<

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုဖြင့် ဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှု ရုပ်သိမ်းပေးရန် လျှောက်ထားမှု ပယ်ချခံရ

ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသော ဆရာတော်ဦးပါမောက္ခအား ဒီဇင်ဘာ ၁၂ ရက် စတုတ္ထအကြိမ် ရုံးထုတ်တွင် တွေ့ရစဉ်

အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနှင့်ပတ်သက်၍ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆို ခံထားရသော ဆရာတော်ဦးပါမောက္ခအား ဒီဇင်ဘာ ၁၂ ရက် နံနက်က စတုတ္ထအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုနေ့ရုံးချိန်း၌ ဆရာတော်ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုတွင် တရားလိုဖြစ်သူ ကမာရွတ်မြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်မှာ လာရောက်ခြင်း မရှိသောကြောင့် အမှုကိုရုပ်သိမ်းပေးရန် လျှောက်ထားမှုကို တရားသူကြီးက စွဲဆိုထားသော ပုဒ်မ ၅၀၅ (ခ) သည် ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်နိုင်သော ပုဒ်မဖြစ်၍ အမှုရုပ်သိမ်းပေးရန် လျှောက်ထားမှုကို ပယ်ချခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုရန် ဦးတိုက်လျှောက်ထားမှုတွင် တရားလိုဘက်မှ လက်မှတ် မမှန်မကန် ဖြစ်သည်ဟုဆိုကာ ဦးတိုက်လျှောက်လွှာကို ရုပ်သိမ်း၍ ဆရာတော်ကို ပြန်လွှတ်ပေးရန် လျှောက်ထားမှုအား တရားသူကြီးက ကြားဖြတ်အမိန့်ချရန် အဆင့်သင့် မဖြစ်သေးသောကြောင့် အမိန်မချဖြစ်ဘဲ ဒီဇင်ဘာ ၂၁ ရက်သို့ ရုံးချိန်းပြန်လည် ချိန်းဆိုခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်က ချိန်းထားတဲ့ကိစ္စက တရားလို မလာတဲ့အတွက်ကြောင့်မို့ အမှုကို ပိတ်သိမ်းပေးဖို့ လျှောက်ထားတာကို ဆုံးဖြတ်တာက နှစ်နှစ်ထောင်ဒဏ်ရှိတဲ့ ပုဒ်မဖြစ်တာကြောင့် လျှောက်ထားချက် လွဲတယ်ဆိုပြီးတော့ သုံးသပ်ပြီးတော့ ပယ်ပါတယ်။ နောက်တစ်ခုက ဦးတိုက်လျှောက်ထားလွှာပေါ်မှာ လက်မှတ်မမှန်မကန် ဖြစ်မှုကြောင့် အမှုကို ပိတ်သိမ်းပြီးတော့ ဆရာတော်ကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက လျှောက်လဲချက် ပေးခဲ့တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အဆင်မပြေသေးတဲ့ အတွက်ကြောင့် လာမယ့်ရုံးချိန်းကျမှ ဆုံးဖြတ်ချက် ချပေးမယ်ဆိုပြီး ရုံးချိန်းကို ဒီဇင်ဘာ ၂၁ ရက်ကို ရုံးချိန်းပေးပါတယ်” ဟု ဦးပါမောက္ခအမှုအား ကူညီဆောင်ရွက်သူများအဖွဲ့ ပြန်ကြားရေး ဦးအောင်မြိုင်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်က ကမာရွတ်မြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ အမေရိကန်သံရုံးရှေ့တွင် မြန်မာနိုင်ငံ၌ ရိုဟင်ဂျာ မရှိကြောင်း ဆန္ဒပြမှုနှင့် ပတ်သက်၍ မကွေးကျောင်းဆရာတော် ဦးပါမောက္ခအား ပုဒ်မ ၁၉၊ ပုဒ်မ ၅၀၅ (ခ) တို့ဖြင့် တရားစွဲဆို ထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက် ဒုတိယအကြိမ် ရုံးထုတ် စစ်ဆေးမှုတွင် ပုဒ်မ ၁၉ အပေါ် ၀န်ခံသဖြင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့သည်။

ဆရာတော် ဦးပါမောက္ခအား အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုနှင့် ပတ်သက်၍ တရားစွဲဆိုကာ ဖမ်းဝရမ်း ထုတ်ပြန်ထားချိန် ဆရာတော်သည် မြောက်ဒဂုံမြို့မရဲစခန်းသို့ နိုဝင်ဘာ ၁၂ ရက်က သွားရောက်၍ အဆိုပါ မြို့နယ်အတွင်းရှိ မြေယာကိစ္စတစ်ခုကို ဆန္ဒပြရန် အကြောင်းကြားစာ သွားတင်ခဲ့ကြောင်း၊ ယင်းအချိန်မှာပင် ဆရာတော်အား ၀ရမ်းအရ မြောက်ဒဂုံမြို့မရဲစခန်းက ထိန်းသိမ်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ရဟန်းသိက္ခာချရန်နှင့် လူဝတ်လဲရန် ဖိအားပေးခဲ့သော်လည်း သိက္ခာချခြင်းကို လက်မခံသဖြင့် လူဝတ်လဲ ဖမ်းဆီးခြင်းခံရပြီး တရားရင်ဆိုင်နေခြင်း ဖြစ်သည်။

December 12, 2017














Copy Protected by Chetan's WP-Copyprotect.