<

School Bus အစီး ၂၀၀ ၀ယ်ယူရာတွင် ကျပ် ၁၀ ဘီလျံကျော် ကုန်ကျခဲ့ဟု သိရ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၀ယ်ယူထားသည့် ကျောင်းကားများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

School Bus အစီး ၂၀၀ ၀ယ်ယူရာတွင် ကျပ် ၁၀ ဘီလျံကျော် ကုန်ကျခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“ကျွန်မတို့ မထသ ကနေ လွှဲပြောင်းရယူခဲ့တဲ့ မြန်မာကျပ်ငွေ သိန်းပေါင်း ခြောက်သောင်းကျော်ထဲကနေ ယခင် မထသ ၀န်ထမ်းများကို လုပ်သက်ဆုကြေး သိန်းပေါင်းတစ်သောင်းကျော် ပေးအပ်ပြီး ကျန်ရှိတဲ့ သိန်းပေါင်း ငါးသောင်းနဲ့ ၀ယ်ယူပါတယ်။ သို့သော်လည်း School Bus အစီး ၂၀၀ အတွက် ကုန်ကျငွေက ၁၀ ဒသမ ၅ ဘီလျံဖြစ်တဲ့အတွက် လိုအပ်တဲ့ ငွေ ၅ ဒသမ ၅ ဘီလျံကို ရွှေလက်ကုမ္ပဏီ ထူထောင်တဲ့အခါမှာ အစိုးရနဲ့ ဖက်စပ်ပါဝင်လာတဲ့ ပုဂ္ဂလိကကုမ္ပဏီမှ တာဝန်ယူပါတယ်” ဟု ၀န်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျမှ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုခဲ့သည့် နောက်ထပ်ဖြည့်စွက် ရန်ပုံငွေ ကျပ် သန်း ၇၀ ဘီလျံ ရင်းနှီးမြှုပ်နှံမှုအား အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် မည်သည့် အများပိုင်ကုမ္ပဏီများတွင် မည်ကဲ့သို့သော သဘောတူညီမှုများဖြင့် ရင်းနှီးမြှုပ်နှံခဲ့သည်ကို အသေးစိတ်သိရှိလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ် လိုင်းပေါင်းစုံထိန်းသိမ်းရေးအဖွဲ့(မထသ)မှ ယခု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သို့ လွှဲပြောင်းယူခဲ့သည့် ရန်ပုံငွေ တန်ဖိုးနှင့် ပုံသေပိုင်ပစ္စည်းများ၏ အမျိုးအစားလိုက် စုစုပေါင်းတန်ဖိုး မည်မျှရှိသည်ကို သိရှိလိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအ စိုးရအဖွဲ့မှ ကြီးကြပ်ဝယ်ယူခဲ့သည့် School Bus အစီး ၂၀၀ အား မည်သည့်ဘဏ္ဍာငွေမှ ထုတ်နုတ်သုံးစွဲဝယ်ယူခဲ့သည်ကို တိကျစွာ သိရှိလိုကြောင်း မေးခွန်းနှင့်ပတ်သက်ပြီး ၀န်ကြီးဒေါ်နီလာကျော်မှ ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ကျောင်းကားပြေးဆွဲသည့် ကုမ္ပဏီသည် စီးပွားရေးတွက်ခြင်းကိုက်ခြင်း မရှိမှုကြောင့် ဆက်လက်မပြေးဆွဲနိုင်သည့်အတွက် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ကုန်ကျစရိတ်ကျခံပြီး အစားထိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ တွင် ပြောကြားထားသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောကြပ်တည်းမှုများ ဖြေလျှော့နိုင်ရန်အတွက် ကျောင်းကားများကို ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ ဖြေကြားထားသော်လည်း လက်ရှိအချိန်အထိ ကျောင်းအများစုတွင် ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကျောင်းကားများ စတင်ပြေးဆွဲနိုင်ရန် ဆောင်ရွက်စဉ်က ကျောင်းများတွင် ပြေးဆွဲ နေသည့် ကျောင်းကားများ၊ မိဘများနှင့် သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

December 16, 2017














Copy Protected by Chetan's WP-Copyprotect.