို ၁၉၂၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရန်ကုန်မြို့တွင် အရေးပါသည့် နေရာဖြစ်လာကာ ခေတ်အဆက်ဆက် ရန်ကုန်မြို့နေ လူတန်းစားအသီးသီးအတွက် နောက်ဆုံးပေါ် ဖက်ရှင်အဝတ်အထည်များ၊ လက်ဝတ်ရတနာများ၊ နေ့စဉ်လိုအပ်သည့် ပစ္စည်းများ ဝယ်ယူရာနှင့် အားလပ်ချိန်လည်ပတ်ရာ အဓိကနေရာတစ်ခုဖြစ်ကြောင်း သိရသည်။ ယခုအခါ ယင်းဈေးကြီးသည် မြို့နေများအတွက်သာမက ကမ္ဘာလှည့်ခရီးသွားများအား အနုပညာပစ္စည်းများ အမှတ်တရ လက်ဆောင်ပစ္စည်းများဖြင့် ဆွဲဆောင်နိုင်သော နေရာလည်း ဖြစ်လာခဲ့သည်။

 

ဈေးများ အဆင့်မြှင့်တင်ခြင်း

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဈေးများတည်ဆောက်ရန်အတွက် အကြောင်းအရာဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကျပ်သန်းပေါင်း ၁၆၈၀ လျာထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ဈေးပေါင်း ၁၇၆ ခုကို ပြုပြင်မှုများပြုလုပ်သွားမည်ဖြစ်ပြီး စည်ပင်နယ်နိမိတ်အတွင်းရှိ ဈေး ၁၀ ခုကို တည်ဆောက်ရန် စတင်နေကာ အဆိုပါ ဈေးများတွင် ကားပါကင်များကိုပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

“လမ်းဘေးမှာ ကားတွေရပ်နေတဲ့ အခြေအနေတွေကိုလည်း အခြေခံအဆောက်အအုံတွေဖြစ်တဲ့ ကားပါကင်တွေတကယ် ကားတွေကို စနစ်တကျ ထားပေးနိုင်တဲ့နေရာတွေကို တည်ဆောက်ရင်းနဲ့ တစ်ဖက်က ဆောင်ရွက်သွားဖို့ ကြိုးစားနေပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ဈေးပေါင်း ၁၇၆ ဈေးကို ပြုပြင်ပြောင်းလဲဖို့အတွက် ကြိုးစားနေပါတယ်။ ပထမအဆင့်ဈေး ၂၀ ကို တည်ဆောက်ဖို့ လုပ်နေပါတယ်။ စည်ပင်သာယာနယ်နိ မိတ်အတွင်းမှာ ဈေး ၁၀ ခု လောက်ကို တည်ဆောက်ဖို့ စတင်နေပါတယ်။ ဒီနေရာတွေမှာ ကားတွေကို ထားနိုင်တဲ့နေရာတွေ ထည့်သွင်းသွားမှာ ဖြစ်ပါတယ်။ အိမ်ရာစီမံကိန်း အသစ်တွေမှာလည်း ကားတွေထားဖို့နေရာကို စီစဉ်သွားမှာဖြစ်ပါတယ်။ လမ်းမပေါ်ကကားတွေကို နေရာတစ်ခု ရွှေ့ထုတ်မယ်ဆိုရင် ထွက်ပေါက်တစ်ခုပေးရမှာ ဖြစ်ပါတယ်။ သွားထားလို့ရတဲ့ နေရာတစ်ခုကို စီစဉ်ပြီးမှ ဒီဘက်က အခြေအနေတစ်ခုကိုဆောင် ရွက်သွားရမှာ ဖြစ်ပါတယ်”  ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆင့်မြှင့်မည့် ဈေး ၂၁ ခုတွင် ပါဝင်သည့် ဘိုကလေးဈေး၊ မြရတနာဈေးနှင့် ရန်ကင်းမြို့မဈေးတို့အတွက် စီမံကိန်းပုံစံနှင့် ဒီဇိုင်းခေါ်ယူခြင်း၊ ရွေးချယ်ခြင်းများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်းမှ သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဗိသုကာအသင်းက ကြီးမှူးပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ ဘိုကလေးဈေးနှင့် မရမ်းကုန်းမြို့နယ် မြရတနာဈေး အသစ်ဆောက်လုပ်မည့် ဈေးအတွက် စီမံကိန်းပုံစံ (Master Plan) နှင့် အဆောက်အအုံဒီဇိုင်း (Architectural Conceptual Design) များ ရွေးချယ်နိုင်ရန် ဒီဇိုင်းပြိုင်ပွဲပြုလုပ်ရန် လျှောက်လွှာခေါ်ယူခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အဆင့်မြှင့်တင်မည့်ဈေး ၂၁ ခုအထိရှိပြီး သိမ်ကြီးဈေးစီရုံ၊ ကြည့်မြင်တိုင် လဟာပြင်ဈေးအပြင် မင်္ဂလာတောင်ညွန့်စံပြဈေးတို့ ပါဝင်ကြောင်း ဧပြီ ၂၅ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (နဝမနေ့) မှ သိရသည်။

အဆိုပါ ဈေးများအဆင့်မြှင့် တင်မှုနှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်လေးဦးက မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးအစား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြားခဲ့သည်။

“ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လမ်းညွှန်ချက်နဲ့အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီရဲ့ ကွပ်ကဲမှု လက်အောက်ကနေ လက်ရှိဈေးတွေကို ခေတ်မီအဆင့်မြင့်ဈေးတွေ ဖြစ်လာစေဖို့ စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ ရရှိလာတဲ့ ဘတ်ဂျက်ဘောင်အတွင်းက မဟုတ်ဘဲနဲ့  PPP နဲ့ စီစဉ်ဆောင်ရွက်နေပါတယ်။ ဈေးတွေကို ဦးစားပေး ပြင်ဆင်ဆောင်ရွက်တဲ့ဈေးပေါင်း ၂၁ ဈေး ရှိပါတယ်။ ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးစီရုံအပါအဝင် ဖြစ်ပါတယ်။ ပထမအဆင့်ဈေးများ ပြင်ဆင်တဲ့အပိုင်းမှာ သိမ်ကြီးဈေးစီရုံအတွက် မြန်မာနိုင်ငံ ဗိသုကာအသင်းကို ဘယ်လိုအဆောက်အအုံများ ဆောက်လုပ်မလဲ ဆိုတာကို ဒီဇိုင်းပုံစံပြိုင်ပွဲခေါ်ယူခြင်း၊ ရွေးချယ်ခံရတဲ့ ဒီဇိုင်းနဲ့အညီဆောက်ဖို့အတွက် တင်ဒါခေါ်ယူခြင်း အဆင့်ဆင့် စနစ်တကျဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံး ဒီဇိုင်းပြိုင်ပွဲ ခေါ်ယူခြင်းအစီအစဉ်ကို စတင်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ပန်းဘဲတန်းမြို့နယ် သိမ်ကြီးဈေးစီရုံကို ရန်ကုန်မြို့တော်ရဲ့ ဈေးကြီးအင်္ဂါရပ်နဲ့အညီ ဈေးကြီးတစ်ခုတည်ဆောက်ဖို့ အစီအစဉ်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၏ ညဈေးသည်လည်း သိမ်ကြီးဈေးစီရုံကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၏ စီမံကွပ်ကဲမှုတွင် ခေတ်မီဈေးများ ဆောက်လုပ်ရန် အစီအစဉ်၌ ပါဝင်ကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် စံပြဈေးကို ခေတ်မီဈေးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်ထားပြီး လက်ရှိတွင် တင်ဒါဒီဇိုင်းခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်ရဲ့ ညဈေးဟာလည်း အလားတူပဲ သိမ်ကြီးဈေးစီရုံကဲ့သို့ပဲ ရန်ကုန်တိုင်းဒေသကြီး အစိုးရရဲ့ လမ်းညွှန်မှုနဲ့အညီ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ စီမံကွပ်ကဲမှုမှာ ခေတ်မီဈေးများဆောက်လုပ်ဖို့ အစီအစဉ်မှာ ပါပါတယ်။ အဲဒီအစီအစဉ်ဟာ ပထမအဆင့်ဦးစားပေးအနေနဲ့ ထည့်ထားတဲ့ ဈေးပေါင်း ၂၁ ဈေးထဲမှာ ကြည့်မြင်တိုင်မြို့နယ် လဟာပြင်ဈေးလည်း ပါပါတယ်။ ခေတ်မီဈေးဖြစ်လာဖို့အတွက်ကိုလည်း  Public Private Partnership စနစ်နဲ့ တည်ဆောက်သွားဖို့  ကောင်အထည်ဖော်သွားဖို့ အစီအစဉ်ထဲမှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

“စံပြညဈေးရဲ့ ဒီဇိုင်းခေါ်ယူဖို့ စီစဉ်လျက်ရှိနေပါတယ်။ ဒါကြောင့် မင်္ဂလာတောင်ညွန့်မြို့နယ် စံပြဈေးကို ခေတ်မီဈေးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ဖို့ စီစဉ်ဆောင်ရွက်ထားပြီးတော့ လောလောဆယ် တင်ဒါဒီဇိုင်းခေါ်ယူရန် စီစဉ်လျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

ကမ္ဘာ့ဘဏ်ချေးငွေ ဘယ်မှာသုံးမလဲ

၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာအထိ ငွေလုံးငွေရင်းအသုံးစရိတ် လျာထားချက်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက အနီးကပ်ကြီးကြပ်ဆောင်ရွက်မည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းဆောင်ရွက်ချက်များအတွက် စတင်သုံးစွဲမည့် ၇၅၀ ဒသမ ၅၈၉ ကျပ်သန်းသုံးစွဲမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ရေကြီးရေလျှံမှု၊ သဘာဝဘေးအန္တရာယ် ရန်ပုံငွေနှင့် အဆောက်အအုံများ ဘေးကင်းလုံခြုံစွာဆောင်ရွက်ရေး လုပ်ငန်းများအတွက် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာ ၁၂၄ သန်းတွင် အပိုင်း (၁) အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံရန်ပုံငွေထူထောင်တဲ့နေရာ၌ ပါဝင်ဆောင်ရွက်ခြင်းအတွက် အမေရိကန်ဒေါ်လာသန်း ၂၀ နှင့် ထောက်ပံ့ငွေ တစ်သန်း၊ အပိုင်း(၂)တွင် မြို့ပြရေကြီးရေလျှံစီမံခန့်ခွဲခြင်း အမေရိကန်ဒေါ်လာ ၇၇ သန်း၊ အပိုင်း (၃) တွင် အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ဘေးကင်းလုံခြုံစွာ ဆောင်ရွက်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂၂ သန်းနှင့် အသိပညာပေးခြင်းနှင့် စီမံကိန်းစီမံခန့်ခွဲခြင်းအတွက် အမေရိကန်ဒေါ်လာ ငါးသန်းတို့ ပါဝင်ကြောင်း သိရသည်။

ရေကြီးရေလျှံမှုအတွက် အသုံးပြုမည့် ဒေါ်လာ ၇၇ သန်းသည်  Downtown ခြောက်မြို့နယ်တွင် တိုက်ရိုက်အကျိုးခံစားရမည်ဖြစ်ပြီး အဆိုပါမြို့နယ်များနှင့် ထိစပ်နေသည့် ဆိပ်ကမ်း၊ ဒဂုံ၊ အလုံ၊ ဗဟန်းနှင့် မင်္ဂလာတောင်ညွန့်မြို့နယ်များသည်လည်း သွယ်ဝိုက်အကျိုးခံစားခွင့်ရှိမည်ဖြစ်ကြောင်း သိရသည်။ ထိုကဲ့သို့ ကမ္ဘာ့ဘဏ်ချေးငွေနှင့် ဆောင်ရွက်မည့် စီမံကိန်းသည် ခြောက်နှစ်တာစီမံကိန်း ကာလဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်၏ ပြဋ္ဌာန်းချက်အပိုင်းသုံးတွင် ပထမဦးစားပေးအဖြစ် ဂျိုးဖြူရေလှောင်တမံ၏ အဆောက်အအုံ ပြုပြင်မွမ်းမံခြင်း၊ ဒုတိယဦးစားပေးအဖြစ် ဗိုလ်တထောင်မြို့နယ်ရှိ လေမှုတ်စက်ရုံပြုပြင်ခြင်း၊ တတိယ ဦးစားပေးအနေဖြင့် မရမ်းကုန်းမြို့နယ်ရှိ ရေတွန်းစက်ရုံပြုပြင်မွမ်းမံခြင်း၊ စတုတ္ထဦးစားပေးမှသာ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ပဉ္စမဦးစားပေးအနေဖြင့် သိမ်ကြီးဈေးအေရုံနဲ့ ဘီရုံပြုပြင်ခြင်းစသည့် အများပြည်သူနှင့်သက်ဆိုင်သည့် အခြေခံအဆောက်အအုံများကို ပြုပြင်မွမ်းမံခြင်းဟု ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် လက်ရှိအချိန်တွင် ဂျိုးဖြူရေလှောင်ကန်လောက် အရေးမကြီးသည့် ဗိုလ်ချုပ်အောင်ဆန်းဈေး ၁၄ ရုံပြင်ဆင်ခြင်းနှင့် သိမ်ကြီးဈေး ဈေးရုံပြင်ဆင်ခြင်းများကို သဘောမတူနိုင်ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဈေး အသေးစား၊ အကြီးစား ပြင်ဆင်မှုများကို နှစ်စဉ်ဘတ်ဂျက်များတွင်လည်း တောင်းခံနေကြောင်း၊ ယခု ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်အတွင်းမှာလည်း ဈေးရုံကြီးများ အကြီးစားပြင်ဆင်ခြင်းခေါင်းစဉ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဈေးပြင်ဆင်ရန် ကျပ်သန်း ၁၄၀ တောင်းခံထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒါ့အပြင် ပြည်ထောင်စုလွှတ်တော်မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး လာရောက်ရှင်းပြစဉ်က အပိုင်းနှစ်ထဲမှာရော အပိုင်းသုံးထဲမှာရော သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစီမံကိန်း ခေါင်းစဉ်အောက်မှာလမ်းနဲ့ တံတားလုပ်ငန်းတွေ ဆောင်ရွက်ရန် လုံးဝမပါရှိဘူး။ တွေ့လည်း မတွေ့ရပါဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အခြေခံအဆောက်အအုံများ မွမ်းမံခြင်း၊ အဆောက်အအုံဆိုင်ရာ သတင်းအချက်အလက်ဆိုင်ရာ တည်ဆောက်ခြင်း၊ စိစစ်အကဲဖြတ်ခြင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ပဲ ပါဝင်တာကို တွေ့ရပါတယ်။ သို့ပါသောကြောင့် ကျွန်မတင်ပြလို တာကတော့ ၂၀၁၈ ခုနှစ် ခြောက်လဘတ်ဂျက်မှာ တောင်းခံထားတဲ့ အများပြည်သူဝန်ဆောင်မှု အဆောက်အအုံများ ဘေးအန္တရာယ်လျှော့ချရေးအတွက် တောင်းခံထားတဲ့ ကျပ်သန်း ၂၅၀ ဒသမ ၈၅၆ သန်းနဲ့ လမ်းတံတား လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ၂၄၈ ဒသမ ၄၀ ကျပ်သန်းအား သဘောမတူပါသဖြင့် ၎င်းလုပ်ငန်းများ ပယ်ဖျက်ပေးရန်နှင့် ကမ္ဘာ့ဘဏ်မှ ပြဋ္ဌာန်းထားတဲ့ မြို့ပြရေကြီး ရေလျှံမှု အန္တရာယ်များ၊ စီမံခန့်ခွဲမှုအပိုင်းမှာ ပါဝင်တဲ့ ရေမြောင်းစနစ်နှင့် မြစ်ထွက်ပေါက်များအကြားမှာ ထပ်မံလိုအပ်လာနိုင်သော မြေအောက်မြောင်းများ၊ ရေသိုလှောင်နိုင်သော နေရာများ လိုအပ်သော အရွယ်အစားရှိတဲ့ ခေတ်မီမြစ်ထွက်ပေါက် ရေတံခါးများတည်ဆောက်ခြင်း၊ မြစ်ထွက်ပေါက်များတွင် အလိုအလျောက် ရေထိန်းတံခါးများ၊ စွမ်းအားမြင့် ရေစုပ်ရေထုတ်စက်များ၊ အမှိုက်စစ် ဆန်ခါများ၊ အရံမီးစက်များပါဝင်မယ့် စနစ်တစ်ခုလုံးနှင့် ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် နိုင်ငံတကာ အဆင့်မီ အလိုအလျောက် စောင့်ကြည့်ထိန်းချုပ်စနစ်များ တပ်ဆင်အသုံးပြုခြင်းတို့ကိုသာ ယခုနှစ်ခြောက်လဘတ်ဂျက်မှာ စတင်လျာထား ဆောင်ရွက်ပေးရန် တင်ပြအပ်ပါတယ်။ ဒါဟာ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီး ပြင်ဆင်ခြင်းထက် ပြည်သူတွေအတွက် အမှန်တကယ်နဲ့ အမြန်ဆုံးပြုလုပ်ပေးသင့်တဲ့ လုပ်ငန်းဖြစ်ပါသောကြောင့် တောင်းခံထားရှိတဲ့ ကျပ်သန်း ၇၅၀ ဒသမ ၅၈၉ သန်းထဲမှ လုပ်ငန်းပြင်ဆင်သုံးစွဲပေးရန် တင်ပြအပ်ပါတယ်” ဟု ဒေါ်စန္ဒာမင်းက ပြောကြားသည်။

 

ဘာကြောင့် ဦးစားပေးဆောင်ရွက်သင့်သလဲ

ရေကြီးရေလျှံမှု ပြဿနာသည် နှစ်စဉ်နှစ်တိုင်း မိုးတွင်းကာလ ရောက်ရှိပါက ရန်ကုန်မြို့နေပြည်သူများ အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်။ ရေကြီးရေလျှံမှုများကြောင့် ရန်ကုန်မြို့တွင် နေထိုင်ကြသူများ နေအိမ်များသို့ ရေများဝင်ရောက်ခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပေါ်ကြရသည်။ ထို့ပြင် ရန်ကုန်မြို့ရှိ လူတန်းစားအသီးသီး နေ့စဉ်ရင်ဆိုင်နေရသည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာများ၊ ကားပါကင် အခက်အခဲများကဲ့သို့သော အဓိက ဖြေရှင်းရန်လိုအပ်သည့် ကိစ္စရပ်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပြီး ပိုမိုဦးစားပေးဆောင်ရွက်ရန် လိုအပ်လျက်ရှိသည်။

 

ယာဉ်ကြောပိတ်ဆို့မှုနှင့် ကားပါကင်

ယခင်အစိုးရလက်ထက်က ကားတင်သွင်းမှု မူဝါဒအပြောင်းအလဲကြောင့် ရန်ကုန်မြို့သို့ ယာဉ်အစီးရေအများအပြား ဝင်ရောက်လာခဲ့သည်။ အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်သည့် လမ်းအခြေအနေ၊ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများအား ထိန်းချုပ်နိုင်မှုအားနည်းသည့် အခြေအနေများနှင့် ကားပါကင်များ အဆင်သင့်မဖြစ်သေးသည့် အခြေအနေတွင် ကားများအလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းကြောင့် ကားပါကင်ပြဿနာများ ဆိုးရွားလာခဲ့သည်။

ယာဉ်ရပ်နားမှုဆိုင်ရာ မူဝါဒများအတိအကျ သတ်မှတ်ခဲ့မှု အားနည်းခြင်းကြောင့် ယင်းသို့ ကားပါကင်ပြဿနာများ ဖြစ်ပွားခဲ့ရပြီး အဆိုပါပြဿနာသည် ယခုအစိုးရသစ် လက်ထက်တွင်လည်း စိန်ခေါ်မှုတစ်ခုအနေဖြင့် ဆက်လက်တည်ရှိနေခဲ့သည်။ ရန်ကုန်မြို့တော်ကြီးတွင် လူစီးကား အမျိုးအစားအရေအတွက် အဆမတန်များပြားလာသည်။ ထို့ကြောင့် ကားပါကင်ပြဿနာသည် မော်တော်ယာဉ်မောင်းတိုင်း၊ မော်တော်ယာဉ်ပိုင်ဆိုင်သူတိုင်း ကြုံတွေ့ကြရသည့် နိစ္စဓူဝအကြောင်းအရာ ဖြစ်သည်။ မော်တော်ယာဉ်များ ရပ်နားထားမှုနှင့် ယာဉ်သိပ်သည်းဆ များပြားလာမှုသည် လမ်းသွားလမ်းလာများအတွက် လူသွားလမ်းမရှိသည့် အခြေအနေအထိအောင် အချို့သောနေရာများတွင် ဖြစ်ပွားသည်။

“ကားပါကင်ကတော့ ပိုကောင်းလာစရာ အကြောင်းမရှိဘူး။ ပိုဆိုးဖို့ပဲရှိတယ်” ဟု မြို့ပြပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားသည်။

ယခင်အစိုးရ လက်ထက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီခွဲခန့်က ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်းတွင် ကားပါကင်နေရာလုရာမှ စကားများရန်ဖြစ်ကာ ဓားဖြင့်ထိုးမှု ဖြစ်ပွားခဲ့သည်။ ယင်းအဖြစ်အပျက်သည် တုန်လှုပ်ချောက်ချားစရာဖြစ်ပြီး ထိုဖြစ်စဉ်မှာ ရန်ကုန်မြို့၏ ကားပါကင်ရှားပါးမှုပြဿနာကို မီးမောင်းထိုး ပြလိုက်သလိုလည်း ဖြစ်ခဲ့သည်။

၂၀၁၇ ခုနှစ်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် ယာဉ်အစီးရေ ၅၂၉၄၇၃ စီးအထိရှိလာပြီး မော်တော်ယာဉ်များသည် လစဉ်တိုးပွားလျက်ရှိကာ ယာဉ်ကြောကျပ်တည်းမှုများ၊ ယာဉ်ရပ်နားရန် အခက်အခဲများသည် နေ့စဉ်ဖြစ်ပွားလျက်ရှိသည်။ ယင်းကဲ့သို့ အခြေအနေ အရပ်ရပ်ကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ကြောကျပ်တည်းမှုများ၊ ကားရပ်နားရန်နေရာများ တည်ဆောက်ခြင်း ကဲ့သို့သော အဓိကအရေးကြီးသည့် ဦးစားပေး အခြေအနေများအတွက် လိုအပ်သည်များကို ဆောင်ရွက်ရန် လိုအပ်နေသည်။ ရန်ကုန်တိုင်းဒေသကြီးအတွက် ဘတ်ဂျက်လျာထားချက်များတွင်လည်း ယင်းကဲ့သို့ ကဏ္ဍများတွင်လည် ပိုမိုထည့်ဝင်နိုင်ရန် စီစဉ်ဆောင်ရွက်သင့်သည်။

“အဓိကကတော့ မြို့ထဲမှာရှိတဲ့ အဆောက်အအုံတော်တော် များများမှာ ကားရပ်နားရာနေရာတွေ ထည့်ပြီးတော့ ဆောက်ပေးစေချင်တယ်။ ကားပါကင်ပဲ သီးသန့်အဆောက်အအုံတွေ ဆောက်ပြီးတော့ သတ်မှတ်ထားတဲ့ ကားရပ်နားခတွေကို ကောက်ခံမယ်ဆိုရင် အဆင်ပြေမယ်လို့ ထင်ပါတယ်။ မြို့ပတ်ရထားရှိတဲ့ ဘူတာလိုနေရာမှာ နိုင်ငံခြားလိုမျိုး ဘူတာအောက်မှာ ရထားလမ်းသွားပြီး၊ အပေါ်မှာ အဆောက်အအုံတွေ ဆောက်လိုက်မယ်ဆိုရင် တစ်နည်းဖြေရှင်းလို့ရတယ်။ နောက်တစ်ခုက ကမ်းနားမှာရှိတဲ့ ရန်ကုန်ဆိပ်ကမ်းပေါ့။ အခု ရန်ကုန်ဆိပ်ကမ်းက အသုံးပြုနေတုန်းပဲဆိုတော့ တကယ်လို့များ အနာဂတ်မှာ သီလဝါကိုသာ အဓိကပြောင်း ရွှေ့ခဲ့မယ်ဆိုရင် ဆိပ်ကမ်းနေရာတွေမှာ ကားပါကင်နေရာတွေ ပေးထားခဲ့လို့ရမယ်ဆိုရင် ဖြေရှင်းပေးလို့ရမှာပါ” ဟု ဂျပန်မြို့ပြပညာရှင် Kuniomi Hirano က ကားပါကင် ရရှိနိုင်မှုအတွက် အကြံပြုပြောကြားသည်။

ရေကြီး ရေလျှံမှု

ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပွားနေမည်ဆိုပါက ရန်ကုန်မြို့တော်ဝန် ပြောကြားခဲ့သည့် မြေအောက်မြို့တော် အကောင်အထည်မဖော်နိုင်ဘဲ ရေများဝင်ရောက်ပြီး ရေအောက်မြို့တော် ဖြစ်သွားမည်ဟု မရမ်းကုန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ဒီဇင်ဘာ ၄ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ ပဉ္စမပုံမှန် အစည်းအဝေး (၂၀) ရက်မြောက်နေ့တွင် ဆွေးနွေးပြောကြားသည်။

“ရေကြီးရေလျှံမှုတွေ ဆက်လက်ပြီး ဖြစ်ပွားနေမယ်ဆိုရင် မြို့တော်ဝန်ကြီး ပြောကြားထားသော မြေအောက်မြို့တော်ဆိုတာကိုလည်း ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်မှာ မဟုတ်ပါဘူး။ မြေအောက် မြို့တော်ကြီးဟာ ရေကြီးရေလျှံရင် ရေတွေဝင်ပြီး ရေအောက်မြို့တော် ကြီးဖြစ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီအဆိုကို အတည်ပြုဖို့အတွက် လွှတ်တော်မှာ မဲမခွဲပါဘူး။ သို့သော်လည်း ပဲမှတ်တမ်းတင် လေ့လာစောင့်ကြည့်အဆင့် ဖြစ်စေချင်ပါတယ်။ ဒါမှသာလျှင် အနာဂတ်ကာလမှာ ဒါမျိုးတွေ မဖြစ်ပွားရေးအတွက် တစ်မျိုးသားလုံး ဝိုင်းဝန်းစောင့်ကြပ်ပြီးတော့ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်။ မြို့တော်ဝန်ကြီး ပြောတဲ့အတိုင်း မှတ်တမ်းတင်ရုံမကဘဲနဲ့ မှတ်တမ်းတင်စောင့်ကြည့်ဆိုတဲ့ အနေအထားကို ရောက်ရှိစေချင်ပါတယ်” ဟု မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားခဲ့သည်။

 

ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပြည်သူတို့လိုအပ်ချက်

အစိုးသစ်လက်ထက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အများပြည်သူအတွက် အရေးပါသည့် အမှန်တကယ်လိုအပ်သော ပြုပြင်ပြောင်းလဲမှုများဖြစ်ရန် လိုအပ်လျက်ရှိသည်။ ယခင်က မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်အဖြစ် အဓိကအချက်အချာကျဆဲဖြစ်သော ရန်ကုန်မြို့၏ မြို့ပြဆိုင်ရာ အပြောင်းအလဲများသည်  အမှန်တကယ် လက်တွေ့လိုအပ်ချက်နှင့် ကိုက်ညီမှုရှိရန် အလွန်အရေးကြီးသည်။

“သုံးသင့်သုံးထိုက်တာကို မသုံးဘူး၊ ရသင့်ရထိုက်တာတွေလည်း ရအောင်မလုပ်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောကြားသည်။

ယခုလက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေနှင့် ဈေးများကို အဆင့်မြှင့်တင်ရန် စီမံဆောင်ရွက်လျက်ရှိပြီး ဘတ်ဂျက်များ တင်ပြတောင်းခံမှုများလည်း ပြုလုပ်လျက်ရှိသည်။

အခွန်ထမ်းပြည်သူတို့ထံမှ ကောက်ယူရရှိသည့် အခွန်ငွေများအား ပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့် သိုမဟုတ် ပိုမိုလိုအပ်သည့် ကိစ္စရပ်များတွင် ဦးစားပေး သုံးစွဲသင့်သည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် လူ စည်ကားရာနေရာများတွင် စီးပွားရေးဆိုင်ရာ အဆောက်အအုံများဖြစ်သည့် ဈေးဝယ်စင်တာများ  (Shopping Center) များသည် အစီအရီ ပေါ်ပေါက်လာနေပြီး အချို့ဈေးဝယ်သူများ၏ ပုံစံများသည်လည်း နည်းပညာတိုးတက်လာသည်မှာ အွန်လိုင်းပေါ်မှတစ်ဆင့်မှာယူ ဝယ်ယူခြင်းများ ရှိလာကြသည်။

ယင်းအခြေအနေ အကျိုးအကြောင်းများကို ကြည့်ပါကလာမည့် နှစ်များတွင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများနှင့် ချင့်ချိန်ကာ ယခုလက်ရှိ ပြည်သူ့ဘဏ္ဍာငွေများ စိုက်ထုတ်ပြီး ဈေးများပြုပြင်ရန်၊ ဆောက်လုပ်ရန် စီစဉ်နေမှုများသည် ဘဏ္ဍာငွေသုံးစွဲမှုနှင့် ပြည်သူတို့ လိုအပ်ချက် ကိုက်ညီမှုရှိ၊ မရှိကိုမူ လက်ရှိတာဝန်ယူထားသော အစိုးရက ဆုံးဖြတ်ဆောင်ရွက်ကြရမည် ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဝန်ကြီးချုပ်ရာထူးကို တာဝန်ယူပြီးနောက် ၎င်းအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းသွားမည်ဟု ဆိုသည်။

ယခုလက်ရှိအချိန်ထိမူ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများမှာ ဖြစ်ပေါ်နေဆဲဖြစ်ပြီး လျော့ကျသွားခြင်း မရှိကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ထိုကဲ့သို့ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန်အတွက် Control Center ကဲ့သို့သော လိုအပ်ချက်များ ဖြည့်ဆည်းရာတွင် အချိန်မီ မပြီးမြောက်ခြင်းများသည့် ရန်ကုန်မြို့ နေပြည်သူများ အခွန်ထမ်းပြည်သူများအတွက် နေ့စဉ်နစ်နာမှုများ ဖြစ်ပေါ်နေသည်။

ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လအတွက် ရငွေသုံးငွေစာရင်း (လျာထားချက်)တွင် အခွန်အကောက်ရငွေသည် ကျပ်သန်းပေါင်း ၁၆၅၉၆ ဒသမ ၉၇၈ ဖြစ်သည်။ ထိုကဲ့သို့ အခွန်အကောက်ရငွေထဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ရရှိသည့် အခွန်အခများတွင် ပစ္စည်းခွန်နှင့် ဘီးခွန်များပါဝင်ပြီး စုစုပေါင်း ၁၀၁၁၆ ဒသမ ၆၃၈ ရရှိကြောင်း သိရသည်။

သက်ဆိုင်ရာဌာနဆိုင်ရာများ အနေနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အခွန်ငွေများပိုမိုရရှိအောင် ဆောင်ရွက်မှုများလည်း ရှိခဲ့သည်။

ထိုကဲ့သို့ ပြည်သူ့အခွန်ဘဏ္ဍာများဖြင့် ဈေးများအား အဆင့်မြှင့်တင် အသစ်ဆောက်လုပ်ရန် လုပ်ဆောင်နေခြင်းများသည် လတ်တလောချက်ချင်း အကောင်အထည်ဖော် ရန်လိုအပ်ခြင်း မရှိသေးကြောင်း ဝေဖန်မှုများ ရှိနေသည်။

လက်ရှိအခြေအနေတွင် ပြည်သူများအနေနှင့် အခြေခံလိုအပ်ချက် ဈေးဝယ်ယူမှုများကို နီးစပ်ရာ Convenience Store များ၊ ရှော့ပင်းစင်တာများရှိ Market Place ကဲ့သို့သော နေရာများတွင် ဝယ်ယူခြင်းများ ရှိလာနေပြီဖြစ်သည်။ ထို့ကြောင့် ဈေးများအဆင့်မြှင့်တင်ခြင်းများမှာ အပူတပြင်းလိုအပ်သည့် အကြောင်းအရာမဟုတ်သည်မှာ ပေါ်လွင်နေသည်။

ပြင်ဆင်မှုများကို လုပ်ဆောင်လိုပါကလည်း ဈေးသူ၊ ဈေးသားများထံမှ ရရှိသည့်အခွန်အခများ၊ ၎င်း၏ ဘဏ္ဍာငွေကြေးများဖြင့်သာ ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများကို လုပ်ဆောင်သင့်သည်။ အခြားသော ပြည်သူများထံမှ ကောက်ခံရရှိသည့် အခွန်ဘဏ္ဍာများဖြင့် ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ရန်မှာ အခြားသော ယာဉ်ကြောပိတ်ဆို့မှုနှင့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်လောက် အရေးမကြီးကြောင်း ဆိုရပေမည်။

ထို့ပြင် အခွန်ဘဏ္ဍာများကို ယာဉ်ကြောပိတ်ဆို့မှုများ များပြားသည့်နေရာများ၊ လမ်းအကျယ်အဝန်း မလုံလောက်သည့်နေရာများတွင် လမ်းချဲ့ထွင်ခြင်းများကို လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။ ယာဉ်ရပ်နားရန်နေရာ မလုံလောက်သည့် နေရာများတွင် ကားများရပ်နားနိုင်ရန် ကားပါကင်များ အကောင်အထည်ဖော်ရန် လုပ်ဆောင်သင့်ပေသည်။ လူနေထူထပ်သည့် နေရာများ၊ အထပ်မြင့်အဆောက်အအုံများ ထူထပ်များပြားသည့်နေရာများတွင် ကားပါကင်များ ဖော်ဆောင်ပေးရန်မှာ များစွာလိုအပ်လာနေပြီ ဖြစ်သည်။

ရန်ကုန်မြို့၏ လမ်းအခြေအနေများတွင် လမ်းများကို အဆင့်မြှင့်တင်ပြီး မည်ကဲ့သို့ ယာဉ်ကြောများ ပိုမိုသွားလာလွယ်ကူအောင် လမ်းများချဲ့ထွင်ကာ လုပ်ဆောင်မည်ဆိုသည့် ကိစ္စရပ်များကို စဉ်းစားကာ ပြည်သူ့ဘတ်ဂျက်များ ထည့်သွင်းသုံးစွဲပြီး ဆောင်ရွက်ကြရမည့် အချိန်လည်း ဖြစ်သည်။ ဗဟိုလမ်းကဲ့သို့ လမ်းမသည် အင်းစိန်လမ်းမကြီး၊ ပြည်လမ်းမကြီးတို့နှင့် အပြိုင်တည်ရှိနေပြီး ယာဉ်သွားလာမှု များပြားသည့်လမ်းမလည်း ဖြစ်သည်။ သမိုင်း၊ အင်းစိန်ဘက်မှ ရန်ကုန်မြို့တွင်းသို့ ရောက်ရှိအောင် ရထားလမ်းနှင့်အပြိုင်သွားလာနိုင်သည့် အနေအထားလည်း ဖြစ်သည်။ ယခုလက်ရှိတွင် ယာဉ်သိပ်သည်းမှု အနည်းငယ်သာသွားလာနိုင်ပြီး ယာဉ်ကြောပိတ်ဆို့မှုများ ကြုံတွေ့နေရဆဲလည်း ဖြစ်သည်။ ယင်းအခြေအနေများပေါ်တွင် သုံးသပ်ပြီး ဗဟိုလမ်းကဲ့သို့သော လမ်းမများတွင် ယာဉ်များ ပို့မိုသွားလာနိုင်ရန် ဆောင်ရွက်ခြင်း၊ ရန်ကုန်မြို့တွင် ဖော်ဆောင်နိုင်မရှိသေးသည့် ရှစ်လမ်းသွား၊ ၁၀ လမ်းသွားလမ်းမကြီးများ အကောင်အထည်ဖော်နိုင်မည့် အခြေအနေများကို ချင့်ချိန်သုံးသပ်ကာ ပြည်သူ့ဘဏ္ဍာငွေများကို အခြေခံအဆောက်အအုံ လိုအပ်ချက်ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်တွင် အသုံးပြုကာ လက်ရှိရန်ကုန်တွင်ကြုံတွေ့ရသည့် ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းနိုင်ရန် ဆောင်ရွက်ကြရမည့် အချိန်လည်း ဖြစ်သည်။ ထို့ပြင် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုသည် ပိုမိုများပြားလာမည့်ဖြစ်သည့်အတွက် နှစ်ထပ်လမ်းမကြီးများကို စတင်အကောင်အထည် ဖော်ရတော့မည့်အချိန်လည်း ဖြစ်သည်။

မကြာသေးမီကာလတွင် ရန်ကုန်မြို့ကြီးသည် Mega City အဖြစ် ပေါ်ထွန်းလာမည်ဖြစ်ပြီး လူဦးရေထူထပ်မှုများ၊ သွားလာမှုများသည် ပိုမိုများပြားလာမည်ဖြစ်ခြင်းကြောင့် လမ်းပန်းဆက်သွယ်ရေး လိုအပ်ချက်များ၊ ကားရပ်နားရန် နေရာလိုအပ်ချက်များမှာ ပိုမိုများသထက်များလာမည် ဖြစ်သည်။ ယင်းကဲ့သို့ အခြေအနေအကြောင်းကြောင်းကို လိုက်လံဖြည့်ဆည်းနိုင်ခြင်းမရှိဘဲ အခြားသောအဓိကမကျသည့် နေရာများတွင် ပြည်သူ့ဘတ်ဂျက်များ စီးဝင်သွားသည်မှာ မဖြစ်သင့်သည့် အနေအထားများ ဖြစ်သည်။

လက်ရှိတွင် အစိုးရက ယာဉ်ကြောကျပ်တည်းမှု၊ ယာဉ်ရပ်နားရန်နေရာများ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေမှုများသည် လက်ရှိအခြေအနေကို ပြေလည်နိုင်မည့်နေနေသာသာ အနာဂတ်တွင် ဖြစ်ပေါ်လာမည့် အခြေအနေများကို ဖြေရှင်းနိုင်ရန် မလွယ်ကူသည့် အနေအထား ဖြစ်သည်။

“ဗိုလ်ချုပ်ဈေးလို နေရာမျိုးက အဆောက်အအုံတွေ အဆင့်မြှင့်ဖို့၊ ပြင်ဆင်ဖို့ လုပ်မယ်ဆိုတာဟာ လုံး၀ မဖြစ်သင့်ပါဘူး။ ဒီလိုလုပ်ဆောင်တာဟာ သွယ်ဝိုက်ပြီးတော့ ကန်ထရိုက်တွေကို လုပ်ပိုင်ခွင့်ပေးလိုက်သလို ဖြစ်ပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာ ငွေကိုသုံးပြီး ပြည်သူအတွက် ဘာမှထိရောက်မှု အကျိုးရှိမှုမဖြစ်ရင် ဒါဟာ Mismanagement ဖြစ်တယ်။ Corruption လည်း ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ပြည်သူတွေစီက အခွန်ကောက်ပြီး ပြည်သူ့ဘတ်ဂျက်နဲ့လုပ်မယ့် စီမံကိန်းတွေကို သေသေချာချာ စဉ်းစားသုံးသပ် လုပ်ဆောင်ပါလို့ တိုက်တွန်းချင်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဝေဖန်သုံးသပ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံ၏ဘဏ္ဍာငွေများအား အများပြည်သူအတွက် အမှန်တကယ်လိုအပ်သည့် နေရာများ၌ စနစ်တကျသုံးစွဲနိုင်ရေးမှာ များစွာအရေးပါပြီး ပြည်သူတို့အတွက် မှန်ကန်သည့် ပြုပြင်ပြောင်းလဲမှုမှာ တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှုအပေါ်တွင် မူတည်နေမည် ဖြစ်သည်။

Most Read

Most Recent