စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ (ကွန်ဒို) နည်းဥပဒေတွင် နိုင်ငံခြားသားများအား စုပေါင်းပိုင် အဆောက်အအုံ ကြမ်းခင်းဧရိယာ၏ ရာခိုင်နှုန်း ၄၀ ရောင်းချနိုင်ပြီး အိမ်ခန်းများ၏ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူသူတစ်ဦးတည်း၏ အမည်ဖြင့် မှတ်ပုံတင်ခွင့်ရှိသည်ဟု ထည့်သွင်းပြဋ္ဌာန်းထား

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ (ကွန်ဒို) နည်းဥပဒေတွင် နိုင်ငံခြားသားများအား စုပေါင်းပိုင် အဆောက်အအုံ ကြမ်းခင်းဧရိယာ၏ ရာခိုင်နှုန်း ၄၀ ရောင်းချနိုင်ပြီး အိမ်ခန်းများ၏ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူသူတစ်ဦးတည်း၏ အမည်ဖြင့် မှတ်ပုံတင်ခွင့်ရှိသည်ဟု ထည့်သွင်းပြဋ္ဌာန်းထား
Published 15 December 2017

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာအား စက်တင်ဘာလအတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ (ကွန်ဒို) နည်းဥပဒေတွင် နိုင်ငံခြားသား လုပ်ငန်းရှင်များအနေဖြင့် တည်ထောင်သူအပြင် ပူးတွဲတည်ထောင် ရင်းနှီးမြှုပ်နှံခွင့် ထည့်သွင်းထားပြီး နိုင်ငံခြားသားများအား စုပေါင်းပိုင် အဆောက်အအုံကြမ်းခင်း ဧရိယာ၏ ရာခိုင်နှုန်း ၄၀ ရောင်းချနိုင်ကာ အိမ်ခန်းများ၏ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူသူတစ်ဦးတည်း၏ အမည်ဖြင့် မှတ်ပုံတင်ခွင့်ရှိသည်ဟု ထည့်သွင်းပြဋ္ဌာန်းထားကြောင်း သိရသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနရုံး၌ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေနှင့်ပတ်သက်ပြီး မိတ်ဆက်ရှင်းလင်းစဉ် မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးသီတာက ပြောကြားခြင်း ဖြစ်သည်။

စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ နည်းဥပဒေတွင် ပူးတွဲတည်ထောင်သူ နိုင်ငံခြားသား ရောင်းချပိုင်ခွင့်ရှိသည့် အခန်းများကို မှတ်ပုံတင်အရာရှိမှတစ်ဆင့် စီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရမည်ဖြစ်ကြောင်း၊ အိမ်ခန်းများကို နိုင်ငံခြားသားသို့ ရောင်းချရာတွင် စုပေါင်းပိုင်အဆောက်အအုံ၏ ရောင်းချ၍ရသော စုစုပေါင်းကြမ်းခင်းဧရိယာ၏ ရာခိုင်နှုန်း ၄၀ ထက်မပိုစေရ။ မှတ်ပုံတင်အရာရှိထံတွင် ဦးစွာစုံစမ်းပြီးမှ ရောင်းချနိုင်သည်ဟု ထည့်သွင်းပြဋ္ဌာန်းထားကြောင်း သိရသည်။

ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံ၏ အိမ်ခန်းများကို အနည်းဆုံး ၇၅ ရာခိုင်နှုန်းကို ဝယ်ယူသူထံသို့ ရောင်းချရမည်ဖြစ်ကြောင်း၊ အိမ်ခန်းများ၏ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူသူ တစ်ဦးတည်း၏အမည်ဖြင့် မှတ်ပုံတင်ခွင့်ရှိသည်ဟု နည်းဥပဒေတွင် ထည့်သွင်းထားကြောင်း ဒေါ်မိုးသီတာက ပြောကြားသည်။

ဒေါ်မိုးသီတာက “စုပေါင်းပိုင် အဆောက်အအုံနဲ့ပတ်သက်ပြီး မူလဥပဒေမှာပါရှိတဲ့ နိုင်ငံခြားသားကို ၄၀ ရာခိုင်နှုန်းရောင်း ချခွင့်ပြုမယ်ဆိုတဲ့ အပိုဒ်ပါရှိပြီးသား ဖြစ်ပါတယ်။ ဒီဟာကို အထောက်အပံ့ဖြစ်ဖို့အတွက် နည်းဥပဒေမှာ တချို့သောအချက်လေးတွေကို ထပ်ပြီးဖြည့်စွက်ဖော်ပြထားပါတယ်။ စုပေါင်းပိုင်ဥပဒေမှာတော့ နိုင်ငံခြားသားလို့ဆိုတဲ့နေရာမှာ ပြည်တွင်းမှာအလုပ်လုပ်နေတဲ့ နိုင်ငံခြားသားသာမက ပြည်ပမှာရှိနေတဲ့ နိုင်ငံခြားသားတွေ ပြည်ပမှာပိုက်ဆံရှိပြီးတော့ ပြည်တွင်းမှာ လာပြီးရင်းနှီးမြှုပ်နှံချင်တဲ့သူတွေပါ ရင်းနှီးမြှုပ်နှံလို့ရအောင်ဆိုပြီးတော့ နိုင်ငံခြားသားဆိုတဲ့နေရာမှာ အကန့်အသတ်ကို တတ်နိုင်သမျှလျှော့ချထားပါတယ်။ အဲဒါကတော့ နိုင်ငံသားမဟုတ်တဲ့သူ၊ ဧည့်နိုင်ငံသား မဟုတ်တဲ့သူ၊ နိုင်ငံသားပြုခွင့်မရသော သူဆိုလို့ရှိရင် မည်သည့်နိုင်ငံခြားသားမဆို ပြည်တွင်းမှာရှိနေတဲ့ ကွန်ဒိုမီနီယံကို ဝယ်ယူခွင့်ရှိပါတယ်။ သို့သော်လည်း ဒီနိုင်ငံခြားသား ဝယ်ယူမယ်ဆိုလို့ရှိရင်တော့ ဘာနဲ့ဝယ်ယူရမလဲဆိုရင် နိုင်ငံခြားမှတရားဝင်ငွေလွှဲပို့သော နိုင်ငံခြားငွေနဲ့သာ ဝယ်ယူခွင့်ရမှာပါ။ နိုင်ငံခြားသားကို ၄၀ ရာခိုင်နှုန်းထက် ပိုမရောင်းရဆိုတဲ့အချက်ကို မကျော်စေဖို့အတွက် နိုင်ငံခြားသားသည် မှတ်ပုံတင်အရာရှိထံမှာ လာရောက်စုံစမ်းရပါမယ်။ နိုင်ငံခြားသားကို ရောင်းတိုင်းရောင်းတိုင်းမှာ မှတ်ပုံတင်အရာရှိထံမှာ တင်ပြရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားသားအနေနဲ့ မြေပိုင်ဆိုင်ခွင့်ကို ပေးမလား မပေးဘူးလားဆိုတာကတော့ အခုချိန်ထိ မပြတ်သေးပါဘူး။ မပြတ်တဲ့အတွက် နိုင်ငံခြားသားရဲ့ ပိုင်ဆိုင်ခွင့်သက်တမ်းကို ပြန်ပြီးကန့် သတ်လိုက်ရပါတယ်။ အဲဒါကတော့ စုပေါင်း ပိုင်အဆောက်အအုံရဲ့ သက်တမ်းကာလအတွင်းသာ ပိုင်ဆိုင်ခွင့်ရှိတယ်လို့ဖော်ပြပြီး ကန့်သတ်ထားပါတယ်။ နိုင်ငံခြားသားဟာ တည်ထောင်သူအဖြစ်နဲ့ ရပ်တည်လို့ရပါတယ်။ ပူးတွဲတည်ထောင်သူအဖြစ်နဲ့လည်း ရပ်တည်လို့ရပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်ရယူရပါမယ်။ အိမ်ခန်းတွေရဲ့ ၂၅ ရာခိုင်နှုန်းလို့ သတ်မှတ်ထားတာကတော့ တစ်ဦးတစ်ယောက်က အိမ်ခန်းအကုန်လုံးကို ထိန်းချုပ်လို့မရအောင်လို့ပါ” ဟု ပြောကြားသည်။

ထို့ပြင် စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများအား အခြားနည်းသုံးစွဲရာတွင် စီးပွားရေးအတွက်အသုံးပြုမည့် အိမ်ခန်းများ ပါဝင်ပါက လူနေအိမ်ခန်းများနှင့် တစ်ထပ်တည်း ရောနှောဆောက်လုပ်ခြင်းမပြုရန်နှင့် ဝင်ထွက်ပေါက်သီးခြားထားရှိရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ စီးပွားရေးအတွက် အသုံးပြုမည့် အိမ်ခန်းများ၏ အမျိုးအစား၊ အကျယ်အဝန်း၊ ဖွဲ့စည်းပုံနှင့် စုစုပေါင်းအရေအတွက်ကို ဖော်ပြရန်၊ စီးပွားရေးအတွက် အသုံးပြုမည့် အိမ်ခန်းများတွင် စားသောက်ဆိုင်များပါဝင်လျှင် ဆောက်လုပ်မည့် ပုံစံရေးဆွဲရာတွင်လည်းကောင်း၊ ဆောက်လုပ်မည့် နည်းစနစ်အရသော်လည်းကောင်း နေထိုင်သူများကို အနှောင့်အယှက်မဖြစ်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးရမည်။ စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သူသည် အခြားနည်းသုံး စွဲမည့်အိမ်ခန်းများပါဝင်ကြောင်း ဝယ်ယူသူကို ကြိုတင်အသိပေးပြီး သိရှိသဘောတူကြောင်း ကြိုတင်ကတိပြုချက်ရယူထားရမည်ဟု နည်းဥပဒေတွင် ထည့်သွင်းထားကြောင်း သိရသည်။

စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေအား ပြည်ထောင်စုလွှတ်တော်က ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်က ဥပဒေ အမှတ် ၂၄ ဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊ နည်းဥပဒေအား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် ပြည်ထောင်စု အစိုးရအစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

စုပေါင်းပိုင် အဆောက်အအုံ ဆောက်လုပ်ခွင့်နှင့်ပတ်သက်ပြီး မှတ်ပုံတင်မှုများအား ၂၀၁၈ ခုနှစ် ဇန်နဝါရီအတွင်းတွင် စတင်မှတ် ပုံတင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိတွင် Shwe Taung Development ကုမ္ပဏီမှ စုပေါင်းပိုင် အဆောက်အအုံဆောက်လုပ်ရန် ကမ်းလှမ်းထားကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။

 

Most Read

Most Recent