ကြေးနီစီမံကိန်းကိစ္စ လက်ပံတောင်းတောင် ဒေသခံများ၏ တောင်းဆိုချက်များပါ တိုင်ကြားစာကို လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်ရေးအသင်းက တရုတ်သံရုံးသို့ ပေးပို့ရာ သံရုံးက ရဲမှတစ်ဆင့်ပို့ခိုင်း၍ စာမပေးဘဲ ပြန်ယူလာ

ကြေးနီစီမံကိန်းကိစ္စ လက်ပံတောင်းတောင် ဒေသခံများ၏ တောင်းဆိုချက်များပါ တိုင်ကြားစာကို လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်ရေးအသင်းက တရုတ်သံရုံးသို့ ပေးပို့ရာ သံရုံးက ရဲမှတစ်ဆင့်ပို့ခိုင်း၍ စာမပေးဘဲ ပြန်ယူလာ
Published 15 December 2017

ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ လက်ပံတောင်းတောင်ဒေသခံများ၏ တောင်းဆိုချက်ပါ တိုင်ကြားစာကိစ္စ တရုတ်သံရုံးရှေ့တွင် လုံခြုံရေးတာဝန်ကျရဲများနှင့် ဒီဇင်ဘာ ၁၄ ရက် ညနေက တွေ့ဆုံစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်ရေးအသင်းက လက်ပံတောင်းတောင်ဒေသခံများ၏ တောင်းဆိုချက်များပါ တိုင်ကြားစာကို ဒီဇင်ဘာ ၁၄ ရက်က တရုတ်သံရုံးသို့ သွားရောက်ပေးပို့စဉ် သံရုံးကရဲမှ တစ်ဆင့်ပေးရန် ပြောဆိုသဖြင့် စာကိုမပေးဘဲ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင် အကျိုးစီးပွား ကာကွယ်ရေးအသင်းမှ ဒေါ်နော်အုန်းလှ အပါအဝင် ၁၀ ဦးခန့်သည် ဒီဇင်ဘာ ၁၄ ရက် ညနေ ၄ နာရီခန့်တွင် ကြေးနီစီမံကိန်းကိစ္စ တိုင်ကြားစာကို တရုတ်သံရုံးသို့ သွားရောက်ပြီးပေးရန် ပြုလုပ်စဉ် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူက လက်ခံရယူထားမည် ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

“ကျွန်မတို့စာကို တရုတ်သံရုံးခန်းကို သွားပေးတယ်။ ကျွန်မတွေ့ချင်တာ သံရုံးတာဝန်ကိုပါ။ သံရုံးတာဝန်ခံ မဟုတ်ရင် အဆင်မပြေပါဘူး။ သံရုံးကိုလာတာက စာပေးချင်လို့လာတာ။ ရဲကိုပေးချင်လို့လာတာ မဟုတ်ပါဘူး။ ရဲကတစ်ဆင့်တော့ သူတို့က ပေးခိုင်းတယ်။ အဲဒီလို မလုပ်ချင်ပါဘူး။ ရဲကိုပေးချင်ရင် ရဲစခန်းသွားမှာပါ။ ကျွန်မတို့နိုင်ငံမှာ သံရုံးလာဖွင့်ထားတယ်။ ကျွန်မတို့ နိုင်ငံနစ်နာရတဲ့ အကြောင်းရင်းကို သိစေချင်လို့ စာလာပေးတာကို လက်မခံနိုင်ဘူးဆိုရင် ဆက်လက်ပြီး ဆန္ဒပြမှာပါ။ သံရုံးကိုဆန္ဒပြမှာပါ” ဟု ဒေါ်နော်အုန်းလှက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “အဓိကက တောင်သူတွေ နစ်နာတာကို တိုင်ကြားခြင်းပါ။ အဲဒီမှာ ဖြစ်ခဲ့တာကို ယခင်အစိုးရရော အခုအစိုးရရော ဘာမှဖော်ဆောင်ပေးခြင်း မရှိပါဘူး။ ကုမ္ပဏီကလည်း စုံ/ကော် အစီရင်ခံစာကို မလိုက်နာလို့ အရေးယူပေးဖို့လည်း ပါပါတယ်။ မလိုက်နာတဲ့အပြင် သူတို့ကုမ္ပဏီမှာရှိတဲ့ ရေဆိုးတွေကို စွန့်ထုတ်တယ်။ အဲဒီတော့ ဒေသခံတွေ စိုက်ပျိုးမှုတွေ ပျက်စီးတယ်။ တရုတ်နိုင်ငံက သမ္မတကို သိစေချင်တာလည်းပါတယ်။ သက်ဆိုင်ရာဌာနအစုံကို စာနဲ့တိုင်မှာပါ” ဟု ပြောကြားသည်။

ထိုသို့ စာလာပေးသည့် အချိန်တွင် ရဲလုံခြုံရေးများ ချထားသော်လည်း အဆိုပါ လုံခြုံရေးများမှာ ပုံမှန်လုံခြုံရေးသာဖြစ်ကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်ပံတောင်းတောင်ရှိ ဦးပိုင်နှင့် ဝမ်ပေါင်ကုမ္ပဏီမှာ လက်ရှိအချိန်တွင် စုံခုံအစီရင်ခံစာအတိုင်း လက်ခံမည်ဟု ပြောဆိုခဲ့သော်လည်း လိုက်နာခြင်းမရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီကလည်း ဒေါ်နော်အုန်းလှနှင့် လက်ပံတောင်းတောင်ဒေသခံများ အပါအဝင် ၁၂ ဦးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်သည့် နေအိမ်သို့ တွေ့ဆုံရန် လာရောက်ခဲ့ပြီး သက်ဆိုင်ရာ အရာရှိတစ်ဦးက ဝင်ခွင့်မရကြောင်း ပြောဆိုသော်လည်း လာရောက်တွေ့ဆုံသူများက ရဲတပ်ဖွဲ့ဝင်ခွင့် မပေးခြင်းလား၊ ဒေါ်အောင်ဆန်းစုကြည်မှ ဝင်ခွင့်မပေးခြင်းလားဟု မေးခွန်းထုတ်ခဲ့ကြကြောင်း သိရသည်။

ယင်းသို့ မေးခွန်းထုတ်သည့်အပေါ် တာဝန်ကျရဲမှူး ရောက်ရှိလာပြီး လုံခြုံရေးအရ ရဲတပ်ဖွဲ့မှ ဝင်ခွင့်မပေးခြင်းဖြစ်ပြီး ၎င်းတို့ပေးချင်သည့်စာအား နိုင်ငံတော်၏အတိုင်ပင်ခံရုံးသို့ ရောက်ရှိအောင် ပေးပို့မည်ဟု တာဝန်ယူကာ အဆိုပါတိုင်ကြားစာကို လက်ခံရယူခဲ့သည်။

“အဓိက နစ်နာတဲ့ဒေသခံတွေက အခုချိန်အထိ အစားထိုးမြေလည်း မရသေးဘူး။ လုံးဝလျော်ကြေးမယူတဲ့သူတွေက သီနှံလျော်ကြေးတောင်းတာလည်း အခုချိန်အထိ မပြေလည်သေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း စုံခုံအစီရင်ခံစာအတိုင်း လက်ခံမယ်ဆိုပြီး ဦးပိုင်၊ ဝမ်ပေါင်ကလည်း အခုကပိုဆိုးလာတဲ့အခါ အခုသိအောင် လာပြောခြင်း ဖြစ်ပါတယ်။ ပါးစပ်နဲ့လည်း ပြောချင်တယ်။ စာလည်းပေးမယ်ပေါ့နော်။ အစီရင်ခံစာအတိုင်းလုပ်မယ်။ ကမ္ဘာသိအောင်၊ နိုင်ငံသိအောင်လုပ်မယ် ကြေငြာထားပြီးမှ ဦးပိုင်၊ ဝမ်ပေါင်အခု အချိန်အထိ မလိုက်နာဘူး။ ဒါကိုလည်း ဘယ်လိုဆောင်ရွက်ပေးမယ် ဆိုတာကိုလည်း သိချင်တယ်။ လက်ရှိဒေသခံတွေက အခုဆိုလို့ရှိရင် ခြိမ်းခြောက်မှု ခဏခဏဖြစ်တယ်။ အခုဆို ပြောင်းရွှေ့ခိုင်းပြန်ပြီ။ ဒါတွေကလည်း ဖိအားပေးတာကိုသိအောင် လာပြောချင်လို့ လာကြတာ ဖြစ်ပါတယ်။ ကိုယ့်အစိုးရမို့လို ကိုယ်အသိပေးချင်လို့ လာတာဖြစ်ပါတယ်” ဟု လက်ပံတောင်း အကျိုးစီးပွားကာကွယ်ရေးအသင်း (ရန်ကုန်)မှ ဒေါ်နော်အုန်းလှက ပြောကြားသည်။

Most Read

Most Recent