မြန်မာနိုင်ငံ၏ ပထမဦးဆုံး Cable Car ဖြစ်သည့် ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကြိုးရထား စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Cable Car ဖြစ်သည့် ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကြိုးရထား စတင်ဖွင့်လှစ်
Published 15 December 2017

မြန်မာနိုင်ငံ၏ ပထမဦးဆုံး Cable Car ဖြစ်သည့် ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကြိုးရထား (Cable Car) အား ဒီဇင်ဘာလ (၁၅) ရက် နံနက် (၉) နာရီအချိန်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ ကျိုက်ထီးရိုး ကောင်းကင်ကေဘယ်ကြိုးရထား (Cable Car) ဖွင့်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ကျိုက်ထိုမြို့နယ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ Sky Asia ကုမ္ပဏီလီမိတက်နှင့် ရတနာရွှေဆင်ကြီး ကုမ္ပဏီတို့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

"မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော Cable Car လုပ်ငန်းအား အောင်မြင်စွာ တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးကို ပြည်တွင်းပြည်ပ ခရီးသွား ဘုရားဖူးများနဲ့ ဒေသခံ ပြည်သူများ သက်တောင့်သက်သာ စီးနင်း၍ ရေမြေတောတောင် သဘာဝများကို ခံစားပြီးတော့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ကြီးအား ဖူးမြော်ကြည်ညိုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Cable Car လုပ်ငန်းစီမံကိန်း အောင်မြင်ပြီးစီးခဲ့ပြီးဖြစ်လို့ မွန်ပြည်နယ်ရဲ့အထင်ကရ နေရာတစ်ခုအဖြစ် မှတ်တမ်းတင်နိုင်တော့မှာလည်း ဖြစ်ပါတယ်" ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကား ပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် Sky Asia Co.Ltd မှ Managing Director Yoo Sun Ha မှ စီမံကိန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပြီးနောက် သယံဇာတနှင့် သဘာဝပတ်ဝန်းထိန်းသိမ်းရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့မှ Cable Car စတင်လည်ပတ်ရန် စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် ယင်းနောက် Cable Car ဖွင့်ပွဲသို့ တက်ရောက်လာသူများမှ Cable Car အား စီးနှင့်၍ လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

"ဒီစီမံကိန်းကို ကျွန်တော်တို့ (၂၀၁၅) ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့မှာ MIC ရဲ့ ခွင့်ပြုချက်နဲ့ စတင်ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသ ဖြစ်တာရယ်၊ Cable Car တည်ဆောက်တဲ့ နည်းပညာကလည်း မြန်မာနိုင်ငံမှာ ပထမဆုံး ဖြစ်တာရယ်၊ မြန်မာအင်ဂျင်နီယာတွေ အနေနဲ့ကလည်း အတွေ့အကြုံ မရှိသေးတော့ အခက်အခဲတွေ အများကြီး ရှိခဲ့ပါတယ်။ ရာသီဥတု အခြေအနေကလည်း ရှိသေးတယ်။ ဒါပေမယ့် မြန်မာအင်ဂျင်နီယာတွေကို ပြင်သစ်က Cable Car ကုမ္ပဏီဖြစ်တဲ့ Poma ကုမ္ပဏီက လာပြီးတော့ သင်တန်းတွေ ပေးပါတယ်။ အဲ့ဒီလို သင်တန်းတွေပြီးမှ Cable Car တည်ဆောက်မှုကို လက်တွေ့အကောင်အထည် ဖေါ်ရတဲ့အတွက်ကို အချိန်နည်းနည်း ပိုကြာသွားတာပါ" ဟု ကျိုက်ထီးရိုးကောင်းကင် ကေဘယ်ကြိုးရထား (Cable Car) စီမံကိန်းမှ အဆောက်အဦးပိုင်းကို တာဝန်ယူ တည်ဆောက်ပေးခဲ့သည့် ရတနာရွှေဆင်ကြီး ကုမ္ပဏီမှ Construction Director ဦးနောင်ရဲအောင်က ပြောကြားသည်။

Cable Car စီးနှင်းခနှုန်းထားအဖြစ် တစ်ဦးလျှင် အတက် (၃၀၀၀) ကျပ်နှုန်း၊ အဆင်း (၃၀၀၀) ကျပ်နှုန်း သတ်မှတ်ထားပြီး နိုင်ငံခြားသား တစ်ဦးလျှင် အတက် (၁၀) ဒေါ်လာ၊ အဆင်း (၁၀) ဒေါ်လာ သတ်မှတ်ထားကြောင်း၊ Ticket တွေမှာလည်း ခရီးသွားအာမခံ ပါဝင်ပြီး IKBZ နှင့် ချိတ်ဆက်ကာ အာမခံအတွက် စီစဉ်ပေးထားကြောင်း၊ Cable Car ပေါ်မှတဆင့် ကျိုက်ထီးရိုးတောင်တော် အနီးဝန်းကျင် ရှုခင်းများအား ကြည်ရှု့ခံစားကြရမည် ဖြစ်ကြောင်း ဦးနောင်ရဲအောင်က ဆက်လက်ပြောကြားသည်။

"Cable Car စီးရတာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ရှိပါတယ်။ ပြည်တွင်း ပြည်ပက ဘုရားဖူးတွေအားလုံး ဒီ Cable Car စီးရင်းနဲ့သဘာဝအလှတွေကို ခံစားကြည့်ဖို့Cable Car စီးကြည့်ဖို့ဖိတ်ခေါ်လိုပါတယ်" ဟု ဘုရားဖူ တစ်ဦးဖြစ်သူ ဦးစိုးသီဟက ပြောကြားသည်။

အဆိုပ ါစီမံကိန်းအား Sky Asia Co, Ltd  မှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး၊ စီမံကိန်းမှာ အမေရိကန်ဒေါ်လာ သန်း (၂၀) ကျော်ကုန်ကျမည်ဖြစ်ရာ၊ MIC မှ နှစ် (၅၀) B.O.T စနစ်ဖြင့် လုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားကြောင်း၊ Main Station ကနေ Return Station အထိကို (၉၅၅.၃၈) မီတာရှည်ကြောင်း၊ Main Station မှာ တာဝါတိုင် (၂) တိုင်၊ Return Station မှာတာဝါတိုင် (၂) တိုင်၊ အလယ်မှာ တာဝါတိုင် (၇) တိုင်ဖြင့် တည်ဆောက်ထားကြောင်း၊ ရသေ့တောင်မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် ရင်ပြင်တော်အနီးသို့ ပြေးဆွဲမည့် ကောင်းကင်ကေဘယ်ကြိုးရထား (Cable Car) အတွဲ (၄၄) တွဲ အနက် (၄၃) တွဲ ပြေးဆွဲမည်ဖြစ်ပြီး (၁) တွဲအား အရံအဖြစ် ထားရှိသွားမည်ဖြစ်ကြောင်း၊ (၁) တွဲလျှင် လူ (၈) ယောက်ခန့်စီးနိုင်ပြီး အများဆုံး ကြာချိန်မှာ (၈) မိနစ် မှ (၁၅) မိနစ်အတွင်း ဖြစ်၍ လူအနည်းအများအပေါ် မူတည်၍ အချိန်အား ထိန်းညှိပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထီးရိုး Cable Car စီမံကိန်းအား (၂၀၁၅) ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်အမှတ် (၈၈၆/၂၀၁၅) ဖြင့် (၂.၁.၂၀၁၅) ရက်စွဲပါ ခွင့်ပြုချက်ဖြင့် Sky Asia ကုမ္ပဏီလီမိတက်မှ သစ်တောဦးစီးဌာနရှိ မြေ (၁၃.၅) ဧကကို တစ်နှစ်လျှင် တစ်ဧက ကျပ် (၁) သိန်းနှုန်းဖြင့် ငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent