<

မြန်မာနိုင်ငံ၌ သုံးကောင်သာ ကျန်ရှိတော့သော မျိုးသုဉ်းရန် အလွန်နီးစပ်နေသည့် သောင်လိပ်အား မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် တွေ့ရှိခဲ့ပြီး မျိုးဆက်ပြန့်ပွားနိုင်ရန် ဆောင်ရွက်နေ

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာရှိ ရှင်ဥပဂုတ္တ ဘေးမဲ့ကန်၌ရှိသော သောင်လိပ်အား တွေ့ရစဉ်

မြန်မာနိုင်ငံတွင် သုံးကောင်သာ ကျန်ရှိတော့သော သောင်လိပ် (ရေငန်လိပ်) အား မျိုးဆက်ပြန့်ပွားနိုင်စေရန် ဆောင်ရွက်နေကြောင်း သိရသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားရှိ ရေကန်တွင် သောင်လိပ်တစ်ကောင်နှင့် မွန်ပြည်နယ် ဘီလူးကျွန်း ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ရေကန်တွင် သောင်လိပ် အထီး၊ အမ နှစ်ကောင်ရှိရာရွာ လွတ်ကျေးရွာရှိ သောင်လိပ်များအား မျိုးဆက်ပြန့်ပွားနိုင်စေရန် ဆောင်ရွက်နေကြောင်း WCS/TSA လိပ်မျိုးဆက် ရှင်သန်ရေးအဖွဲ့မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်ကလျာ၏ ပြောကြားချက်အရ သိရသည်။

“ရန်ကုန် ဗိုလ်တထောင်ဘုရားက သောင်လိပ်ကတော့ သောင်လိပ်အမပေါ့။သူ့ကို မျိုးဆက်ပြန့်ပွားအောင်လုပ်ဖို့ တောင်းတော့ ဘုရားဂေါပကတွေက မပေးဘူး။ နောက်တော့ ရွာလွတ်ကျွန်းက ဘုန်းကြီးကျောင်း ဘုရားကန်မှာ အထီး၊ အမ တစ်စုံထပ်တွေ့တော့ မျိုးဖောက်ဖို့ ထပ်တောင်းတော့လည်း မပေးဘူး။ သူတို့ကလည်း သူများဘေးမဲ့ လွှတ်ထားတာဆိုတော့ ပေးလို့မရဘူးဆိုပြီး ဘုရားဂေါပကတွေက မပေးတော့ အခုအဲဒီနေရာမှာ သောင်ပြင် သွားဆောက်ပေးတာ။ သူတို့ဥချင်ရင် ဥလို့ရအောင်ပေါ့။ နဂိုက သူတို့နေတဲ့ရေကန်က ရေတွေချည်းပဲ ဆိုတော့ သူတို့ဥချင်ရင် တောင်ရေထဲ ဥချရတာဆိုတော့ ဘာအကောင်မှ မပေါက်နိုင်ဘူးလေ။ ဥတွေက ရေထဲကျရင် ဘာမှမထူးဘူး။ ပုပ်ကုန်မှာပဲ။ အထဲက သန္ဓေသားက ဖွံ့ဖြိုးခွင့် မရတော့ဘူး။ နောက်ပြီး ဘုရားကန်ဆိုတော့ ဘာပဲဖြစ်ဖြစ် ငါးတွေဘာတွေလည်း ရှိတာဆိုတော့ ဥတွေက ဘယ်လိုမှ သားပေါက်ဖို့ အခွင့်အရေး မရှိဘူး။ ဒါကြောင့် အခု သဲသောင်ပြင် ဆောက်ပေးလိုက်တော့ သူတို့ဥရင် သန္ဓေအောင်တဲ့ သားလောင်းတွေ ပေါက်နိုင်တာပေါ့” ဟု ဒေါ်ကလျာက ဆိုသည်။

ငါးအလွန်အကျွံ ဖမ်းဆီးမှု၊ သစ်တောများပြုန်းတီးမှု၊ မြစ်ရေမသန့်ရှင်းမှုနှင့် သောင်လိပ်များဥချရာ သောင်ပြင်များ ပျက်စီးပျောက်ဆုံး လာမှုတို့ကြောင့် မြန်မာနိုင်ငံရှိ သောင်လိပ်များ မျိုးသုဉ်းသွားခဲ့သည်မှာ အနှစ် ၂၀ နီးပါးခန့် ရှိလာပြီဖြစ်ကြောင်း ဒေါ်ကလျာ၏ ပြောကြားချက်အရ သိရသည်။

“အစ်မတို့ Survey စလုပ်ချိန် ၁၉၉၉ ခုနှစ်လောက်ကစပြီး အခုအချိန်အထိ သောင်လိပ်ကို အသက်ရှင်လျက် တွေ့ဖူးတာဆိုလို့ အဲဒီသုံးကောင်ပဲ ရှိသေးတယ်။ ကျန်တာတွေက အသေတွေ အခွံတွေပဲ မြင်ဖူးတာ။ မြန်မာနိုင်ငံမှာ သောင်လိပ်တွေ မျိုးပြုတ်သွားတာ ဆယ်စုနှစ်တစ်ခုကျော် အနှစ် ၂၀ နီးပါး ရှိနေပြီပေါ့။ သူတို့ အဓိက မျိုးပြုတ်ရတဲ့ အကြောင်းရင်းတွေကတော့ ငါးဖမ်းပိုက်တွေနဲ့ ငါးအလွန်အကျွံဖမ်းတာ။ သူတို့နေတဲ့ နေရာတွေက ငါးသလောက် နေတဲ့နေရာ ပေါ်တဲ့နေရာနဲ့ အတူတူပဲ။ ဒီတော့ ငါးဖမ်းပိုက်တွေနဲ့ အလွန်အကျွံ ဖမ်းတဲ့အခါ ပိုက်မှာငြိပြီး သေကြရတယ်။ နောက်ပြီး သူတို့စားတဲ့ လမုသီးတွေလည်း အရမ်းရှားပြီး လမုတောတွေလည်း ပြုန်းကုန်တယ်။ မီးသွေးဖုတ်တာ၊ ဆားကွင်းလုပ်တာ၊ နောက်ပြီး ကျားပုစွန် မွေးမြူရေးတွေလုပ်တာ စတာတွေက အရမ်းလုပ်လာကြတော့ သူတို့ရဲ့ စားကျက်တွေ ပျောက်ကုန်တာပေါ့။ နောက်တစ်ချက်က သူတို့ဥဥချတဲ့ သောင်ပြင်တွေလည်း ပျက်စီးကုန်တာ။ မြစ်ဖျားပိုင်းဒေသမှာ တောင်ပြိုတာ၊ သစ်တောပြုန်းတီး တာတွေကြောင့် ရေအရမ်းကြီးပြီး ရေထဲမှာ နုန်းတွေအရမ်းပါလာတယ်။ အဲဒါတွေက ဘယ်မှာသွားစုသလဲဆိုတော့ ရာဝတီမြစ်ဝကျွန်းပေါ် ဒေသမှာ အကုန်သွားပုံတယ်လေ။ အဲဒီလို ရွှံ့ညွန်တွေ သွားပုံတော့ နဂိုကလိပ်တွေ ဥလို့ရတဲ့ သဲသောင်ပြင်တွေက သဲမဖြစ်တော့ပဲ ရွှံ့တွေဖြစ်သွားတာလေ။ ရွှံ့တွေဖုံးသွားတယ်။ နောက်ပြီး ရွှံ့တွေဆိုတော့ သဲလိုမခြောက်တော့ လိပ်က ဘယ်လိုမှ တက်ဥဖို့ မဖြစ်နိုင်တော့ဘူး။ မဖြစ်မနေ ဥရင်လည်း အဲဒီအစို ဓာတ်ကြီးနဲ့ဆိုတော့ လိပ်ဥတွေ ပုပ်ကုန်တော့တာပေါ့။ လိပ်ဥဆိုတာက ရေ၀င်ထွက်လို့ရတယ်။ အဲဒီအခွံကိုဖြတ်ပြီး သန္ဓေသားလေးက အောက်ဆီဂျင်ကို ရှူရတာလေ။ အဲဒီအခါကျတော့ အပေါ်ကနေပြီး ရေတွေပါတဲ့ မြေကြီးထဲမှာဆိုရင် ရေတွေဖြတ်ဝင်သွားရင် အထဲက သန္ဓေသားလောင်းက ပွပြီးပုပ်ကုန်မှာပဲ။ နောက်ပြီး အဲဒီလိပ်တွေက အကောင်ကြီးကြီးဆိုတော့ သတ်စားကြတယ်။ ဖမ်းပြီး တရုတ်ပြည်ကို ပို့ကြတယ်။ ပြီးတော့ သူတို့ဥတွေကလည်း ငန်းဥထက်တောင်ကြီးတော့ ဖော်ပြီးစားကြတယ် စတဲ့အချက်တွေကြောင့် မြန်မာနိုင်ငံတွေမှာ သောင်လိပ်တွေ မျိုးပြုတ်ကုန်တာပေါ့” ဟု ဒေါ်ကလျာက ဆိုသည်။

သောင်လိပ်များသည် ရေချို၊ ရေငန်စပ် လိပ်များဖြစ်ကြပြီး ပင်လယ်ရေ ဆားငန်နှုန်း ၁၃ ရာခိုင်နှုန်းခန့်ရှိသော နေရာဒေသများတွင် ရှင်သန်ကျက်စားလေ့ရှိသည်။ သောင်လိပ်များတွင် တောင်ပိုင်းသောင်လိပ်နှင့် မြောက်ပိုင်းသောင်လိပ်ဟု နှစ်မျိုးရှိကာ တောင်ပိုင်းသောင်လိပ်များကို မွန်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတို့တွင် တွေ့ရှိရပြီး မြောက်ပိုင်းသောင်လိပ်များကို ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည် ယ်တို့တွင် ယခင်က တွေ့ရှိရသော်လည်း ယခုအခါ မျိုးသုဉ်းပျောက်ကွယ်လုနီး ရှားပါးလာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကုန်းလိပ်၊ ရေချိုရေငန်လိပ် စုစုပေါင်းမျိုးစိတ် ၂၆ မျိုးရှိပြီး အာရှတိုက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံပြီးလျှင် စတုတ္ထအများဆုံးနိုင်ငံဖြစ်ကာ တစ်ကမ္ဘာလုံး အတိုင်းအတာအရ သတ္တမနေရာတွင် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ လိပ်မျိုးစိတ်များ၏ တစ်ဝက်ခန့်မှာ မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပြီး မျိုးစိတ် ၂၆ မျိုးအနက် ခြောက်မျိုးမှာ မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည့် ဒေသရင်းဖွား မျိုးစိတ်များဖြစ်ကြောင်း သိရသည်။

December 12, 2017














Copy Protected by Chetan's WP-Copyprotect.